အင်တာနက်၊ ဆိုက်ဘာရပ်ဝန်း နှင့် လုံခြုံရေး
ကျွနုပ်တို့ နေထိုင်ရာ ခေတ်သစ် ကမ္ဘာကြီး တွင် အင်တာနက် သည် အဓိက နေရာ တွင် ရှိလာခဲ့သည်။ အင်တာနက်သည် လွန်ခဲ့သည့် ဆယ်စု နှစ် အနည်းငယ် အတွင်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ တဖြေးဖြေး နှင့် အရှိန်အဟုန် ရလာပြီး နယ်ပယ်များလည်း ကျယ်ဝန်းလာနေ၍ မူလ တီထွင် ထုတ်လုပ်ခဲ့သူများ တွေးပင် တွေးမိ မထားသည့် အခြေ အနေ အထိ ဖြစ်လာခဲ့သည်။
ယခုအခါ အီးမေး ပေါင်း နေ့စဉ် ဘီလီယံ ၃၀၀ ခန့်အထိ ပေးပိုလျက် ရှိသည်။ အင်တာနက်အား အသုံး ပြုသူ ဘီလီယံ ပေါင်း များစွာ ရှိနေပြီး ပမာဏ အားဖြင့် လွန်စွာမှ များပြားလှသည့် အချက်အလက်များကို လျှင်မြန်သော နှုန်းဖြင့် စီးမျောစေနိုင်ခဲ့သည်။ အင်တာနက်သည် ပထဝီ အနေအထား နှင့် အကွာအဝေးအား ၎င်းနှင့် လားလားမျှ မဆိုင်သည့် အလား လျစ်လျူ ရှုထား နိုင်စွမ်း ရှိနေသည်။
ဆိုက်ဘာရပ်ဝန်း နှင့် တတွဲတည်း ထွက်ပေါ်လာသည့် နည်းပညာများသည် လူ့အသိုက်အဝန်းအား ကောင်းကျိုး လည်း ဖြစ်စေသလို ဆိုးကျိုးများလည်း ဖြစ်ပေါ်စေ နိုင်သည်။ မည်သို့သော လုပ်ရပ်မျိုးသည် ကောင်းကျိုး ဖြစ်စေသည်၊ မည်သည်က ဆိုးကျိုး ဖြစ်စေသည် ဆိုသည် နှင့် စပ်လျှင်းပြီး နိုင်ငံတကာ တွင် တသဘောတည်း ထပ်တူ ကျခြင်း မျိုး မရှိသေးပေ။
ကျွနုပ်တို့ သေချာပေါက် သိထားသည်က အင်တာနက်ဖြင့် ကမ္ဘာအနှံ့ သတင်း အချက်အလက်များ နှင့် ဆက်သွယ်ရေး ပိုင်း တွင် ချောမွေ့စွာ ဖလှယ် ၍ ရနေသည် ဆိုသည်မျှသာ ဖြစ်သည်။ ထို့ပြင် အင်တာနက်ကို သုံး၍ ငွေကြေးများ၊ နည်းပညာ ပိုင်ဆိုင်မှုများကို ခိုးယူ နိုင်သည်၊ လူတဦးချင်းစီ သို့မဟုတ်ကုမ္ပဏီများ၏ အချက်အလက်များ ကို လည်း နှိုက်ထုတ် နိုင်စွမ်း ရှိနေသည်ကိုလည်း သိထားခဲ့သည်။ ထို့အပြင် နိုင်ငံရေး ပိုင်းတွင် ဩဇာလွှမ်းမိုး နိုင်အောင် ဖန်တီးနိုင်ပြီး အကြမ်းဖက် သမား များ ဖြစ်လာအောင် စည်းရုံးခြင်း၊ လေ့ကျင့်ပေးခြင်း၊ ညွှန်ကြားချက်များ ပေးခြင်းတို့ကိုလည်း အင်တာနက်မှ တဆင့် ပြုလုပ်နိုင်ပြန်သည်။
စစ်ဆင်ရေး များ တွင် အဓိကကျသော ဆက်သွယ်ရေး ပိုင်းကိုလည်း ကမောက်ကမ ဖြစ်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိယုံသာမက အနာဂတ်တွင် စစ်အင်အား သုံးစရာ မလိုပဲ အလားတူ သက်ရောက်မှု ရှိလာအောင် တိုက်ခိုက်နိုင်စွမ်း ရှိကောင်း ရှိလာနိုင်သည်။
အင်တာနက် သည် အချိန်နှင့် အမျှ လျင်မြန်စွာ ပြောင်းလဲလာနေခြင်းများကြောင့် ဆက်သွယ်နိုင်မှု အားကောင်းလာခြင်း နှင့် ဒိုးယိုပေါက် ဖြစ်လာနေမှုများကြောင့် လုံခြုံမှု မရှိ ဖြစ်လာနေသည်။
အင်တာနက် ကို သုံး၍ ဘီလီယံပေါင်းများစွာ ရှိ Internet of things ခေါ်သည့် ဆင်ဆာ များ နှင့် အချက်ပေး ကိရိယာများ တပ်ဆင် အသုံးပြုလာမှု များကြောင့်လည်း ပို၍ ရှုပ်ထွေးလာပြီး အားနည်းချက် များ ထပ်၍ ဖြစ်လာ အောင် လုပ်သလို ဖြစ် နေ၍ အန္တရာယ် များလာခဲ့ရသည်။ နောက်ထပ်လည်း သန်းပေါင်းများစွာ ထပ် ထွက်လာဖို့ ရှိနေသည်။
နည်းပညာသည် လူနေမှု ဘဝတွင် အဓိက လို အရေးပါလာ နေသော်လည်း အင်တာနက် ရှိ ဝက်ဆိုဒ် ၏ လိပ်စာ နှင့် သီးသန့် အမည်အား ကိုယ်စားပြုသည့် domain များ အား ကြီးကြပ်စောင့်ကြည့်နိုင်မှု လျောတိလျော့ရဲ ဖြစ်နေခြင်း သည် အံ့ဩစရာ ဖြစ်နေရသည်။
အင်တာနက်အား "စီမံခန့်ခွဲပေးနေသည့်" တခုတည်းသော အာဏာပိုင် အဖွဲ့အစည်းဟူ၍ မရှိသေးပဲ လူပုဂ္ဂိုလ် များ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ကော်ပိုရေးရှင်းများ၊ အစိုးရ များသည် တခါတရံ တွင် စုပေါင်း စပ်ပေါင်း လုပ်ကြသလို တခါတရံတွင်လည်း သီးခြားစီ လုပ်တတ်ကြသည်၊ တခါတရံတွင် လုံးဝ ပင် ကင်းမဲ့နေတတ်သည်။ လုပ်ငန်းစဉ်များသည် top-down ကဲ့သို့ အပေါ်မှ စီမံခန့်ခွဲသည့် တရားဝင် သဘော မဆောင်ပဲ bottom-up အောက်မှနေ၍ လိုအပ်လျင် လိုအပ်သလို အလွတ်သဘော လုပ်လာကြသည်များသာ ရှိနေသည်။
ထိုသို့ လုပ်ဆောင်ခဲ့မှုများသည် ယခုလို အင်တာနက်သည် အရေးပါသည့် နေရာသို့ ရောက်မလာခင် အသစ်အဆန်းလို ဖြစ်နေဆဲ အချိန်ပိုင်းလောက်တွင်သာ တရွေ့ရွေ့ ဖြစ်ပေါ်လာခြင်းမျိုး ဖြစ်သည်။
အင်တာနက် အား မည်သို့ မည်ပုံ အသုံးပြုသင့်သည်၊ အသုံးပြုသူများ ထံမှ ထွက်ပေါ်လာသော အချက်အလက်များကို မည်သူက ကြည့်ရှု နိုင်သည် ဆိုသည် အပေါ် အကြိတ်အနယ် ဆွေးနွေး ငြင်းခုံ နေကြဆဲပင် ဖြစ်သည်။ ယင်းအား အဆုံးအဖြတ်ပေးရန် မည်သူတွင် အာဏာရှိနေရမည်နည်း၊ အင်တာနက် အား အစိုးရ များ သို့မဟုတ် တရားဝင် အာဏာ အပ်နှင်းပေးထားမည့် နိုင်ငံတကာ အဖွဲ့အစည်းများက တာဝန်ယူရမည်လော ဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။
အင်တာနက် အား ထိန်းချုပ် ကွပ်ကဲနိုင်ရန် နိုင်ငံတကာ မှ စီမံ ဆောင်ရွက်မှု များ ရှိခဲ့ဖူးသည်။ ၁၉၉၈ တွင် ဝက်ဆိုဒ် အမည်များ နှင့် နံပတ်များကို သတ်မှတ်ပေးနိုင်ရန် Internet Corporation for Assigned Names and Numbers (ICANN) ဆိုသည့် အဖွဲ့ကြီး ဖွဲ့စည်းလာခဲ့သည်၊ အဆိုပါ အဖွဲ့ကြီးသည် ကသောင်းကနင်း ဖြစ်လာတော့မည့် အင်တာနက် လောကကြီးအား အစီအစဉ် တကျ ဖြစ်လာရန် ဝင်ရောက် အကူအညီ ပေးလာသည့် အကျိုးအမြတ် မယူဘဲ ဖွဲ့စည်းလာခဲ့ခြင်း ဖြစ်သည်။
ဝက်ဆိုဒ် တည်ထောင်လိုသူများ အတွက် အမည် နှင့် လိပ်စာ ကို ICANN အဖွဲ့ကြီးထံမှ အတည်ပြုချက် ယူရသည်။ အမည် နှင့် လိပ်စာ ဆိုသည်က မိမိသွားလိုသည့် ဝက်ဆိုက်ကို browser တွင် ရိုက်ထဲ့ရသည့် အချက်အလက်များကို ဆိုလိုခြင်း ဖြစ်သည်။ကုန်သွယ်ရေး အဆင်ပြေ ချောမွေ့စေရန်၊ လူ့အခွင့် အရေး ပိုင်း တိုးတက်မှု ရှိလာစေရန်၊ ကိုယ်ရေး ကိုယ်တာ အချက်အလက်များ လုံခြုံမှု ရှိစေရန်၊ ရာဇဝတ်မှု များ နှင့် အကြမ်းဖက်ဝါဒ များ တိုက်ဖျက်နိုင်ရန် တို့ အတွက် နိုင်ငံတကာ ကွန်ဖရင့်များ၊ သဘောတူညီချက်များလည်း ထွက်ရှိလာခဲ့သည်။
ဥပမာ ပြရမည် ဆိုလျှင် ကုလသမဂ္ဂ သည် အွန်လိုင်း ပေါ်တွင်လည်း အပြင်မှာ ကဲ့သို့ပင် လူ့အခွင့်အရေး ကို လေးစားလိုက်နာဖို့ လိုကြောင်း အသိအမှတ် ပြုထားခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ဆိုက်ဘာရပ်ဝှမ်း တွင် မည်သို့သော အရာများကို ခွင့်ပြုရမည် ဆိုသည်ကို နိုင်ငံအချင်းချင်း ညှိနှိုင်း သဘောတူမှု များ ရှိလာခဲ့သည်။
၂၀၁၅ တွင် အမေရိကန် ပြည်ထောင်စု နှင့် တရုတ်နိုင်ငံ သည် စီးပွားရေး အကျိုးအမြတ် ရလိုမှု သက်သက်ဖြင့် မူပိုင်ခွင့် ရှိပြီးသား ကိုယ်ပိုင် ဉာဏ် စွမ်း ဖြင့် ထုတ်လုပ်ထားသော အရာများကို သိသိကြီး နှင့် ဆိုက်ဘာ နည်းလမ်းဖြင့် ခိုးယူခြင်းကို အားပေးအားမြှောက် မပြုပါဟု သဘောတူညီခဲ့ကြသည်။ ထိုအရေးကို တကမ္ဘာလုံး အတိုင်းအတာ ဖြင့် တစိတ်တဝမ်း တည်း ထောက်ခံခဲ့ကြခြင်းမျိုး တော့ မရှိပေ။ မည်သို့သော စည်းမျဉ်း ဥပဒေ မျိုး ဖြင့် အရေးယူ ရမည်ဟူ၍ သတ်မှတ် ပြဋ္ဌာန်းထားခြင်းမျိုး လည်း မဆိုသလောက်သာ ရှိထားသေးသည်။
အမေရိကန် နှင့် တရုတ် နှစ်နိုင်ငံစလုံးသည် ၎င်းတို့ အကြား ရရှိထားပြီး ဖြစ်သော ၂၀၁၅ သဘောတူညီချက် ကို လေးစား လိုက်နာခြင်း မရှိခဲ့ကြဟု အားလုံးက ယူဆထားကြပြီးလည်း ဖြစ်သည်။