ရက်စက် လှချည် လားကွယ်

by Hla Soewai - Jul 01 2024

ဇွန်လ ၁၉ ရက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်း တွင် မန္တလေး မြို့အနီး ရဲစစ်ဆေးရေး ဂိတ်တွင် နိုင်ငံတော် သံဃာ မဟာနယက အဆင့် ရှိခဲ့သည့် ဆရာတော်ကြီး စီးနင်း လိုက်ပါလာသော ကား အား အကြမ်းဖက် စစ်တပ်၏ ဝိုင်းဝန်း ပစ်ခတ်ခဲ့မှု ကြောင့် ပျံလွန်တော် မူသွားခဲ့သည် ဆိုသော သတင်းဆိုးကြီး ကြောင့် ဗုဒ္ဓဘာသာဝင်များ နှင့် သံဃာတော် များ အကြား ယူကျုံးမရ စိတ် နှင့်အတူ တုန်လှုပ် ချောက်ခြားသွားခဲ့ကြရသည်။

 

ပျံလွန်တော် မူသွားသော ဆရာတော်ကြီးသည် ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းမှ ကျောင်းထိုင် သက်တော် ၇၈ နှစ်ရှိ အရှင် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ဖြစ်သည်။

 

ထိုကိစ္စနှင့် ပတ်သက်၍ လူထုကို အမျိုးမျိုး လိမ်လည် လှည့်ဖျား၍ လူတကာ အပေါ် အပြစ်ပုံချ ရာတွင် ဆရာတဆူ ဖြစ်သည့် စစ်ကောင်စီမှ PDF များ လက်ချက် ဖြစ်သည်ဟု ‌အလျှင်အမြန် ထုတ်ပြောလာသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ၊ ထိုသို့ ‌ပြောမလာမှပင် အထူးအဆန်းဟု ယူဆကြရမည် ဖြစ်သည်။

 

သို့သော် ကားနောက်ခန်း တွင် မဟန ဆရာတော်ကြီး နှင့် အတူ စီးနင်းလိုက်ပါလာသည့် ရန်ကုန် ကံသုံး

ဆင့်ဆရာတော် ဦးဂုဏိကာဘိဝံသ က စစ်တပ်မှ သေနတ် နှင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ရှင်းလင်းပြောဆိုခဲ့သော ဆယ်မိနစ်ကြာ ဗီဒီယို ဖိုင်သည်တမဟုတ် ချင်း အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့သည်။

 

ဆရာတော်များသည် ရွှေကျင် ဂိုဏ်း ဗဟိုအလုပ်အမှု ဆောင် အစည်းအဝေး အပြန် တံတားဦး မြို့နယ် မန္တလေး နိုင်ငံတကာ လေဆိပ်၏ အနောက် ဖက် သို့ ဦးတည် မောင်းနှင်လာစဉ် ငန်းဇွန် မြို့နယ် မြို့သာ နှင့် ပန်းကြီးကမ္မ ရွာ အကြား ရှေ့တွင် ရှိ ဖော ကား တစီးကို ကျော်အတက်တွင် ကားပေါ်ပါ စစ်သားများက ဝိုင်းဝန်း ပစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆရာ‌ တော်က ဆိုသည်။

 

ဆရာတော်များ၏ Toyota Hilux surf ကားအား သေနတ် ဖြင့် အချက် ပေါင်း ခုနှစ်ချက် ရှစ်ချက် ခန့် ဝိုင်းပစ်၍ ဆရာတော် အရှင် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ သည် နေရာတွင် ပင် ပွဲချင်းပြီး ပျံလွန်တော် မူသွားပြီး ကံသုံးဆင့် ဆရာတော်သည် ဦးခေါင်းတွင် မှန်ကွဲစ များ စိုက်ဝင်သွားကာ ယာဉ်မောင်းသည် လက်ချောင်း သုံးချောင်း ပြတ်သွားသည့် ဒဏ်ရာများ ရရှိသွားသည်။

 

သင်္ကန်းတွင် သွေးအလူးလူး နှင့် ဆရာတော်က ကားပေါ်မှ ဆင်းလိုက်ပြီး "ခင်ဗျား တို့ ဘုန်းကြီးတွေကို ရက်စက်လှချည်လား" ဟု ဖောကားပေါ်ပါ စစ်ဗိုလ်စစ်သားများအား ကြေကွဲ ဆို့နင့်စွာ ပြောခဲ့သည်၊ ၎င်းတို့မှ ကားမှန် ချ မထား၍ ရန်သူ ထင်ပြီး ပစ်မိပါသည် ဟု ဆိုသည်။

 

ဗိုလ်မှုး မိုးမင်းဦး ဦးဆောင်သော စစ်ကောင်စီ တပ်သားများသည် ငန်းဇွန် မြို့နယ် အတွင်း ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့၏ ခြုံခို အတိုက်ခံရ၍ ကြောက်လန့်တကြား ပြန်ဆုတ်လာကြခြင်း ဖြစ်သည်ဟု မြန်မာနောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

နောက်ပိုင်းတွင် ဆင်သေကို ဆိတ်သားရေ ဖြင့် ဖုံးနိုင်ရန် ဆရာတော်အား နန်းတွင်းသို့ ခေါ်ဆောင်သွားကာအကြိမ်ကြိမ် အထပ်ထပ် စစ်ဆေးပြီး ဆရာတော်၏ ဇာတ်ကြောင်းအား ၎င်းတို့အလိုကျ ပြောင်းသွားရန် ကြိုးပမ်း ‌ခဲ့ကြသည်ဟု သိရသည်။

 

သို့သော် နောက်ပိုင်း ဆရာတော်၏ ဒါယကာ၊ ဒါယိကာမ များ နှင့် ကျောင်းနေ သံဃာတော်များအား ရှင်းလင်းချက် ဗီဒီယို ဖိုင်ကြောင့် စစ်ကောင်စီ လက်ချက် ဆိုသည်မှာ ဖုံးမရ ဖိမရ ထွက်ပေါ်သွားခဲ့ပြီး ၎င်းတို့၏ အလိမ်အညာ သတင်းထုတ်ပြန်ချက် ကို လူထု ရှေ့တွင် မှောက်လှန် ပစ်နိုင်ခဲ့သည်။ ထိုဗီဒီယို ဖိုင် အား ဖေ့စ်ဘုတ် တွင်‌ ပျောက်ကွယ်သွားခဲ့သည်။

 

အပြင်သို့ ပေါက်ထွက်လာသော စစ်ကောင်စီ၏ သာသနာရေး ဝန်ကြီးဌာန ၏ အစီရင်ခံစာ တွင် လည်း ကားကို စစ်ကောင်စီ တပ်သားများ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ပါရှိလာသည်။

 

နိုင်ငံတွင်း ဖြစ်ပွားနေ‌သော ခုခံ တော်လှန်ရေး စစ်ပွဲကြီး အတွင်း ကြားနေရေး ဝါဒ ကျင့်သုံးနေသော သံဃာ အဖွဲ့အစည်းများ အတွင်း ပြင်းထန်စွာ တုန်လှုပ် ချောက်ခြားသွားခဲ့သည်၊ ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ သည် ရွှေကျင် ဂိုဏ်း၏ ဗဟို အလုပ်အမှုဆောင် လည်း ဖြစ်ပြီး အဘိဓမ္မာ အပါအဝင် ဗုဒ္ဓကျမ်းဂန်များကို ပါဠိ ဘာသာ ဖြင့် ရေးသားထုတ်ဝေနေသည့် ထင်ရှားသော ကျမ်းတတ်ပေတတ် ဆရာတော်ကြီးလည်း ဖြစ်၍ ဘာသာ သာသနာ အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သည်။

 

ဆရာတော်သည် အာဏာသိမ်းပြီးနောက် နိုင်ငံရေး နှင့် မပတ်သက်ဘဲ နေခဲ့သော်လည်း စစ်တပ်၏ အာဏာ သိမ်းခဲ့မှု သည် တိုင်းပြည်နှင့် လူငယ်မျိုးဆက် သစ်များ၏ အနာဂတ် ကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့ခြင်း ဖြစ်သည်ဟု အခြား ဆရာတော်ကြီးများ နှင့် အတူ ပူးတွဲ ပြီး ကြေငြာချက် ထုတ်ပြန်ရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

 

နိုင်ငံတွင်း ဖြစ်ပျက်ခဲ့သမျှ အားလုံးသည် မင်းအောင်လှိုင်၏ ရူးသွတ် မိုက်မဲစွာ အာဏာ သိမ်းခဲ့သည့် လုပ်ရပ်၏ အကျိုးဆက်များကို ခံစားနေရခြင်းသာ ဖြစ်သည်ဟု စစ်ကိုင်းတိုင်း အတွင်းရှိ လွတ်မြောက်နယ်မြေ တွင် နေထိုင်နေ‌သော အရှင် ပညာစာရ လင်္ကာရ ဆရာတော်က မိန့်ကြားခဲ့သည်။

 

ဆရာတော်ကြီးများ အနေဖြင့် စစ်‌ကောင်စီ ၏ လုပ်ရပ်များကို ပြောဆို သတိပေးရန် အချိန်တန်ပြီဟုလည်း တိုက်တွန်းသွားခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဆရာတော်ကြီး ပျံလွန်တော် မူသွားခဲ့မှု အပေါ် လွန်စွာ ဝမ်းနည်း မိကြောင်း၊ ထိုသို့ စစ်ရာဇဝတ်မှု ကို ဗြောင်ကျကျ ကျူးလွန်ခဲ့ကြယုံမက အမှန်ကို ဝန်မခံပဲ ပြည်သူကို လိမ်ညာ လှည့်ဖျား၍ သတင်းထုတ်ပြန်ခဲ့သည့် စစ်ကောင်စီ၏ ဟိရိဩတ္တပ္ပ တရား ကင်းမဲ့နေမှု ကို ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

 

ယနေ့ ထွက်ပေါ်လာသော AFP သတင်းအရ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ် မြောက်မွေးနေ့တွင် ပြည်တွင်းပြည်ပမှ ကျန်းမာစေကြောင်း ဆုမွန်ကောင်း တောင်းခဲ့မှု နှင့်အတူ ကျန်းမာ‌‌ ရေး အပေါ် စိုးရိမ် မကင်း ဖြစ်လာမှု များ ကြောင့် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းမှ ကျန်းမာရေး ကောင်းမွန်ကြောင်း၊ သူ့အတွက် အရင် စီစဉ်ပေးထားသည့် နေရာတွင် ရှိနေကြောင်း ထုတ်ဖေါ်ပြောဆို ခဲ့ရပြီ ဖြစ်သည်။

 

သို့သော် ဆရာတော်ကြီး၏ ဖြစ်စဉ်ကိုပင် ဗြောင်လိမ် ခဲ့ကြသည့် အဖြစ်ကြောင့် မည်မျှ အတိုင်းအတာ အထိ ယုံကြည်ရမည်နည်း ဆိုသည်က အားလုံး၏ အတွေး ထဲသို့ ရောက်လာကြမည်ကား မလွဲဧကန်ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!