ပြောင်းလဲလာမည့် အမေရိကန် သမ္မတ လောင်း များ၏ စကား စစ်ထိုးပွဲ

by Hla Soewai - Jul 01 2024

ယခုနှစ် ပြုလုပ်ရန် ရှိနေသည် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အကြို စကားစစ်ထိုးပွဲ အား လေးနှစ် တခါ တာဝန်ယူနေကျ သမ္မတလောင်း စကားစစ်ထိုးပွဲ ကော်မရှင် Commission on Presidential Debates (CPD) မှ ယခုနှစ် အတွက် ဦးဆောင် ပြုလုပ်ပေးမည့် အလားအလာ မရှိတော့၍ သမ္မတ ဂျိုး ဘိုင်ဒင် မှ ပြိုင်ဖက် ဖြစ်သူ ဒေါ်နယ် ထရန့်အား ၎င်းသတ်မှတ်ပေးမည့် စည်းကမ်းချက်များ ကို သဘော တူမည် ဆိုက စကားစစ်ထိုးပွဲ လုပ်မည်ဟု စိန်ခေါ်လာသည်ကို ဒေါ်နယ် ထရန့်က လက်ခံလိုက်သည်။ 

 

ဤသို့ဖြင့် သမ္မတလောင်းများ စကားစစ်ထိုးပွဲသည် ပြုလုပ်နေကျ စက်တင်ဘာလ ထဲ မဟုတ်တော့ပဲ ပထမ အကြိမ် အဖြစ် ဇွန် လ ၂၇ ရက် နေ့တွင် ထွက်ပေါ်လာမည် ဖြစ်သည်။ 

 

သမ္မတ လောင်းများ စကားစစ်ထိုးပွဲကို စည်းနှင့်ကမ်း နှင့် ပြုလုပ်သွားနိုင်ရန် ပါတီစွဲ ကင်းသူများ ဖြင့် CPD အား ၁၉၈၇ တွင် စတင် ဖွဲ့စည်းလာခဲ့သည်။ ထိုအချိန်တွင် ရုပ်မြင်သံကြား စကား စစ်ထိုး ပွဲများသည် ခေတ်စားလာကာစ အချိန်လည်း ဖြစ်သည်။

 

သမ္မတလောင်းများ စကားစစ်ထိုးပွဲ ဆိုသည်ကို ၁၉၆၀ တွင် ဂျွန် အက်ဖ် ကနေဒီ နှင့် ရစ်ချတ် နစ်ဆင် တို့ မှ စတင်ခဲ့သည်။ ထို့နောက်ပိုင်း ၁၆ နှစ် လုံးလုံး ပြုလုပ်ခဲ့ခြင်း မရှိတော့။ သမ္မတလောင်းများက လူထု ရှေ့မှောက် ငြင်းခုံ ပြောဆိုနေရသည်ကို သိက္ခာကျစရာ အဖြစ် သဘောထား လာခဲ့သောကြောင့် ဟု ဆိုသည်။

 

စကားစစ်ထိုးပွဲများသည် ၁၉၇၆ တွင် ပြန်စလာခဲ့သည်။ အမျိုးသမီး မဲဆန္ဒရှင် များ အသင်းချုပ် မှ ကမကထ ပြု ကာ ကျင်းပလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအဖွဲ့ကြီးသည် ငွေကြေး အရ လည်း ချို့တဲ့နေပြီး ဩဇာသက်ရောက်မှု မရှိဖြစ်နေသည်။

 

 ၁၉၈၄ တွင် စကားစစ်ထိုးပွဲ အတွက် ဒိုင်လုပ်ရန် အဆိုတင်လာသည့် သတင်းစာဆရာ ၁၀၀ ခန့်အား ပါတီကြီး နှစ်ပါတီ မှ တချက်လွှတ် ပယ်ချ ပစ်သည်ကို ခွင့်ပြုပေးခဲ့ရသည်။ နောက်ပိုင်း တွင် ပါတီကြီး နှစ်ပါတီ မှ ပို၍ ဩဇာသက်ရောက် နိုင်မည့် CPD ကို ဒီမိုကရက် နှင့် ရီပတ်ဘလီကင်များ ဖြင့် ဖွဲ့စည်း ပေးလာပြီး ပုဂ္ဂလိက ကုမ္မဏီများ၏ စပွန်ဆာကြေးများ၊ လက်ခံ ကျင်းပမည့် တက္ကသိုလ် များမှ ထည့်ဝင်ငွေများ ဖြင့် ဘတ်ဂျက် များ အမြဲလို ရှိလာခဲ့သည်။

 

၂၀၀၀ ခုနှစ်အတွက် ဒီမိုကရက် သမ္မတ လောင်း ဖြစ်သည့် အယ်ဂိုးသည် ချွေးထွက် လွန်သူ ဖြစ်၍ စကားစစ်ထိုးပွဲ ကျင်းပမည့် ခန်းမ အပူချိန်အား။ 10°C ထက် မကျော်စေရ ဟူသော တောင်းဆိုချက်ကို CPD မှ ပယ်ချခဲ့သည်။

 

CPD သည် တဖြေးဖြေး နှင့် စံနှုန်း စံထားများ သတ်မှတ်ပေးလာနိုင်ခဲ့သည်။ ရွေးကောက်ပွဲ မတိုင်မီ မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲ သုံးပွဲ သတ်မှတ်ပေးလာခဲ့သည်၊ မိနစ် ၉၀ အား ဆယ်ငါးမိနစ် ၆ ကြိမ် ခွဲခြား ပေးထားသည်။ တတိယ ပါတီ ကိုယ်စားလှယ် လောင်းသည် အီလက်တိုရယ် ကောလိပ် သို့ ကိုယ်စားလှယ် စေလွှတ်နိုင်မည့် မဲအရေ အတွက် ရရှိခဲ့လျင် ၎င်း၊ လူကြိုက်များမှု စစ်တမ်း တွင် ၁၅ ရာနှုန်း နှင့် အထက် ရရှိခဲ့လျင် ၎င်း စကား စစ်ထိုးပွဲတွင် ပါဝင်ခွင့် ရရှိသည်။

 

ရီပတ်ဘလီကင် နှင့် ဒီမိုကရက်‌ ပါတီ နှစ် ပါတီ စလုံး က CPD အား မကျေမနပ် ပြောလာကြသည်။ အဓိက အားဖြင့် စကားစစ်ထိုးပွဲကို စောစော ကျင်းပ လိုကြသည်။ ကိုဗစ် ကာလ မှ စတင်ခဲ့သည့် ကြိုတင်မဲများ စော‌ စော မလွှတ်မီ အချိန်မီရန် အတွက် ဖြစ်သည်။ ထရန့် ၏ ရွေးကောက်ပွဲ မဲဆွယ် အဖွဲ့သည် CPD သတ်မှတ်ထားသော စက်တင်ဘာ ၁၆ တွင် ပြည်နယ် ဆယ်ခု မှ ကြိုတင်မဲများ စ ပို့ နေပြီ ဖြစ်သည်ဟု ဆိုကာ ဝေဖန်လာကြသည်။

 

တကယ်တမ်း ၎င်းတို့ တွင် အခြား အကြောင်းများ ရှိနေသည်။ ‌၎င်းတို့၏ သမ္မတ လောင်းများ စကားစစ်ထိုးပွဲ တွင် ‌စကားများ ကသောင်းကနင်း နှင့် အမှား ပါလာတတ်၍ ပြန် အဖတ်ဆယ်နိုင်ရန် အချိန်များများ လိုချင်၍ ဖြစ်သည်။ ရီပတ်ဘလီကင် များကလည်း ၂၀၂၀ စကားစစ်ထိုးပွဲ အတွက် CPD က ရွေးသော ဒိုင်လူကြီးသည် ယခင် ဆယ်စုနှစ် များအတွင်း ဘိုင်ဒင် ထံ တွင် အလုပ်သင် အဖြစ် လုပ်ခဲ့ဖူးသူ ဖြစ်နေသဖြင့် CPD ဘက်လိုက်သည် ဟု စွပ်စွဲလာခဲ့သည်၊ သို့သော် ထိုအချိန်က ထရမ့် သည် ကိုဗစ် ဖြစ်နေ၍ မလုပ်ဖြစ်ခဲ့ပေ။

 

ယခုနှစ် စကားစစ်ထိုးပွဲ အတွက် ဘိုင်ဒင်ဖက်က သတ်မှတ်လာသည့် စည်းကမ်းချက်များကို ကြည့်မည် ဆိုက ၎င်း၏ စိုးရိမ်မကင်း ဖြစ်နေမှု များကို တွေ့လာရသည်။ ပြီးခဲ့သည့် လေးနှစ်က စကားစစ်ထိုးပွဲတွင် ထရန့်သည် ဘိုင်ဒင် နှင့် ဒိုင်လုပ်သူ တို့ အား စကားပြောခွင့် မပေးသ လောက် နီးပါးဆက်တိုက်ဆိုသလို ကြားဖြတ် နှောက်ယှက်နေခဲ့သည်။ ယခုလ တွင် စကားစစ်ထိုးပွဲ အတွက် လက်ခံ ပြုလုပ်ပေးမည့် CNN သည် သမ္မတ လောင်းများ အလှည့်မကျမီ ဝင် ပြောခွင့် မရရန် မိုက် ကို အသံ မထွက်အောင် လုပ်ထားမည် ဖြစ်သည်။ ပွဲ့ကြည့် ပရိသတ် များ အားလည်း ဖိတ်ထားမည် မဟုတ်၍ ထရန့် သည် ၎င်းအား ထောက်ခံသူများထံမှ အသံဗလံများ ထွက်လာအောင် ယခင်ကလိုသွေးဆောင် သည့် စကားမျိုး ပြော၍ မရတော့ပေ။

 

CNN သည် တသီးပုဂ္ဂလိက တတိယ ကိုယ်စားလှယ် လောင်း အား ပါဝင်နိုင်ရန် သတ်မှတ်ပေးထားသော CPD ၏ စံနှုန်းကို လိုက်နာမည် ဖြစ်၍ ယခုထိ ပြည်နယ် ‌ခြောက်ပြည်နယ် တွင် အီလက်တိုရယ် ကောလိပ် ကိုယ်စားလှယ် လောင်းများ ရထားပြီး၊ စစ်တမ်းတွင်လည်း အခြေအနေ ကောင်းလာနေသော အသက် ၇၀ ရှိပြီ ဖြစ်သည့် ရော်ဘတ် ကနေဒီ ဂျုနီယာသည် ABC ရုပ်သံမှ ပြုလုပ်မည့် စက်တင်ဘာလ စကားစစ်ထိုးပွဲတွင် ပါဝင်လာဖို့ ရှိနေသည်။

 

CPD သည် ကိုယ်စားလှယ် လောင်းများ စကားစစ်ထိုးပွဲ ပြုလုပ်ရန် သတ်မှတ်သည့် အချိန်သည် နောက်ကျလွန်းသည် ဆိုသော အပြောကို လက်မခံခဲ့ပေ၊ ၎င်းတို့ပြောသလို ကြိုတင်မဲများ စတင်နေပြီ ဆိုသည်ကလည်း အနည်းငယ်မျှသော မဲဆန္ဒရှင်များသာ ရှိနေ၍ ပြောပလောက်အောင် ထိခိုက်မှု မရှိသည့်အပြင် တဖက်တွင်လည်း တတိယ ကိုယ်စားလှယ် လောင်း အတွက် ပါဝင်ခွင့် ရအောင် လိုအပ်သည့် မဲများ ရဖို့ အချိန်ပေးရမည်ဟု ဆိုသည်။

 

အရာရာ တိုင်းကို သဘော ကွဲလွဲနေကြသည့် ဘိုင်ဒင် နှင့် ထရန့်တို့ အဖွဲ့သည် ယခုအခါတွင်တော့ ရှားရှားပါးပါး သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်သည်။

 

(၂၀၂၄ ဇွန်လ ၁၈ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ" How America’s presidential debates are changing this year" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)