မြန်မာ တို့ ၏ VPN တိုက်ပွဲ

by Hla Soewai - Jun 19 2024

မင်းအောင်လှိုင်သည် ပြီးခဲ့သည့် လ အတွင်း ဒုဗိုလ်မှုးကြီး အဆင့်မှသည် ဗိုလ်ချုပ် အဆင့်အထိ စုစုပေါင်း အရာရှိကြီး ၃၀ ခန့်အား‌ ‌အရေးပါသော ရာထူး များ မှ ဖယ်ရှားလိုက်ပြီ ဖြစ်သည်ဟု ဧရာဝတီ က ဆိုသည်။ ၎င်းအဖို့လည်း အာဏာသိမ်းပြီး ချိန်မှစ၍ ကျီးလန့်စာစား ဘဝ ဖြင့် နေ့စဉ်လို အသက်ဆက်နေရရှာသည်။

 

၎င်း၏ ကျီးလန့်စာစား အဖြစ်သည် ပြည်သူများ အား ထိခိုက်လာရပြီ ဖြစ်သည်။ အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတွင်း လူကြိုက် အများဆုံး ဆိုရှယ်မီဒီယာ ‌ဖြစ်သည့် ဖေ့စ်ဘုတ်အား ပိတ်ပင်ခဲ့ရာမှ ယခုအခါ ၎င်းတို့အတွက် အ‌ခြေအနေများ ပိုဆိုးလာနေပြီ ဆိုသည့် လက္ခဏ တရပ် အဖြစ် နောက်ထပ် နှိပ်ကွပ်‌ ရေး လက်နက် အဖြစ် VPN ကိုပင် ဖြတ်တောက်ပစ်လာကြသည်။ Virtual Private Network ဆိုသည့် VPN အား ပြည်သူများက ၎င်းတို့ ပိတ်ပင်ထားမှု ကို ကျော်လွား နိုင်ရန် အသုံးပြု နေကြရသည်။

 

 ထိုသို့ မိမိတို၏ မွန်းကျပ်နေသော စိတ် အား အဟာရ အဖြစ် ဖြည့်ဆည်းရန် မရကုပ်က အသုံးပြုနေကြရမှု ဖျက်ဆီးပစ်ရန် လုံးပမ်းလာခဲ့ကြပြီ ဖြစ်သည်။

 

ယခင်က ၎င်းတို့ ပိတ်ပင်လိုသည် များအား အစိုးရ ဆက်သွယ်ရေး နှင့် အင်တာနက် ကုမ္ပဏီများ အား စာရင်းချပေးကာ လုပ်ခိုင်းခဲ့သော်လည်း ယခုအခါ ထိုသို့ မဟုတ်တော့ပဲ နေပြည်တော်မှ တိုက်ရိုက် ချုပ်ကိုင် ကာ ပြုလုပ်လာခြင်း ဖြစ်သည်ဟု ပြည်သူများ သတင်းများ သိရှိပိုင်ခွင့်ကို လေ့လာစောင့်ကြည့်နေသည့် Access Now မြန်မာ ဌာနခွဲမှ တာဝန်ခံက ဧရာဝတီကို ပြောပြခဲ့သည်ဟု သတင်းပါရှိလာသည်၊ ယခုထိ တရုတ်ပြည်မှာကဲ့သို့ Firewall ကို သုံးလာဖို့ ရှိမရှိကို စောငိ့ကြည့်ရဦးမည်ဟု ဆိုသည်။

 

အချို့ VPN များက ဆက်၍ သုံးနိုင်နေဆဲ ဖြစ်သည်။ အများဆုံး သုံးနေသည့် Psiphon ကိုတော့ လုံးဝ ပိတ်ပစ်နိုင်ခဲ့သည်။ VPN ၏ အားသာချက်သည် သုံးစွဲသူများ၏ တည်နေရာ နှင့် ဝင်ရောက် ကြည့်ရှုခဲ့သည့် ဝက်ဆိုဒ်များကို ခြေရာခံ၍ မရနိုင်ခြင်းပင် ဖြစ်သည်။

 

စစ်ကောင်စီ အဖို့ ထိုသို့ ခြေရာခံ၍ မရသော VPN ကို အဘယ်ကြောင့် ယခုထိ လွှတ်ပေးထားရသနည်းဟု မေးစရာ ဖြစ်လာကြောင်း၊ ၎င်းတို့ အဖို့ တော်လှန်ရေး အဖွဲ့များအား လုံးဝ ခြေရာခံ၍ မရသည် အထိ မဖြစ်မခံလိုပဲ သတင်း အချက်အလက်များ ရနိုင်သ လောက် စုဆောင်းနိုင်ရန် စောင့်ကြည့်နေခြင်၍ ဖြစ်သည်ဟု သူမ က ပြောပြသည်။

 

နောက်ပိုင်း တွင် စစ်ကောင်စီသည် ၎င်းတို့ အခြေအနေ ပို၍ ယိမ်းယိုင်လာနေမှန်း သိလာ၍ အပြီးအပိုင် ပိတ်ပစ်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်ပုံ ရသည်ဟု ဆိုသည်။ ထို့အတွက် စီးပွားရေး လုပ်ငန်းများ နှင့် ၎င်းတို့၏ ထောက်လှန်းရေး ယန္တရားများပါ ထိခိုက်သွားခဲ့ရ၍ တန်ဖိုးကြီးကြီး ပေးခဲ့ကြရသည်။

 

လူထု အတွက်လည်း အကြီးအကျယ် ထိခိုက်သွား၍ မိမိတို့ အဖွဲ့သည် စစ်ကောင်စီ၏ ပိတ်ဆို့မှု အား မည်သို့မည်ပုံ ကျော်လွှားပြီး ပြန်၍ သုံးနိုင်မည့် နည်းလမ်းကို VPN လုပ်ငန်းများ နှင့် ဆက်သွယ် မြန်း နေသည်ဟုလည်း ဆိုသည်။ အချိန်ကြာလာသည် နှင့် အမျှ တိုးတက်လာသော နည်းပညာများ ဖြင့် ကျော်လွှားနိုင်မည်သာ ဖြစ်သည်ဟု ဆိုသည်။

 

တရုတ်ပြည်ကဲ့သို့ Firewall တပ်ဆင်ရန် အတွက်မူ ငွေကုန်ကြေးကျ လွန်စွာ များပြီး လုံလောက်သည့် နည်းပညာ အရင်းအမြစ်များလည်း ရှိမထားပေ၊ သို့သော် လူထုအား ထားရာနေ စေရာသွား ဘဝ ဖြင့် ဓါးမိုး အုပ်ချုပ်သွားနိုင်မှ ၎င်းတို့ အဖို့ သက်ဆိုးရှည် နိုင်မည်ဟု တွက်ဆထားပြီး ဖြစ်၍ လျော့တွက် မထားသင့်ကြောင်း၊ ၎င်းတို့ အနေဖြင့် အရာရာတိုင်းကို ထိန်းချုပ်နိုင်စွမ်း မရှိ၍ မလိုအပ်ပဲ စိုးရိမ် ထိတ်လန့်ခြင်းမျိုး မဖြစ်သင့်ကြောင်းလည်း သူမ က ထောက်ပြသွားခဲ့သည်။

 

တော်လှန်ရေး အင်အားစု များ သည် ၎င်းတို့ လက်လှမ်း မမှီနိုင်သည့် ဂြိုလ်တု ဆက်သွယ်ရေး၊ ဖုန်းများ၊ အင်တာနက်များ ဖြင့် လှုပ်ရှားနိုင်စွမ်း ရှိနေ၍ သိသိသာသာ ထိခိုက်မှု မရှိဟုလည်း သိရသည်။

 

စစ်ကောင်စီ မှ ဖေ့စ်ဘုတ် အား အစားထိုးနိုင်ရန် MySpace ဆိုသည်ကို တီထွင်လာသော်လည်း လူထုက လက်မခံ၍ အောင်မြင်ခဲ့ခြင်း မရှိပေ။ ၎င်းတို့၏ လုပ်ရပ်သည် မိမိတို့အား စောင့်ကြည့် ထောက်လှန်း နိုင်ဖို့ သာ အဓိက ဖြစ်သည်ကို လူထုက ကောင်းစွာ သဘောပေါက် နားလည်ထားပြီးလည်း ဖြစ်သည်။ Apple Store နှင့် Google Play အားလည်း ၎င်းတို့၏ MySpace ကို လက်မခံရန်လည်း တိုက်တွန်းထားသည်ဟု ဆိုသည်။

 

လက်ရှိ ကမ္ဘာပေါ်တွင် VPN အား ပိတ်ဆို့ထားသည့် နိုင်ငံဟူ၍ တရုတ် တနိုင်ငံတည်းသာ ရှိနေသည်။ မြန်မာမှ အခုလို ပိတ်ဆို့လာသည် အထိ ဖြစ်လာခြင်း အတွက် နိုင်ငံတကာ မှ အလေး အနက်ထား၍ မြန်မာ ပြည်သူများ အား ကူညီပံ့ပိုးပေးသွားသင့်ပေသည်။

 

ထိုသို့ လုပ်လာနိုင်သည် ကို ကြိုတင်တွက်ဆထားပြီး ဖြစ်၍ လွန်ခဲ့သည့် နှစ် နှစ်ကတည်းက နိုင်ငံတကာကို ပန်ကြားထားပြီး ဖြစ်သော်လည်း အရေးတယူ ဆောင်ရွက်ပေးခြင်းမျိုး မရှိဟု သူမ က ပြောပြသွားခဲ့သည်။

 

စစ်တပ်၏ မဲမဲမြင်ရာ ဗုံးကြဲတိုက်ခိုက်ခြင်း ခံနေရသော လူထု အဖို့ အွန်လိုင်း မှ တဆင့် ဆက်သွယ်နိုင်ရေး သည် သေရေးရှင်ရေး တမျှ အရေးကြီးနေသော အချိန်လည်း ဖြစ်သည်။ စစ်ဗိုလ်ချုပ်များသည် ထိုသို့ ပိတ်ပင်ထားနိုင်မှသာ စစ်ရာဇဝတ်မှု များကို သက်သေ အထောက်အထား မရှိ စိတ်ထင်တိုင်း ကျုးလွန် နိုင်တော့မည်ဟု ယူဆထားဟန် ရှိသည်။

 

ဆိုရှယ် မီဒီယာ အသုံးပြုသည် ကိုပင် တရားမဝင်ဟု သတ်မှတ်လာသော နိင်ငံ အဖို့ ရှေ့လျောက် မည်သို့များ တိုးတက်ရာ တိုးတက်ကြောင်း ဖန်တီး ပေးနိုင် ပေဦးမည်နည်း။ လူငယ်များအဖို့ ဘိုးဘွား မိဘများထက် တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်ရမည့် အစား သမိုင်းဘီးကို အတင်း နောက်ပြန်လှည့်ကာ ဒီဂျစ်တယ် အမှောင် ခေတ်ကြီး ထဲသို့ တွန်းပို့လိုက်ခြင်းပင် ဖြစ်သည်။

 

ထို့အတွက် မြန်မာ လူထု သည် ကမ္ဘာပေါ်တွင် လွတ်လပ်ခွင့် များ အကုန်နီးပါး ဆုံးရှုံးသွားရသည့် လူ့အစည်းအရုံးဝင် များ အဖြစ် သို့ ရောက်သွားခဲ့ရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!