အဖိုးမဖြတ်နိုင်သော

by Hla Soewai - Jul 01 2024

နိုင်ငံ တော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့သည် အကျဉ်းထောင်ထဲတွင် ရှိနေစေကာမူ မည်သည့် အခါမျှ တိတ်တဆိတ် နှင့် ကုန်လွန်သွားခဲ့ခြင်း မရှိဟု ဧရာဝတီ တွင် ရေးသားထားသည်။

 

သူမသည် ပြည်သူတရပ်လုံး ၏ လွတ်မြောက်ရာ လွတ် မြောက်ကြောင်း မျှော်လင့်ချက်၊ အနိုင်မခံ အရှူံးမပေး စိတ်ဓါတ် များ၏ အထိမ်းအမှတ် သင်္ကေတ လည်း ဖြစ်နေ၍ပင်။

 

ပြည်သူများကဲ့သို့ပင် စစ်ဗိုလ်ချုပ်များလည်း သူမ၏ တန်ဖိုးကို ကောင်းစွာ နားလည် သိရှိနေသူများ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အစိုးရ ဝန်ကြီးတဦး ဖြစ်ခဲ့သူ ဆလိုင်း အိုင်စက် ခီယင်း က ပြောပြခဲ့သည်။

 

သူမကို လွှတ်ပေးလိုက်မည် ဆိုက ဝိုင်းရံလာမည့် လူထု ၏ ထောက်ခံ မှု ဖြင့် ၎င်းတို့၏ ကျဆုံးခန်း အလျင်အမြန် ဆိုက်ရောက်လာမည်ကို သိထားကြပြီး ဖြစ်သည်။ ထို့အတွက်လည်း "ပန်းကိုင်သူကို ဂန်းကိုင်သူများ က ‌သေမလောက် ကြောက်ရွံ နေကြသည်" ဟု ပြည်သူများ၏ လှောင်ပြောင် သရော်ခြင်း ခံကြရသည်မှာလည်း ထူးဆန်းလှသည်တော့ မဟုတ်ပေ။

 

ထိုသို့ ဖြစ်လာမည့် အရေး ကို အမြဲလို စိုးရိမ် ပူပန် နေသည့် အာဏာသိမ်း ခေါင်းဆောင်များ၏ လက်ပါးစေ စစ်စုံထောက်များက အရပ်ဝတ် အရပ်စား ဖြင့် ပန်း ပန်လာမည့် လူများကို မျက်လုံး ဒေါက်ထောက် ‌စောင့်ကြည့်နေကြသည်။ နယူးရောက်တိုင်း သတင်းစာကပင် "အဘယ့်ကြောင့်များ စစ်တပ်သည် ပန်း ကိုင်ထားသူ ကို ထိတ်လန့်နေကြရသနည်း" ဟု ကိုးကား ဖေါ်ပြထားသည်။

 

ယမန်နေ့က မန္တလေး တွင် ပန်း ပန်ထား၍ ‌ဆိုကာ လူပေါင်း ၂၂ ယောက်ကို ဖမ်းဆီးလိုက်သည်ဟူသော AFP သတင်းသည် လည်း ကမ္ဘာ မီဒီယာ သို့ ပျံ့နှံ့သွားခဲ့ပြန်သည်။

 

၎င်းတို့ မတရား အမှုဆင် ဖမ်းဆီး ထားသော နိုင်ငံတော် အတိုင်ပင်ခံသည် ၂၀၂၃ တွင် နေပြည်တော် အကျဉ်းထောင်တွင် ရှိနေသည်ကို သိထားကြသော်လည်း ယခုအခါ မည်သည့် နေရာတွင် ချုပ်နှောင်ထားသည်ကို လားလားမျှပင် စကားမဟရဲ အောင် မဟာ လျို့ဝှက်ချက်ကြီး အလား ရေငုံနှုတ်ပိတ် နေကြပြီ ဖြစ်သည်။

 

၎င်းတို့ ထွက်ပေါက် အတွက် နောက်ဆုံး မဖြစ်မနေ လုပ်ဖို့ လိုလာလျှင် ထုတ်သုံးရမည့် ဖဲတချပ် အဖြစ် ယူဆထား၍လည်း ဖြစ်သည်။

 

လက်ရှိတွင်အကျင့်ပျက် ခြစားမှု များစွာဖြင့် စွပ်စွဲကာ လူထု ၏ သူမ အပေါ် အမြင်ကို ပြောင်းလဲပစ်ရန် ကြိုးပမ်းခဲ့မှု များသည်လည်း သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်။ ၎င်းတို့အား လူထု ခေါင်းဆောင်ကို မတရား ဖမ်းဆီးချုပ်နှောင်ထားကြသူများ ဟု အထင်မြင် သေးခံရသည်သာ အဖတ်တင်သွားခဲ့သည်။

 

မြန်မာအရေး သုတေသီ အီဂေါ ဗလာစီဗစ်က လူထု ကြီး က သူမ အား အမှန်တကယ် လေးစားချစ်ခင်ကြပြီး ၎င်းတို့အတွက် အနစ်နာခံခဲ့သည်များကို အမြဲလို တလေးတစား ရှိနေကြသည်ဟု ပြောခဲ့သည်။

 

တော်လှန်ရေး ကြီး မအောင်မြင် မချင်း သူမ လွတ်မြောက်လာမည် မဟုတ်ဟု ဆိုသည်။

 

သူမလိုပင် နိုင်ငံတဝှမ်း မတရား ဖမ်းဆီး ခံထားရသည့် အကျဉ်းသား ဘဝ ရောက်နေသူ နှစ်သောင်း ခန့် အတွက်လည်း လွတ်မြောက်ကြစေကြောင်း၊ မိသားစု များ နှင့် ပြန်လည် ပေါင်းစည်းရစေ ကြောင်း လူထုက ဆုတောင်း မေတ္တာပို့သ ခဲ့ကြသည်။

 

ထိုသို့သော ဆုတောင်းများ ပြည့်ဝဖို့ တော်လှန်ရေး ကြီး အမြန် ‌အောင်မြင်အောင် သာ ဝိုင်းဝန်း ပံ့ပိုး ပေးကြဖို့သာ ရှိသည်ဟု အီဂေါ ဗလာစီဗစ်က တိုက်တွန်းသွားခဲ့သည်။

 

အနောက်တိုင်း နိုင်ငံများက သူမ ဖြတ်သန်းခဲ့ရသည့် ဘဝ၊ ကျင့်သုံးခဲ့သည့် နိုင်ငံရေး မဟာဗျူဟာ နည်းဗျူဟာ အပေါ် နားလည် အောင် ‌မလေ့လာပဲအပြင်းအထန် ဝေဖန် ရှုတ်ချခဲ့ကြသည်။ အထူးသဖြင့် ရိုဟင်ဂျာ များ အရေး နှင့် ပတ်သက်၍ ဖြစ်သည်။

 

သို့သော် ၎င်းတို့၏ ကြောင်သူတော် လုပ်ရပ်များသည် တဖြေးဖြေး နှင့် ဗူးပေါ်သလို ပေါ်လာခဲ့ပြီ ဖြစ်သည်ဟု အိန္ဒိယ နိုင်ငံထုတ် Scroll အွန်လိုင်း စာစောင်တွင် ရေးသားထားသည်။

 

စစ်တပ်၏ အကြမ်းဖက်မှု များ ကြောင့် ဘင်္ဂလားဒေ့ရှ် ဖက်သို့ ပြေးဝင်လာကြသော ရိုဟင်ဂျာ များ အား အနောက်အုပ်စု သည် လူအခွင့် အရေး ကာကွယ် ‌စောင့်ရှောက်နေကြသည့် ပြယုဒ် အဖြစ် အသုံးချကာ ဒေါ် အောင်ဆန်း စုကြည်အား ကာကွယ် မပေးရကောင်းလား၊ ကျုးလွန်သူများကို မရှုတ်ချရကောင်းလား ဆိုကာ အုတ်အော်သောင်းနင်း ဝိုင်းဝန်း ရှုတ်ချခဲ့ကြသည်။

 

ဤသည်ကို ကြည့်၍ စစ်တပ်မှ ဒေါ်အောင်ဆန်းစုကြည် အား မှုစရာ မလိုတော့ဟု ယူဆလာခဲ့သည့် အကြောင်းရင်း တရပ် ဖြစ်လာခဲ့သည်။ ဂမ်ဘီယာ မှ တရားလို ပြုလုပ်၍ ဂျီနိုဆိုက် ကျုးလွန်သည်ဟု တရားစွဲဆိုလာသည့် အခါတွင်တော့ နိုင်ငံတော် အကြီးအကဲ တ‌ဦး အ‌နေဖြင့် သွားရောက် ခုခံ ချေပ ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်၏ လုပ်ရပ်များ ကို ခုခံ ကာကွယ် ပေးခဲ့ခြင်း မရှိပဲ ဂျီနိုဆိုက် ကျူးလွန်သည်ဟု ခေါင်းစဉ် တပ် စွပ်စွဲ လာခြင်း ကို နိုင်ငံ နှင့် လူမျိူး ဂုဏ်သိက္ခာ အတွက် ချေပ ခဲ့ရခြင်း ဖြစ်သည်ဟု စာစောင်က ဆိုသည်။

 

တူရကီသည်ပင် အော်တိုမန် အင်ပိုင်ယာ ခေတ် အတွင်း အာမေနီယန်းများ အား အကြမ်းဖက်ခဲ့မှု အတွက် ဂျီနိုဆိုက် ဟု သုံးစွဲလာသည်ကို ခေါင်းငုံ မခံပဲ ယခုတိုင် ခါးခါးသီးသီး ခုခံ ချေပနေဆဲပင် ဖြစ်သည်။

 

ယခုအခါ ကောက်ဘဇား ဒုက္ခသည် စခန်းများ တွင် ရိုဟင်ဂျာ များ နိုင်ငံမဲ့ ဘဝ ဖြင့် ခိုလှုံနေသည်မှာ ခု နှစ် နှစ် ခန့် ရှိနေပြီ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် မှ ဒုက္ခသည် များ အစုလိုက် အပြုံလိုက် ယခုထိ လက်ခံထားရသည်ကို အနောက်အုပ်စုသည် ၎င်းတို့နိုင်ငံ များ တွင် ခိုလှုံခွင့် မပေးပဲ ပျော်ပျော်ကြီး ရပ်ကြည့်နေကြဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ၎င်းတို့ ပြောသလို လိုက်မပြော၍ ရှုတ်ချခဲ့ကြခြင်းသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ပေးထားသည့် ဂုဏ်ထူးဆောင် ဘွဲ့များ ပြန်လည် ရုတ်သိမ်းသွားသည့် အဖွဲ့အစည်းများသည် ရိုဟင်ဂျာ များအား poster child အဖြစ် အသုံးချခဲ့ကြသော်လည်း ၎င်းတို့ အရေး အတွက် တပြားတချပ်မျှပင် လှုဒန်းထောက်ပံ့ခဲ့ကြခြင်း မရှိပေ။

 

ဒေါ်အောင်ဆန်းစုကြည်သည် သူမကိုယ်တိုင် အကြမ်းမဖက်ရေး နည်းလမ်းကို အခိုင်အမာ ယုံကြည် ကျင့်သုံးသူ ဖြစ်သော်လည်း တိုင်းရင်းသား များ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရန် လက်နက်ကိုင် တွန်းလှန်နေမှုကို မည်သည့် အခါမျှ ရှုတ်ချ ပြောဆိုခဲ့ခြင်း မရှိဟု စာစောင်တွင် ရေးသားထားသည်။

 

ယခုအခါ လူငယ် မျိုးဆက်သစ် ခေါင်းဆောင်များ အလျိုလျို ပေါ်ပေါက်လာတော့မည် ဖြစ်ပြီး နိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီ စနစ် ဖြင့် ပြန်လည် တည်ဆောက်ကြတော့မည် ဖြစ်သည်။ ထိုအခါတွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ခဲ့ရသော အခက်အခဲ များကို သိရှိ သဘောပေါက်လာကြမည် ဖြစ်သည်နှင့် အမျှ သူမ၏ ကိုယ်ကျင့် သိက္ခာ နှင့် သတ္တိရှိစွာ ရဲဝန့်စွာ ရင်ဆိုင်ခဲ့မှုများသည် ဒီမိုကရေစီ အရေး အတွက် တန်ဖိုး မဖြတ်နိုင်သည့် အတုယူစရာ များ အဖြစ် အမြဲလို သတိရနေကြမည်သာ ဖြစ်သည်။

 

မင်းအောင်လှိုင် အဖို့ကား ပြည်သူတရပ်လုံး၏ အမုန်းဆုံး လူသား ဘွဲ့ကို အာဏာနှင့် လဲလှယ် လိုက်ပြီ ဖြစ်ပြီး တိုင်းပြည်ကို ယတြာ နိုင်လျှင် အုပ်ချုပ်၍ ရပြီဟု ယူဆကာ မိုက်တွင်း နက်နေဆဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!