မျက်နှာ ပြောင်လှချည်လားကွယ်

by Hla Soewai - Jul 01 2024

အမြန်လမ်း ပေါ်တွင် သက်တော် ၇၈ နှစ်ရှိ နိုင်ငံတော် သံဃာ မဟာနယက အဆင့် ရှိ ဆရာတော်ကြီး အား စစ်တပ် မှ ကိုယ်ထိ လက်ရောက် ပစ်ခတ် လိုက်၍ ပျံလွန်တော် မူ သွားသည့် အရေးနှင့် ပတ်သက်၍ သံဃာများ သမဂ္ဂ အဖွဲ့မှ ကန့်ကွက်ရှုတ်ချ‌ ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည် မှ လွဲ၍ သံဃာ အသိုက်အဝန်း၏ တုန့်ပြန်မှု သည် သိုသိုသိပ်သိပ် သာ ရှိနေခဲ့သည်။

 

ပခုက္ကူတွင် သံဃာ နှစ်ပါးအား စစ်သားများက ဓါတ်တိုင် တွင် ကြိုးတုပ် ရိုက်နှက်ခဲ့ပြီး မရှေးမနှောင်းတွင် သံဃာထု တရပ်လုံး လမ်းပေါ်ထွက်လာကာ ရွှေဝါရောင် တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့ရမှု နှင့် နှိုင်းယှဉ်လျှင်တော့ သံဃာများ၏ တုန့်ပြန်မှု သည် မိုး နှင့် မြေလို ကွာခြားနေသည်ဟု ဆိုရမည်သာ ဖြစ်သည်။ (ပုံတွင် ရှု)

 

ဤသည်ကို ကြည့်မည်ဆိုက ရွှေဝါရောင် တော်လှန်ရေးကြီး အပြီး သံဃာများအား စစ်တပ်၏ အမျိုးဘာသာ သာသနာ ဆိုသည့် အလိမ်အညာများ ဖြင့် စိမ့်ဝင် စည်းရုံးနိုင်ခဲ့မှု သည် မည်မျှထိ ထိရောက်မှု ရှိနေသည်ကို ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။

 

ဆရာတော် အား ပစ်ခတ်၍ သေဆုံးသွားမှု အား ပြည်သူကာကွယ်ရေး တပ်ဖွဲ့များ၏ လက်ချက် ဟု စစ်တပ် မီဒီယာများ၏ လိမ်ညာ သတင်းထုတ်ပြန်မှု သည်လည်း ကမ္ဘာ မီဒီယာ များသို့ ပျံ နှံ့သွားခဲ့ပြီ ဖြစ်သည်။

 

ထို့အတွက် စစ်တပ် အား လက်တွဲခေါ်ပြီး မြန်မာတွင် ငြိမ်းချမ်းရေး ဖေါ်ဆောင်အံ့ဟု စိတ်ကူးယဉ် နေသည့် အိမ်နီးချင်း နိုင်ငံများ အဖို့ ၎င်းတို့ ၏ မရိုးသား‌မှုများကို ကြည့်၍ စိတ်ချ ယုံကြည်ရသည့် ရေရှည်တည်တံ့ နိုင်မည့် အဖြေမျိုး ထွက်လာနိုင်ပါဦးမည်လောဟု သံသယ များ ဝင်လာမည်ကလည်း အသေအချာပင် ဖြစ်သည်။

 

အမျိုးဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက်နေသည့် အဖွဲ့အစည်းဟု ကြွေးကြော်နေသည့် မင်းအောင်လှိုင် အဖို့လည်း အကြီးအကျယ် အရှက်တကွဲ ဖြစ်သွားစေသည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။

 

ပို၍ ဆိုးသွားခဲ့သည်က ထိုသို့ မရိုးမသား ဖြင့် PDF အပေါ် အပြစ်ပုံချခဲ့မှု သည် ရှေ့လျောက် ၎င်းတို့၏ ထိုသို့သော အပြောမျိုး ကို မည်သူမျှ အယုံအကြည် ရှိတော့မည် မဟုတ်၍ စစ်ကောင်စီ၏ ဝါဒဖြန့်ချီရေး ယန္တရား အကြီးအကျယ် ထိခိုက်သွားခဲ့ရခြင်း ပင် ဖြစ်သည်။

 

၂၀၂၁ တွင် မဲလိမ်၍ အာဏာသိမ်းခဲ့ရပါသည် ဆိုသော အပြောကိုကော ယုံကြည်၍ ရပါဦးမည်လော၊ အာဆီယံ၏ အချက် ငါးချက်ပါ အကြမ်းဖက်မှုများ ရပ်တန့်သွားအောင် အကောင်အထည် ဖေါ်ရန် လုပ်ဆောင်နေပါသည် ဆိုသော အပြောကိုလည်း နိုင်ငံတကာ က ယုံကြည်ကြပါဦးမည်လောဟု ဧရာဝတီက မေးခွန်းထုတ်လာခဲ့သည်။

 

၎င်းတို့၏ စိတ်ထဲတွင် အကြမ်းဖက်မှု ကို အကြမ်းဖက်မှု ဖြင့်သာ ရပ်တန့်နိုင်မည်ဟူသော သေနတ်ကိုင် လူဆိုးတဦး၏ အတွေး အခေါ်မျိုးသာ ရှိပေသည်။ ထိုသို့သော် ဉာဏ်ရည် နိမ့်ကျမှု ဖြင့် အပြစ်မဲ့ပြည်သူ ငါးထောင်ခန့် အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း သုံးသန်း နီးပါး အိုးမဲ့အိမ်မဲ့ ထွက်ပြေး တိမ်းရှောင်နေကြရပြီ မဟုတ်ပါလော။

 

တိုင်းရင်းသား ဒေသများတွင် ငြိမ်းချမ်းရေး ရရှိအောင် လုပ်သွားပါမည်၊ ရိုဟင်ဂျာ များ အား ပြန်လည် လက်ခံပါမည်‌ ဆိုသော အပြောများကိုလည်း ယုံကြည်ရပါဦးမည်လော။

 

အလားတူပင် မင်းအောင်လှိုင်မှ ၎င်းတာဝန် ယူထားမှုသည် "ယာယီ" သာ ဖြစ်ပြီး နောက်နှစ်တွင် ရွေးကောက်ပွဲ လုပ်ပေးပါမည် ဆိုသော စကားကိုကော မည်သူမျှ အလေးအနက် ယုံကြည်ကြတော့မည် မဟုတ်ပေ။

 

အံ့ဩဖို့ ကောင်းနေသည်က ၎င်းတို့၏ စကားကို နှစ်နှစ်ကာကာ ယုံကြည်နေသူ လေးဦး ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။ ထိုလေးဦး ဂိုဏ်းဟု ပင် ဆိုရမည့် လူများမှာ ကြံ့ဖွတ် ပါတီမှ ဒေါက်တာ အောင်မြတ်ဦး၊ ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စိုင်း အိုက်‌ ပေါင်း၊ ကိုကိုကြီး နှင့် အေးမောင်တို့ပင် ဖြစ်သည်။ လေးဦးဂိုဏ်းဟု လူပုဂ္ဂိုလ် နာမ်စား သုံးရခြင်း မှာလည်း ၎င်းတိုအားလုံး လူထု၏ ထောက်ခံမှု စိုးစိမျှ ရထားသူများ မဟုတ်ပဲ စစ်တပ်မှ ရိုက်ကူးမည့် ရွေးကောက်ပွဲ ဇာတ်ထုတ်တွင် ပါတီ များ အဖြစ် သရုပ်ဆောင် ရန် ငှားရမ်းခံထားရသူ များ ဖြစ်နေသောကြောင့်ပင်။

 

၎င်းတို့သည် ရွေးကောက်ပွဲ မတိုင်မီ စစ်တပ်၏ ဖွဲ့စည်းပုံ ပြင်ဆင်ပေးမည် ဆိုသည်ကို နှစ်ရက်ကြာ အချိန်ကုန်ခံကာ စစ်တပ်၏ အမျိုးသား သွေးစည်းရေး၊ ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အတွက်ဆိုကာ ဖွဲ့စည်းထားသည့် ကော်မတီ နှင့် ပြီးခဲ့သည့် ရက်များက ဆွေးနွေးခဲ့ကြ သည်။

 

၎င်းတို့ အပေါ် ယုံကြည်မှု လွန်ကဲ လှသော ကိုကိုကြီး ဆိုက အပြောင်းအလဲအတွက် လမ်းစပွင့်လာပြီ ဟူ၍ပင် ဆွေးနွေးပွဲ အပြီး အားရဝမ်းသာနှင့်ပင် ဧရာဝတီသို့ ပြောပြခဲ့ရှာသည်။

 

တဖြေးဖြေး ဆိုးဝါးလိုက်လာ‌ သော အခြေအနေများ ကြားတွင် မင်းအောင်လှိုင် တို့ အဖွဲ့သည် ဘယ်ကစ၍ ဘာလုပ်လို့ လုပ်ရမှန်း မသိအောင် တယောက်‌တပေါက် ‌ဖြစ်နေကြသည် မှာ သနားစရာပင် ကောင်းနေရသည်။

 

တရုတ်၏ ကြားဝင် စေ့စပ်ပေးမှု ဖြင့် စစ်တပ်သည်ကံကောင်း ထောက်မစွာ အသက်ရှု ပေါက် ရသွားခဲ့သည့် ရှမ်းမြောက်ဒေသ တွင် ညီနောင် မဟာမိတ် အဖွဲ့နှင့် ရရှိထားသော အပစ်အခတ် ရပ်စဲရေး အားလည်း အကြိမ် ကြိမ် ချိုးဖောက်နေသည်ဟု TNLA ဖက်မှ ထုတ်ဖေါ် ပြောဆိုလာပြီ ဖြစ်သည်။

 

၎င်းတို့ရည်ရွယ်ချက် က ထိုးစစ်ကြီး ဆင်ရန် အဆင့်အထိ မတတ်နိုင်‌ သေးသော်လည်း မနာလိုစိတ် အရင်းခံ ဖြင့် ကောင်းစွာ နေခွင့်မရ‌အောင် အနှောက်အယှက် ပေးနေယုံသက်သက် ဖြစ်သည်။

 

ရခိုင် ပြည်နယ် တွင်လည်း အရေးနိမ့်လာနေ၍ ‌ဗြောင်ကျကျ ပင် လူမျိုးရေး သွေးခွဲ မှူ များ ဖန်တီးလာနေပြီ ဖြစ်သည်။

 

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်တုတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ကျောင်းထိုင် ဆရာတော် ဦးနေမိန္ဒ ပျံလွန်တော်မူခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA ) မှ သိရသည်ဟု လည်း ဧရာဝတီ သတင်းတွင် ပါရှိလာပြန်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!