ဗိုလ်လုပ်တယ် ဆိုတာ လွယ်မှတ်လို့

by Hla Soewai - Jun 19 2024

တနင်္လာနေ့ တွင် ရန်ကုန် ရှိ စိတ်တော်သိ ဗောင်းတော်ညိမ့် ပုဂ္ဂိုလ်များ နှင့် တွေ့ဆုံရာတွင် မင်းအောင်လှိုင်မှ လူထု ၏ ခုခံတွန်းလှန်စစ် ကို ‌ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်ဟု ဝန်ခံသွားခဲ့သည်။

 

သံလျင် တံတား ဖွင့်ပွဲသို့ ရောက်လာမည့် ၎င်းအား လုပ်ကြံရန် ကြံစည်ခဲ့သည့် ရန်ကုန် ပျောက်ကြား အဖွဲ့ အားလည်း ဖြိုခွင်းနိုင်ခဲ့သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

မင်းအောင်လှိုင် အဖို့က ထိုအရေး အား ယခင်ကလို မျက်နှာပြောင်တိုက်ကာ အရေးမစိုက်သည့်ဟန် လုပ်၍ မရတော့ပဲ အပူရုပ်ကို ဟန်လုပ်နေရပုံကို တံတား ဖွင့်ပွဲ အခမ်းအနား တွင် အတိုင်းသား တွေ့မြင်နေရသည်။

 

နိုင်ငံ အနှံ အပြား တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိုးစစ်က တဖြေးဖြေး အရှိန်ရလာနေပြီ ဖြစ်သည်။ ကချင်လွတ်လပ်ရေး တပ်များသည် ဝိုင်းမော်မြို့ ပတ်ပတ်လည်ရှိ စစ်စခန်းများကို နာရီ ပိုင်း အတွင်းမှာပင် အကုန်အစင် သိမ်းပိုက်နိုင်လိုက်ပြီ ဖြစ်သည်။

 

အနောက်ဖက် စစ်မျက်နှာ တွင်လည်း စစ်တွေအား ရက္ခိတ တပ်တော် လက်သို့ မကျစေရေး အတွက် မြို့ အနီး တဝိုက် ရွာများ တွင် နေထိုင်သူများအား မောင်းထုတ်ကာ၊ အချို့အား လူသား ဒိုင်းအဖြစ် သုံး၍ ခံစစ်စည်းကို အခိုင်အမာ ပြင်ဆင်နေကြရပြီ ဖြစ်သည်။ မြေမြုပ်မိုင်းများ ၍၊ သွတ်ဆူးကြိုးများ ကာရံနေသည်ဟု သတင်းများက ဆိုသည်။ 

 

စစ်တွေ ကျသွားခဲ့လျင် ပြည်နယ် မြို့တော်အား ပထမဆုံ အကြိမ် လက်လွှတ်လိုက်ရခြင်း ဖြစ်သွားပေလိမ့်မည်။ ဆုံးရှုံးသွားသော မြို့ရွာ များအား သုသာန် တစပြင်လို စိစိညက်ညက် ကြေ သွားမှသာ ၎င်းတို့ အဖို့ ပြန်လည် သိမ်းယူ နိုင်ခဲ့သည့် စစ်ရေး စွမ်းရည်ကိုလည်း သိထားကြပြီး ဖြစ်သည်။ ယခုအခါ နာမည်ကျော် အပန်းဖြေ ကမ်းခြေ ရှိရာ သံတွဲ လေဆိပ် ကိုပင် အေအေ က သိမ်းယူနိုင်တော့မည် ဖြစ်သည်။

 

လက်ရှိ တရုတ် စေ့စပ်ပေးထားသော ရှမ်းမြောက်‌ ဒေသ အပစ်ရပ်ရေး ကို ‌တနင်္ဂနွေနေ့က မိုးမိတ် မြို့နယ် အတွင်းရှိ TNLA အခြေစိုက် စခန်းကို ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးကြဲချ တိုက်ခိုက်ခြင်းဖြင့် စစ်ကောင်စီက ချိုးဖောက်လိုက်ပြီ ဖြစ်သည်ဟု ပြောခွင့်ရ အမျိုးသမီး လွေရေဦးက ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

 

တရုတ်ထံမှ ကင်းလှည့် တိုက်‌ ရေယာဉ် ၆ စီး လည်း လက်ခံရရှိလာ၍ ကမ်းရိုးတန်း ဒေသများကို ကာကွယ် ရန် အသုံးပြုသွားမည်ဟု ယုံကြည်ရသည်။

 

ယမန်နေ့က ထွက်ရှိလာ‌သော ကမ္ဘာဘဏ်၏ ထုတ်ပြန်ချက်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး အတင်းအကျပ် စစ်မှု ထမ်း ရန် ဆင့်ခေါ်နေမှုများ ကြောင့် လုပ်အားများ ဆုံးရှုံးကာ တိုင်းပြည်၏ စီးပွားရေး ကျပ်တည်းမှု သည် နက်ရှိုင်းသည်ထက် နက်ရှိုင်းလာနေပြီး GDP သည်လည်း တစ် ရာနှုန်းမျှသာ တိုးလာဖို့ ရှိနေသည်ဟု ပါရှိလာခဲ့သည်။ အာရှ ဖွံ့ဖြိုးရေး ဘဏ်ကမူ ၁.၂ ရာနှုန်း အထိ ပေးထားသည်။ 

 

လူထု၏ ဝယ်ယူ အား နှင့် လယ်ယာ ထွက်ကုန် ထုတ်လုပ်မှု ကျဆင်းလာခြင်း၊ နယ်စပ် ကုန်သွယ်ရေး များ ပျက်ပြားသွားခြင်းကြောင့် ပစ္စည်းများ ပြတ်လတ်ကုန်သည်ဟု လည်း ဆိုသည်။

 

စက်ရုံ အများစုသည်လည်း ဂျင်နရေတာ ကို သုံး၍ လည်ပတ်နေရခြင်းကြောင့် ထုတ်လုပ်မှု စရိတ်များ မြင့်တက်လာနေ၍ ပြည်တွင်းတွင် ဈေးများ မြင့်တက်လာပြီး ပြည်ပ တွင် လည်း တပန်းရှုံးနေရသည်။

 

မင်းအောင်လှိုင် နှင့် စစ်ဗိုလ်ချုပ်များ ၏ စီမံ ခန့်ခွဲမှု ရီပို့ကပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ လူထု အစိုးရ နှင့် အပုံကြီး ကွာခြားနေမှု အားလည်း ထုတ်ပြန်ချက်တွင် မမေ့မလျော့ ထောက်ပြသွားခဲ့သည်။

 

ကမ္ဘာဘဏ်၏ ထုတ်ပြန်ချက်သည် ကမ္ဘာ အထင်ကရ မီ‌ဒီယာ များ တွင် သတင်း အဖြစ် ဖေါ်ပြလာကြသည်။

 

ထိုသို့ စီးပွားရေး အခြေအနေသည် အဆိပ်အ‌ တောက်များ နှင့် ဖုံးလွှမ်း‌ နေ‌ သော toxic environment ဖြစ်လာနေပြီး စစ်ကောင်စီ၏ ထင်ရာ မြင်ရာ ပြဋ္ဌာန်းလာသည့် စည်းမျဉ်း ဥပဒေသများကို လိုက်နာရမည် ဆိုက လက်ထဲရှိ ပိုင်ဆိုင်သမျှ တတိတိ နှင့် ကုန်တော့မည့် အရေး ကြောင့် အခွင့်ရလျှင် ရသလို ဘန်ကောက်တွင် တန်ဖိုးကြီး ကွန်ဒို များ အလုအယက် ဝယ်ယူကုန်ကြသည်။

 

ယခုနှစ် ပထမ သုံးလပတ် အတွင်းမှာပင် ဝယ်ယူ မှု ပမာဏ သည် ဒေါ်လာ သန်း ၆၀ ခန့် ရှိနေပြီး နိုင်ငံခြားသား များ ထဲတွင် ရုရှား နှင့် တရုတ် နောက် တတိယ နေရာသို့ ရောက်လာသည်ဟု နစ်ကီ အေးရှား ရီဗြူး တွင် ရေးသားထားသည်။ ၂၀၂၃ တနှစ်ပတ်လုံးဆိုက ဒေါ်လာ သန်း ၁၀၀ ခန့် ရှိနေသည်ဟု ဆိုသည်။

 

ထိုအရေးအပေါ် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်လာသော စစ်ကောင်စီ သည် ကွန်ဒို ဝယ်ယူရေး တာဝန်ခံ ကုမ္ပဏီ မှ ဒါရိုက်တာ ၃ ဦး နှင့် ဝယ်ယူသူ ၃ ဦး အား ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။

 

ဝယ်ယူသူ အများစု သည် တကယ်တမ်းတွင် အစည်းအဝေး ခမ်းမထဲတွင် မင်းအောင်လှိုင် ဘာပြောပြော လိုက်လံရေးမှတ်နေကြသူများ ချည်းသာ ဖြစ်နေသည်။

 

လက်ရှိ ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းရန် ကြံနေသော စစ်ဗိုလ်ချုပ်များ နှင့် အပေါင်းအပါများ၏ အဖြစ်သည် ငါးတန်း ကျောင်းသား မှ ဆယ်တန်း စာမေးပွဲ ဝင်ဖြေနေသလို ဖြစ်နေ၍ စိတ်နု သူများ အဖို့ ၎င်းတို့အပေါ် သနားစိတ်ပင် ဝင်နေကြမည် ဖြစ်သည်။

 

မင်းအောင်လှိုင်၏ အပြောများသည်လည်း ဆရာ ဗန်းမော်တင်အောင် စကား ငှားသုံးရလျှင် အမေ နို့မပြတ်သေးသော ကလေးက မကြာခင် မိန်းမ ယူတော့မည်ဟု ပြောနေသည်နှင့် တူနေရပေသည်။ 

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!