သံမဏိ နှင်းဆီ အား အီတလီ မှ ဂုဏ်ထူးဆောင် ဘွဲ့ ချီးမြှင့်

by Hla Soewai - Jun 19 2024

အီတလီ နိုင်ငံ မြောက်ပိုင်း မီလန် ရှိ အဘီယတ်တီ ဂရပ်ဆို မြို့မှ နိုင်ငံတော် အတိုင်ပင်ခံ အား ဂုဏ်ထူးဆောင် နိုင်ငံသား ဘွဲ့ကို ချီးမြှင်လိုက်ပြီ ဖြစ်သည်။

 

သူမသည် ယနေ့ တွင် အသက် ၇၉ နှစ် ပြည့်သွားပြီ ဖြစ်သည့် မွေးနေ့ကို အကျဉ်းထောင်ထဲတွင် တဦးတည်း ကုန်လွန် ဖြတ်သန်းရတော့မည် ဖြစ်သည်။ ဘဝ၏ လေးပုံတပုံ နီးပါးကို အချုပ်နှောင်ခံ ဘဝ ဖြင့် နေခဲ့ရပြီး ဖြစ်၍ သူမ အတွက် ထူးဆန်းလှမည်တော့ မဟုတ်ပေ။

 

သို့သော် နိုင်ငံ ဖွံ့ဖြိုးရေး အတွက် အားကြိုးမာန်တက် အတူ လုပ်ကိုင်ခဲ့ကြသည့် လုပ်ဖေါ် ကိုင်ဖက် များကို တော့ အထူး အမှတ်ရနေမည်ကတော့ အမှန်ပင် ဖြစ်သည်။

 

သူမ ကိုယ်စား ဆုကို တက်ရောက် လက်ခံခဲ့သည့် အသက် ၄၇ နှစ် ရှိ ကိုထိန်လင်း ခေါ် ကင် အဲရစ် သည်ပင် အမေ ဖြစ်သူ ဘယ်နေရာ ရောက်နေသည်ကိုပင် အတိအကျ သိခွင့် မရ ဖြစ်နေသည်။ ၁၉၉၁ တွင်လည်း ကင် သည် အကို ဖြစ်သူ အဲလက်ဇန်းဒါး၊ ဖခင် ဖြစ်သူ မိုက်ကယ် အဲရစ် တို့နှင့် အတူ နိုဘဲ ငြိမ်းချမ်းရေး ဆုကို တက်ရောက် လက်ခံခဲ့ဖူးသူ လည်း ဖြစ်သည်။

 

အဆိုပါ အခမ်းအနားသို့ မြို့တော်ဝန် ချိန်ဆာရီ နေး မှ ဦးဆောင်ပြီး ‌ဒေသ လွှတ်တော် အမတ်များ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ခရစ်ယာန် အသင်းအဖွဲ့ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

 

ကင် အဲရစ်က စစ်တပ်သည် အရေးနိမ့်သွားပြီး အကြမ်းဖက်မှု များ အဆုံးသတ်သွားလိမ့်မည် ဆိုသည်ကို အခိုင်အမာ ယုံကြည်ထားသူ ဖြစ်သည်။ ထို့နောက်တွင် မြန်မာတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြား ဆက်ဆံမှုများ၊ တန်းတူ ညီမျှ မှု မရှိခြင်း၊ ဆင်းရဲတွင်း နက်နေမှု များ ဖယ်ရှားပစ်နိုင်မှသာ မြန်မာ တို့ လိုလားသည့် ငြိမ်းချမ်းသာယာစွာ နေထိုင် လုပ်ကိုင် စားသောက်နိုင်ခွင့် ရရှိမည် ဖြစ်သည်။ တဦးမကျန် မလွတ်လပ်သေးသရွေ့ မည်သူမျှ လွတ်လပ်စွာ နေထိုင်ခွင့် ရကြလိမ့်မည် မဟုတ်ဟု ကင် သည် AsiaNews နှင့် တွေ့ဆုံမေးမြန်းခန်း တွင် ပြောပြခဲ့သည်။

 

မိခင် ဖြစ်သူ နှင့် အာဏာမသိမ်းမီ က နောက်ဆုံးအကြိမ် စကားပြောခွင့် ရခဲ့ပြီး၊ ထို့ နောက်ပိုင်း သုံးနှစ်ခွဲ ကျော်လာသည်အထိ စာလေး တ‌စောင်သာ လက်ခံရရှိခဲ့သေးသည်ဟု ပြောပြခဲ့သည်။ ‌၎င်း၏ အခေါ် မေမေ သည် အကျယ်ချုပ် ဖြင့် နေထိုင်ခွင့် ရနေသည် ဆိုသည် ကို ၎င်း အနေနှင့် သံသယ ရှိနေကြောင်း နှင့် နေပြည်တော်ရှိ အကျဉ်းထောင်ထဲတွင်သာ ရှိနေဆဲ ဟု ဆိုသည်။ သူမ ကို သတင်း ဖြစ်လာအောင် ထောင်ထဲမှ အပြင်သို့ ခေါ်ထုတ်သွားပြီး နောက်ပိုင်းတွင် အရင်နေရာ ပြန်ထားကောင်း ပြန်ထား နိုင်ပြီး၊ မိခင် ဖြစ်သူ ထောင်အပြင်တွင် နေ နေရသည် ဆိုသည် ကို အတည်ပြု နိုင်သည့် သတင်း အတိအကျ ထွက်ပေါ်လာခြင်း မရှိသေးဟုလည်း ပြောပြခဲ့သည်။

 

မနှစ် ယခုလို အချိန်တွင် မကျန်းမာဟု သတင်းများ ထွက်နေ‌ သော မိခင်ထံ စစ်ခေါင်းဆောင်များက ၎င်းအား စာတစောင် နှင့် အတူ ကျန်းမာရေး အတွက် ပစ္စည်း ပေးပို့ခွင့် ပြုသည်ဆို၍ ပေးပို့ပြီးနောက် သူမထံမှ ယခုနှစ်ဆန်းတွင် ပြန်စာကို လက်ခံရရှိခဲ့၍ မိခင်သည် အသက်ရှင်လျှက် ရှိနေသေးသည် ကို သိလိုက်ရ၍ ဝမ်းသာ ခဲ့ရသည်ဟု ဆိုသည်။ ယခု ထိလည်း ရှေ့နေ များ နှင့် တွေ့ခွင့် မရသေးဟုလည်း ပြောပြခဲ့သည်။

 

ကင် သည် အသက် ဆယ်နှစ် နှစ်သား အရွယ်တွင် အကျယ်ချုပ် ကျခံနေရသည့် မိခင် ဖြစ်သူ နှင့် ခေတ္တခဏ အတူ သွား‌ ရောက် နေထိုင်ခဲ့ဖူးပြီး၊ နောက်ပိုင်း တွင် စစ်ခေါင်းဆောင်များ စိတ်လိုလက်ရ ရှိလာသည့် အခါမျိုး တွင် ၎င်းအား အလည် လာခွင့် ပေးခဲ့သည်။

 

ပြန်လည် လွတ်မြောက်လာပြီး နောက်တွင် မိခင် သည် နိုင်ငံ ပြန်လည် တည်ဆောက်ရေး အတွက် မနားမနေ လုံးပမ်းနေရ၍ သူမနှင့် အတူ နေခွင့် များများစားစား မရခဲ့ကြောင်း ကင် က ပြောပြခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓ ၏ ဓမ္မ တရားတော်များကို သက်ဝင် ယုံကြည်စွာ ကျင့်ကြံ လိုက်နာ နေထိုင်ခဲ့မှု ကြောင့် လည်း စစ်အာဏာရှင်များ နှင့် ရင်ဆိုင်ရာတွင် ခွန်အား များ အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သူ ဖြစ်သည်ဟု သတင်းတွင် ဖေါ်ပြထားသည်။

 

သို့သော် ကင် သည် မိခင်ကဲ့သို့ ဘာသာရေး အပေါ် အလေး အနက် ယုံကြည်သူ ဖြစ်မလာခဲ့ပေ။

 

ကင် ၏ အမြင်တွင် နိုင်ငံကို ပြန်လည် တည်ဆောက်ရန် နှင့် ဒီမိုကရေစီ လမ်းကြောင်း ပေါ် လျောက်လှမ်းနိုင်ရန် အချိန်များစွာ ယူရဦးမည် ဖြစ်ပြီး တိုင်းရင်းသားများ အတူတကွ လက်တွဲကြမည်ဆိုလျှင် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။

 

မိခင်ဖြစ်သူ၏ ရိုဟင်ဂျာ များ အရေး ကိုင်တွယ်ပုံ နှင့် ပတ်သက်၍ ကင် မှ သူ၏ အမြင်ကို ယခုလို ပြောသွားခဲ့သည်။

 

"ဒီနေရာမှ နိုင်ငံတကာ မီဒီယာတွေရဲ့ အမြင်က လုံးဝ မှားနေတယ်၊ ကျွန်တော်က သူ့သား ဖြစ်လို့ ဒီလိုပဲ ပြောမှာပေါ့ လို့ ထင်ကြမှာပဲ၊ မေမေက အခြေအနေတွေကို ပြန်လည် တည့်မတ် နိုင်အောင် တကယ်တမ်း ဘာတွေ လုပ်နေခဲ့တယ် ဆိုတာ ကြည့်သင့်တယ်"

 

"မေမေ က အချို့လူတွေ ပြောစေချင်တဲ့ အတိုင်း မပြောခဲ့ဖူး၊ အဲ့လို ပြောလို့ မေမေက ကူညီ ဖြေရှင်းပေးနိုင်စရာ ရှိနေရက် နဲ့ မလုပ်ပဲ နေခဲ့တာမျိုး မဟုတ်ဘူး၊ ဒီအရေး နဲ့ ပတ်သက်ပြီး သူ့ကို အဓိက အကြံပေး နေတဲ့ ရခိုင် မူဆလင် တဦးကို ရန်ကုန် လေဆိပ်မှာ လုပ်ကြံ သတ်ဖြတ်ပစ်ခဲ့ကြတယ်၊ မေမေ က သူ့တင် မဟုတ်ဖူး ကုလ အကြံပေး တွေ ပြောတဲ့ အကြံပြုချက်တွေ အားလုံး လိုက်လုပ်ခဲ့တယ်၊ ဒါတွေကို ဘယ်သူမှ ထည့်မပြောခဲ့ဘူး"

 

"မေမေ က ဒါ တွေကို ထုတ်မပြောခဲ့တာလည်း အကြောင်းရှိနေတယ်၊ ပြောလိုက်လို့ရှိရင် သွေးထွက်သံယို မှု တွေက ဒီထက်တောင် စော ဖြစ်လာဖို့ ရှိနေတယ် ဆိုတာ သိထားလို့ပဲ၊ နိုင်ငံတကာ မီဒီယာတွေက ဒီလိုမျိုး အကြောင်းတွေ ပြောစေချင်ကြတာ မဟုတ်ဘူး၊ သူတို့ အားလုံးက စစ်တပ်ကို ရန်စသလို ဖြစ်သွားနိုင်တဲ့ အကြောင်းမျိုး တွေ ကို မပြောလို့ ဝိုင်းရှုတ်ချလာကြတာ၊ သူတို့ ပြောစေချင်တာမျိုးက တိုင်းပြည် အတွက် အပြုသဘော မဆောင်ဘူး"

 

ဒေါ်အောင်ဆန်းစုကြည် သည် စစ်တပ်ကို ဆန့်ကျင်ချင်း မျိုး မ‌ဖြစ်စေရပဲ သူမတွင် ရှိသည့် လုပ်ပိုင်ခွင့်အာဏာ ဖြင့် ကြိုးပမ်းနေခဲ့ခြင်းသာ ဖြစ်သည်မှာ ထင်ရှားလာခဲ့သည်။

 

"ဒီမိုကရေစီက တည်ဆောက်နေဆဲ အချိန်မှာ အခြေအနေတွေက ဘယ်လောက်ထိ အထိအခိုက် မခံ ဖြစ်နေတယ်ဆိုတာ နားလည်ဖို့ မလွယ်လှဘူး၊ နိုင်ငံတကာ အသိုက်အဝန်း သူတို့ပဲ ပိုသိတယ်၊ တတ်တယ် ထင်နေကြတာ၊ ရိုဟင်ဂျာ အရေးက အတော်လေး နက်နဲ ကျယ်ပြန့်တယ်၊ ဂျီနိုဆိုက် ကျုးလွန်နေတယ်လို့ ပြီးစလွယ် ပြောလို့မရဘူး၊ စစ်တပ်က ဂျီနိုဆိုက် ကျုးလွန်နေပါတယ်လို့ မေမေကို လူတွေ က ပြောစေချင်ကြတာ၊ အဲ့ဒီ စကားလုံးကိုပဲ အတိအကျ သုံးစေချင်‌နေကြတာ"

 

"တကယ်တမ်းကျ လူတွေက ဒီတခု ပေါ်လာရင် ဒီတခုဖက် မဲလာပြီး နောက်တခု ပေါ်လာရင် နောက်တခု ဖက် လှည့်သွားကြတာမျိုး၊ သူတို့မှာ တခုကို တခု စွဲစွဲမြဲမြဲ လုပ်ချင်တဲ့ စိတ် မျိုး က လက်တဆစ်လောက်ပဲ ရှိကြတာ"

 

ဤသည်ကား ကိုထိန်လင်း ခေါ် ကင် အဲရစ်၏ ရိုဟင်ဂျာ အရေး နှင့် ပတ်သက်၍ ပြောသွားခဲ့ခြင်းပင် ဖြစ်သည်။

 

ပြည်သူ တို့ ၏ မိခင်ကြီး စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ ချမ်းသာခြင်း တို့ နှင့် အမြဲ ပြည့်စုံနေပါစေ။