၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မီတီ ဖွဲ့စည်းရေး အရေးပေါ် အဆို တခုကို တင်သွင်းလိုက်ခြင်းဖြင့် အမျိုးသား ဒီမိုကရေစီ အစိုးရ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကတိ ကို အကောင်အထည် ဖေါ်ဖို့ စတင်လှုပ်ရှားလာခဲ့ပါတယ်။
သို့သော် ဆယ်ရက်အတွင်း မှာပင် ကျောင်းကုန်း ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း အပါအ၀င် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၀၅ ဦး နှင့် ရွေးကောက်ခံ ကိုယ်စားလှယ် ၃၈ ဦးက ဖွဲ့စည်းပုံ ကို ဒုတိယ အကြိမ် ပြင်ဆင်လိုသည့် ဥပဒေမူကြမ်းတင်သွင်းလာသည်ကို ၂၀၁၉ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့တွင်ပင် ပြည်ထောင်စု လွှတ်တော် နာယက က လက်ခံရရှိခဲ့ပါတယ်။
၎င်းတို့ တင်သွင်းလာသည် ဥပဒေမူကြမ်းသည်က ပုဒ်မ ၂၆၁ တခုတည်းကို သာ ပြင်ဆင်လိုတာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
သို့သော် အဆိုပါ ပုဒ်မ တခုတည်း ကိုသာ ပြင်ဆင် မည်ဆိုက မထင်မှတ်တဲ့ ဆူးညှောင့်ကြီးများ ထွက်ပေါ်လာနိူင် တဲံ အတွက် ဆက်စပ်ပုဒ်မ များကိုပါ ပြင်ဆင်ဖို့ မရှိမဖြစ် လိုအပ်လာပါတယ်။
ပထမဆုံး အနေနဲ့ ပြင်ဆင်ရမှာကတော့ ပုဒ်မ ၂၆၁ (ခ-၁) ပါ “သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များထဲက သတ်မှတ် အရည်အချင်းများ နှင့် ပြည့်စုံသော သင့်လျော်သော လွှတ်တော် ကိုယ်စားလှယ် တဦး” ဆိုသည့် နေရာတွင် “ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တဦး” ဆိုသော စကားကို မဖြစ်မနေ ပြင်ဆင်ရန် လိုအပ်လာပါတယ်။
သို့မဟုတ်က ရခိုင်ပြည်နယ်၏ ဒုတိယ မြောက် ၀န်ကြီးချုပ် ဖြစ်ခဲ့သော ဗိုလ်ချုပ် မောင်မောင်အုန်းကို တပ်မတော်သား ကိုယ်စားလှယ် အဖြစ် တင်မြှောက်လာနိူင်သည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိူင်ပါတယ်။
နောက်တချက်က ပုဒ်မ ၆၀ ပါ သမ္မတ ရွေးချယ်ရေး အဖွဲ့မျိုးဖြင့် ဖွဲ့စည်းရန် ပြင်ဆင်သည်ဆိုက ရှမ်းပြည်နယ်ကဲ့သို့ တပ်မတော်သား ကိုယ်စားလှယ်များသည် အမတ်နေရာ အများစု ရရှိထားသော နိူင်ငံရေး ပါတီ တခုထက် ပိုမို များပြားနေသဖြင့် တပ်မတော်သား ကိုယ်စားလှယ်သည် ၀န်ကြီးချုပ် ဖြစ်လာနိူင်ပါတယ်။
ထိုအခြေအနေ ကို လက်ခံသည် ဆိုငြားလည်း အဆိုပါ ၀န်ကြီးချုပ်၏ လုပ်ဆောင်မှုများ ကို မနှစ်သက်က ဖြုတ်ချနိူင်သည့် အယုံအကြည်မရှိ အဆိုတင်သွင်းခွင့်ကိုပါ ထည့်သွင်း ရေးဆွဲရတော့မှာ ဖြစ်ပါတယ်။
ထို့အပြင် တပ်မတော်သားများ ပါဝင်မှု ပုဒ်မ ၂၆၂ (ည) ကိုပါ ဖျက်သိမ်းပေးရပါမှာ ဖြစ်ပါတယ်။ သို့မဟုတ်ပါ တပ်မတော်သား ၀န်ကြီးချုပ်မှ အစိုးရအဖွဲ့ထဲ ထပ်တိုး တပ်မတော်သား ၀န်ကြီး တွေ ခန့်အပ်လာနိူင်ပါတယ်။
အဆိုပါ ဥပဒေအား ပြင်ဆင်ခွင့် အတည်ပြုလိုက်သည့် နေ့တွင်ပင် စတင် အာဏာ သက်ရောက်မှာလည်း ဖြစ်နေပြန်တဲ့ အတွက် အာဏာရ ပါတီ ၏ ကိုယ်စားလှယ် နည်းပါးသော လွှတ်တော်များတွင် အုပ်ချုပ်ရေး တွင် အပြောင်းအလဲ တစုံတရာ ချက်ခြင်းလို ပေါ်ပေါက်လာနိူင်ပါတယ်။
ထိုအခါမျိုး တွင် ပြည်ထောင်စု အစိုးရနှင့် ပါတီ မတူသော ပြည်နယ် ၀န်ကြီးချုပ် ဖြစ်လာပါက ပြည်နယ် ဖွံ့ဇြိုးရေး လုပ်ငန်းများကို မည်သို့များ တက်ညီလက်ညီ လုပ်နိူ်င်ပေတော့မည်နည်း။ ထို့အတွက် ပုဒ်မ ၂၃၈ (ဂ) ပါ ပြည်နယ် တိုင်း ဒေသကြီးများသို့ ဘဏ္ဍာငွေ ဖြည့်ဆည်းပေးခြင်း၊ ချေးငွေများ ခွင့်ပြု ခြင်း ဆိုသည့် အပိုဒ်ကို မပြင်ပါက အဆိုပါ ပြည်နယ် တိုင်း ဒေသကြီးများ အဖို့ နိူင်ငံတော် သမ္မတ မှ သဘောထားကြီးစွာ ပူးပေါင်း ဆောင်ရွက်လာမှုကို မျှော်လင့် ဆုတောင်းနေရမယ့် အနေအထားမျိုး ဖြစ်လာနိူင်ပြန်ပါတယ်။
ထို့အပြင် ပါတီ မတူသည်နှင့် အမျှ လုပ်ပိုင်ခွင့် များ နှင့် ပါတ်သက်ပြီး ဖွဲ့စည်းပုံ ဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်လာဖို့လည်း ရှိနေပါတယ်။ ထို့အတွက် ပုဒ်မ ၃၂၀၊ ၃၂၁ တို့နဲ့ ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံ ခုံရုံး ရဲ့ ဘက်လိုက်မှု ကင်းဖို့ နဲ့ သက်တမ်း ကို တိုးချဲ့ဖို့ပါ စဉ်းစားရတော့မှာ ဖြစ်ပါတယ်။
ထို့အတွက် အမျှော်အမြင် ရှိစွာ စဉ်းစားမည်ဆိုက ပုဒ်မ ၂၆၁ တခုတည်းသာ သီးခြား ခွဲထုတ် ပြင်ဆင်လိုက်ရင် ရှေ့နောက် ကွဲလွဲပြီး ပုဒ်မ အချင်းချင်း ပဋိပက္ခ ဖြစ်လာနိူင်တာတွေ ရှိနေတယ်ဆိုတာ တွေ့မြင်လာနိူင်ပါတယ်။
(မြန်မာရေးရာ အမှတ် (၁၁) ၂၀၁၉ ဧပြီ လ ထုတ် တွင် ပါရှိသည့် ဆရာ ကြည်မင်းသူ၏ “ပုဒ်မ ၂၆၁ ပြင်ဆင်ရုံမျှဖြင့် ပြည်နယ် အစိုးရ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရမည်လော” ကို ပြန်လည် ကောက်နှုတ်တင်ပြထားခြင်း ဖြစ်သည်)