ပုံမှန် မှ ဟုတ်ရဲ့လား ကွယ်

by Hla Soewai - Jul 01 2024

မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ရက်အနည်းငယ်က မိတ္ထီလာ တပ်မြို့သို့ ရောက်လာပြီး ၎င်းအား သစ္စာခံနေဆဲ ဖြစ်သော တပ်ဖွဲ့ဝင်များကို တပ် နှင့် ပြည်သူ "ခွဲခြား၍" မရသည် အထိ လူထု ထောက်ခံမှု ရအောင် ကြိုးစား ရမည်ဟု ပြောဆိုသွားခဲ့ပြန်သည်။

 

ဤသည်က လက်ရှိ ၎င်းတို့ ရောက်နေသည့် အနေအထား နှင့် ဆိုက မိုးထိအောင် မြင့်မားလှသော ရည်မှန်းချက် ကြီးပင် ဖြစ်သည်ဟု အစချီကာ စစ်ကောင်စီ ၏ လှုပ်ရှားမှု တပတ်တာ စောင့်ကြည့်ရေး အစီအစဉ် အဖြစ် ဧရာဝတီ တွင် ဖေါ်ပြထားသည်။

 

တနိုင်ငံလုံးရှိ ပြည်သူများအား ၎င်းတို့ အပေါ် ကြောက်ရွံ့လာ‌ အောင် နည်းမျိုးစုံ သုံး၍ ကမ်ပိန်းတရပ် အသွင် ဆင်နွှဲနေပြီး သုံးနှစ် အတွင်း မထင်လျှင် မထင်သလို ‌လူ ပေါင်း သောင်းချီ၍ ဖမ်းဆီး အကျဉ်းချ ထားနေချိန်တွင် အဘယ်သို့များ ၎င်း ပြောသလို လုပ်၍ ရနိုင်အံ့‌ ပေမည်နည်း။

 

၎င်း အနေဖြင့် သူ့ လူများကို အရင် မေးသင့်သည်က ယခုလို အချိန်တွင် မောင်ရင်တို့ လူကြားထဲ ယူနီဖောင်း ဝတ်၍ ခေါင်းမော့ရင်ကော့ သွားနိုင်ရဲ့လား ဆိုသည် ပင် ဖြစ်သည်။

 

တခုနားလည် ပေး၍ ရသည်ကား ယခု လို အကျအဆုံးများ၊ တပ်ကို စွန့်ခွာ ထွက်ပြေးသူ များ ပြားနေချိန်၊ လူသစ် စုဆောင်းရေး တွင်လည်း အခက်အခဲများ ကြုံနေရချိန်တွင် ရှိသမျှ လူများ တစည်းတလုံးတည်း ရှိနေစေရန် သွားလို့ရသည့် နေရာတိုင်း သွား၍ ဆော်ဩနေရခြင်း ပင် ဖြစ်သည်။

 

ထို့ပြင် ရွေးကောက်ပွဲအား ၂၀၂၅ တွင် လုပ်ပေးမည်ဟု ပြောသွားပြန်သည်၊ ယခုအချိန်သည် စစ်ကောင်စီ သည် နိုင်ငံ တဝက် နီးပါး လက်လွှတ်ခဲ့ရပြီး ၎င်းတို့ လက်ချက်ဖြင့် လူပေါင်း သုံးသန်း ခန့် နေရပ်မှ ထွက်ပြေး‌တိမ်းရှောင်နေရ ချိန်လည်း ဖြစ်သည်။

 

၎င်းတို့အဖို့ ဆုံးရှုံးသွားသော နယ်မြေများကို မယ်မယ်ရရ ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိသည့် အပြင် လက်အောက်ခံ တပ်များ အိမ်နီးချင်း နိုင်ငံများထဲသို့ ပြေးဝင်ခိုလှုံနေရချိန်တွင် အဘယ်ပုံ အဘယ်နည်း လုပ်မည် ဆိုသည်ကိုတော့ ယခုထိ အရိပ်အမြွက်မျှပင် မသိရသေးပေ။

 

၎င်းတို့အဖို့ ကတိဆိုသည်က ဝါဒဖြန့်ချီရေး ဟု သတ်မှတ်ထားကြသူများ ဖြစ်ပြီး နိုင်ငံတကာမှ အထူးသဖြင့် ၎င်းတို့အား ထောက်ခံနေသည့် နိုင်ငံများ၏ ဖိအား များ လျော့ကျသွား‌စေရန် တတွတ်တွတ် ပြောနေခြင်း သာ ဖြစ်သည်။

 

လေ့လာသူများက တော့ လုပ်၍ ရသည့် ရန်ကုန်လို နေရာမျိုး တွင် ကွက်၍ လုပ်သွား နိုင်သည်ဟု ခန့်မှန်းနေကြသည်။

 

တရုတ်ဖက်က ရွေးကောက်ပွဲ ဆိုသည်ကို စိတ်ဝင်စားဟန် မပြတော့ပဲ ရခိုင်ပြည်နယ် အတွင်းရှိ ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှုများ တဖြေး‌ဖြေး ခြိမ်းခြောက်ခံလာရသည့် အဖြစ်အား ရတက်မအေး ဖြစ်လာနေ၍ နေပြည်တော်သို့ အထူးသံတမန် ထပ်၍ စေလွှတ်လာပြန်သည်။

 

Russian dispatch

 

ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှား သံအမတ်ကြီး အစ္စကန်ဒါ အဇီ‌ဇော့မှ ရှမ်းပြည်တောင်ပိုင်း ပင်းပက် သံမဏိ စက်ရုံသို့ သွားရောက်လေ့လာခဲ့သည်။ ဤသည်ကပင် ရုရှားမှ အကူအညီ များ ပေးနေသည့် ကြားမှ စစ်ကောင်စီ အဖို့ စက်ရုံကို အပြီးမသတ် နိုင် ဖြစ်နေသည့် အချက်ကို ပေါ်လွင်သွားစေခဲ့သည်။

 

ထိုစက်ရုံအား အပြီးသတ်ရန် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးချိန်ကစ၍ တွန်းတွန်းတိုက်တိုက် လုပ်နေခဲ့သည်။

 

တောင်ကြီး မြို့ အနီးရှိ အဆိုပါ စက်ရုံ လည်ပတ်နိုင်ရန် စစ်တပ်ပိုင် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း MEC နှင့် ရုရှား၏ Rostec လက်ခွဲ Tyazhpromexport ကုမ္ပဏီ တို့ ပူးတွဲ လုပ်ကိုင်နေခြင်း ဖြစ်သည်။

 

ပင်းပက် သံမဏိ စက်ရုံအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဆက်၍ အကောင်အထည် မဖေါ်ခဲ့မှု အား မင်းအောင်လှိုငိမှ စဉ်းစား ဆင်ခြင်ဉာဏ် မဲ့မှု အဖြစ် မကြာခဏ ဆိုသလို ပြစ်တင် ပြောဆိုနေသော်လည်း တကယ်တမ်း တွင် လုပ်ငန်း ပမာဏ၏ ၉၈.၈၆ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။

 

သုံးနှစ်သာ ကြာလာသော်လည်း မင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့သည် ကျန်ရှိသည့် ၁.၁၄ ရာနှုန်းကို ပြီးစီးအောင် မလုပ်နိုင်ပဲ တိုင်ပတ်နေဆဲ ဖြစ်သည် ကို အထင်အရှား တွေ့မြင်လာရသည်။

 

ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းမှ ကျောင်းထိုင် သက်တော် ၇၈ နှစ်ရှိ အရှင် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ဆရာတော်အား ၎င်းတို့ တပ်ဖွဲ့ဝင်များ ပစ်ခတ်၍ ပျံလွန်တော် မူသွားရှာသည့် တုန်လှုပ် ခြောက်ခြားဖွယ် ဖြစ်ရပ်ဆိုးကြီး နှင့် ပြည်သူတို့ ‌ကြုံခံကြရပြီး ဖြစ်သည်။

 

သို့သော် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး တဦးတည်း သာ ရှားရှားပါးပါး စစ်တပ် လက်ချက် နှင့် ပျံလွန်တော် မူခဲ့ခြင်းတော့မဟုတ်၊ ဆရာတော်ကြီး အပါအဝင် ၎င်းတို့ ကြောင့် ပျံလွန်တော်မူခဲ့သည့် သံဃာတော်အရေအတွက်သည် ၅၂ ပါးရှိသွားပြီဖြစ်သည်ဟု DVB တွင် ဖေါ်ပြထားသည်။

 

သတ်ခံခဲ့ရသည့် ဖြစ်စဉ်ကို ထုတ်ဖော်မိန့်ကြားခဲ့သော မင်္ဂလာဒုံမြို့နယ် ကန်သုံးဆင့်ကျောင်းတိုက်ဆရာတော်၏ ကျောင်းတွင် စစ်သားများ လာရောက် တပ်စွဲထားပြီ ဖြစ်သည်ဟုလည်း DVB သတင်းက ဆိုသည်။

 

ဆရာတော်၏ အဖြစ်မှန်ကို ထုတ်ဖေါ် မိန့်ကြားမှုကြောင့် ဘာမဆို လုပ်ရန် ဝန်မ‌ လေးသည့် စစ်တပ်မှ အညှိုးထား ရန်ရှာမည့် အရေးကို စိုးရိမ်ပူပန် ရမည့် အခြေအနေ ရောက်ရှိလာပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!