သင်္ဘောသား မလိုသည့် ယူကရိန်း ရေတပ်

by Hla Soewai - Jun 19 2024

၂၀၂၂ ဖေဖေါ်ဝါရီ လ ရုရှား တို့ ယူကရိန်းအား ကျုးကျော်လာခဲ့စဉ် က ယူကရိန်း တွင် ရေတပ် ဆို၍ ရှိသည် ဆိုယုံ ပြောနိုင်သည့် အဆင့်မျှသာ ရှိနေခဲ့သည်။ ထိုသို့ မရှိမဲ့ ရှိမဲ့ ကြားထဲမှ ရုရှားတို့ သိမ်းယူသွားမည် စိုး၍ ဖရီးဂိတ် စစ်သင်္ဘော တစီးကို ဖျက်စီးခဲ့ရပြန်သည်။

 

နောက်ပိုင်း နှစ် နှစ် ကြာ၊ ယူကရိန်းသည် မြေပြင်တွင် ရုရှား ထိုးစစ်ကို ကြံ့ကြံ ခံနိုင်ရေး အတွက် ရုန်းကန် နေရချိန်တွင် ပင်လယ်နက် ဒေသတွင်တော့ ယူကရိန်း တို့ အောင်ပွဲခံလျက် ရှိနေသည်။ ၎င်းတို့ ၏ ကောက်ပဲသီးနှံ တင် သင်္ဘောများအား ပိတ်ဆို့ထားမှု ကို ဖေါက်ထွက်နိုင်ခဲ့ပြန်သည်။

 

ယူကရိန်း ၏ အောင်ပွဲရလာမှုများသည် မကြာခဏ ဆိုသလို နည်းပညာပိုင်း တီထွင် ဆန်းသစ်မှု များ အပေါ် မူတည်နေတတ်သည်။ ကမ္ဘာပေါ်ရှိ မည်သည့် ရေတပ်မဆို ရေတပ်သားများ လိုက်ပါပြီး တိုက်ခိုက်ကြရသော်လည်း ယူကရိန်းသည် ဒရုန်း ဘုတ် များ ခေါ် Uncrewed Surface Vehicle (USV) များ သုံး၍ သာ တိုက်ခိုက်ခဲ့ကြသည်။ ယူကရိန်းသည် ဒရုန်း ဘုတ်များဖြင့် ပင်လယ်ပြင် တွင် မည်သို့ အနိုင်ရအောင် တိုက်ခိုက်ခဲ့ကြသနည်း။

 

နိုင်ငံ အများ အပြားတွင် ရေမြုပ်မိုင်း ရှင်းလင်းရေး နှင့် ရန်သူ ရေငုပ်သင်္ဘောများ ရှာဖွေရေး များ အတွက် ဒရုန်းဘုတ်များကို အရံ အဖြစ်ထား၍ အသုံးပြုခဲ့ကြသည်။ အမေရိကန် ရေတပ်မှ ၂၀၁၆ တွင် စတင် ထုတ်လုပ် အသုံးပြုခဲ့သည်အလျား မီတာ ၄၀ ရှည် Sea Hunter အမျိုးအစား ဒရုန်းဘုတ် သည် လူကြိုက်အများဆုံး ဖြစ်သည်။ သို့သော် ယူကရိန်း၏ ဒရုန်းဘုတ်များ သည် တမူ ထူးခြားနေသည်။

 

ယူကရိန်းသည် မဟာမိတ်များ၏ အကူအညီ ဖြင့် တည်ဆောက်ရ လွယ်ကူ လျှင်မြန်ပြီး သေးငယ်သည့် ဒရုန်းဘုတ်များကို ဈေးပေါပေါ နှင့် ထုတ်လုပ် နိုင်ခဲ့သည်။ ထိုဒရုန်းဘုတ်များကို တိုက်ခိုက်ရေး အတွက် အဓိက ထား အသုံးပြုလာခဲ့သည်။ အမျိုးအစား ပေါင်း ၁၁ မျိုး အထိ ရှိနေသည်။

 

ယူကရိန်း သည် ဒရုန်းဘုတ်များကို ဂြိုလ်တု မှ တဆင့် ထုတ်လွှင့်သော ဗီဒီယို ပုံရိပ်များ သုံး၍ အဝေးထိန်း စနစ် ဖြင့် မောင်းနှင်သည်။ ဒရုန်းယာဉ် တွင် ‌ယမ်းများ တင်ဆောင်ကာ ကာမီကာဇေ ပုံစံမျိုး ဖြင့် တိုက်ခိုက်ရန် အတွက် အသုံးပြုခဲ့ကြသည်။

 

ယူကရိန်း သည် ဒရုန်းဘုတ်များဖြင့် ရုရှား ကင်းလှည့်ရေယာဉ်များ၊ သယ်ယူပို့ဆောင်ရေး ရေယာဉ်များ၊ စစ်သင်္ဘောများ ကို ၎င်း၊ ကရိုင်းမီယား နှင့် ရုရှား ကို ဆက်သွယ်ထားသည့် ကာခ်ျ တံတားကြီးအား၎င်း တိုက်ခိုက်လာခဲ့သည်။ ဒရုန်း တခုချင်းစီ ဆိုက ပျက်စီးမှု အနည်းအကျဉ်းသာ ရှိနိုင်သော်လည်း ဒရုန်းပေါင်းများစွာ ဖြင့် တပြိုင်တည်း တိုက်ခိုက်မည် ဆိုက သင်္ဘော တစီးလုံး နစ်မြုပ်သွားနိုင်သည်။ ထိုနည်းဖြင့် ရုရှားတို့၏ ဆီဇာ ကူနီကော့ အပါအဝင် စစ်သင်္ဘော ၁၀ စင်းခန့်အား နစ်မြုပ်ပစ်နိုင်ခဲ့ပြီး ဖြစ်သည်ဟု ခန့်မှန်း၍ ရသည်။

 

ရုရှားသည် ယူကရိန်း ဒရုန်းဘုတ်များအား အမြှောက်များ၊ စက်သေနတ်မျာဖြင့် ပြန်လည် ခုခံကြသည်။ သို့သော် ယူကရိန်းသည် ထိုအရေး အတွက် အဖြေရှိထားပြီး ဖြစ်သည်။ ကာမီကာဇေ ပုံစံမျိုး ဖြင့် မဟုတ်တော့ပဲ ၁၂၂ မမ ဂရက် ဒုံး ခြောက်လုံးတွဲ ဖြင့် ပစ်ခတ် လာခဲ့သည်။ အဆိုပါ ဒုံးများသည် ရုရှား အမြှောက်များ ထားရှိရာ ခံစစ် စည်း ကိုပင် ကျော်လွန် ပေါက်ကွဲနိုင်သည်။

 

ဆိပ်ကမ်းများတွင် ရပ်နား နေသော သင်္ဘောများ နှင့် မြေပေါ်ရှိ ပစ်မှတ်များကိုပင် ပစ်ခတ်လာနိုင်ခဲ့သည်။ တိကျစွာ ပစ်ခတ်နိုင်စွမ်း မရှိသော်လည်း ရေဒါများ၊ ဆက်သွယ်ရေး ပစ္စည်းများ နှင့် မြင်နေရသည့် အမြှောက်များကို ပစ်ခတ်ခြင်းဖြင့် ရုရှား တို့ ဗျာများနေချိန်တွင် ကာမီကာဇေ ဒရုန်းများဖြင့် အသာလေး ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ ပဲ့ထိန်းစနစ် မရှိသော ဒရုန်းများ သည် အကုန်အကျ သက်သာ၍ အများအပြား ထုတ်လုပ်နိုင်ယုံမျှမက အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ သုံးနိုင်သည်။

 

ရုရှားသည် ယူကရိန်း ဒရုန်းဘုတ်များကို ကြားဖြတ် တိုက်ခိုက်နိုင်ရန် ရဟတ်ယာဉ် များ ဖြင့် ရှာဖွေခဲ့ကြသည်။ ထိုအရေး အတွက်လည်း ယူကရိန်းတွင် အဖြေ ရှိနှင့်ပြီး ဖြစ်သည်။ ဤသည်ကား ဒရုန်းဘုတ်များတွင် ဝေဟင် မှ ဝေဟင်ပစ် R-73 ဒုံးကျည် နှစ်စင်းကို ရေပြင်ပေါ်မှ ပစ်ခတ်နိုင်‌ အောင် ပုံစံပြောင်းတပ်ဆင်လာခဲ့သည်။ ဤသို့ဖြင့် ဒရုန်းဘုတ်များသည် သားကောင် ဘဝမှ မုဆိုး ဖြစ်လာခဲ့ပြီး တန်ဖိုးကြီး ရဟတ်ယာဉ်များ ကို မြှု ပြီး ပစ်ချ နိုင်ခဲ့သည်။

 

မိမိတို့၏ ဒရုန်းဘုတ်များသည် ရုရှားတို့အား အလစ်အငိုက် တိုက် ရန် အသင့် ရှိနေပြီဟု ယူကရိန်း စစ်ဖက် ထောက်လှန်းရေး အကြီးအကဲ ကီရီလို ဘူဒါနော့ က ဆိုသည်။ ပြည်ပ မှ ဒရုန်း ထုတ်လုပ်သူများကလည်း ထိုသို့ လုပ်နိုင်ရန် လမ်းပြလာခဲ့သည်၊ ထိုအထဲတွင် တူရကီ မှ ကုမ္ပဏီ လေးခု သည် ရေအောက်မှ နေ၍ ပစ်မှတ် ရှိရာသို့ တိတ်တဆိတ် ချည်းကပ်ပြီး အနားရောက်မှ ရေပေါ်သို့ ဘွားကနဲ ပေါ်ကာ လျင်မြန်စွာ ပစ်ခတ် နိုင်မည့် ကာမီကာဇေ ဒရုန်း များ တီထွင်ပေးခဲ့ပြီး ဖြစ်သည်။

 

မြေပြင်စစ်ပွဲတွင် ဒရုန်းများဖြင့် ယူကရိန်း၏ အောင်မြင်မှု များကို ကြည့်၍ နိုင်ငံ အများအပြားသည်လည်း ၎င်းတို့၏ လက်နက်ကိုင် တပ်ဖွဲ့များ အတွက် ကိုယ်ပိုင် ဒရုန်း များ တီထွင်နိုင်ရန် ယခင်ကထက် ပို၍ ရင်းနှီး မြုပ်နှံလာကြသည်။ သို့သော် ယူကရိန်း၏ ပင်လယ်ပြင် တွင် အောင်ပွဲများ ရလာသည့် အတွက်တော့ ၎င်းတို့၏ ရေတပ် များ ကိုဒရုန်းဘုတ်များ ဖြင့် အားဖြည့်နိုင်ဖို့ အလျင်အမြန် ထုတ်လုပ်လာဖွယ် မရှိသေးသော်လည်း ရုရှားကမူ ပင်လယ်ပြင်သုံး တိုက်ပွဲဝင် USV ဒရုန်းများကို စတင် အသုံးပြုလာနေပြီ ဖြစ်သည်။

 

(၂၀၂၄ ဇွန်လ ၁၂ ရက် ထုတ် အီကောနော်မစ် မဂ္ဂဇင်း ပါ "Ukraine has a navy that needs no sailors" ဆောင်းပါး ကို ပြန်လည် တင်ပြသည်။)