ယမန်နေ့က နှစ်စဉ် ထုတ်ပြန်နေကျ Global Peace Indexကမ္ဘာ အငြိမ်းချမ်းဆုံး နိုင်ငံ များ စာရင်း ထွက်ရှိလာခဲ့သည်၊ ထိုစာရင်း တွင်တော့ မိမိတို့ နိုင်ငံ ဖြစ်သော မြန်မာ သည် မည်မျှ ထိ အောက်ဆုံး ရောက်နေသည်ကို သိရှိ ရန် ဇယားအား အောက်ထိ ဆွဲချ ကြည့်ခဲ့ရသည်။
ကမ္ဘာ ထိတ်တန်း အဖွဲ့အစည်းကြီး ဖြစ် သော Institute for Economics and Peace (IEP) မှ ကမ္ဘာလူသား ၉၉.၇ ရာနှုန်းနေထိုင်ရာ နိုင်ငံပေါင်း ၁၆၃ နိုင်ငံ အား ပြုစုခဲ့ရာ တွင် မြန်မာသည် မျှော်လင့်ထားသည့် အတိုင်း အဆင့် ၁၄၈ တွင် ရှိနေသည်၊ သို့ဆိုက ကမ္ဘာတွင် ငြိမ်းချမ်းမှု အကင်းမဲ့ဆုံး ဆယ့်ငါးနိုင်ငံ မြောက် ဖြစ်နေပြီဟု ပြော၍ ရနေပြီ မဟုတ်ပါလော။
မြန်မာ နောက် တွင် တော့ စစ်ပွဲကြီးများ ဖြစ်ပွားနေသည့် ယူကရိန်း၊ ရုရှား၊ အစ္စရေး၊ ဆူဒန်၊ ယီမင်၊ ဆိုမာလီ၊ အာဖဂန်နစ္စတန်၊ အီရတ် တို့လောက်သာ ရှိပေတော့သည်။
အငြိမ်းချမ်းဆုံး ထိတ်တန်း ဆယ်နိုင်ငံ စာရင်းတွင် နေရာယူထားသည်က (၁) အိုက်စလန်၊ (၂) အိုင်ယာလန် (၃) ဩစတီယား (၄) နယူးဇီလန် (၅) စင်္ကာပူ (၆) ဆွစ်ဇာလန် (၇) ပေါ်တူဂီ (၈) ဒိန်းမတ် (၉) ဆလိုဗီနီယား (၁၀) မလေးရှား တို့ ဖြစ်သည်။
ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း ဝင်များ သည် စိတ်ချမ်းသာ လက်ချမ်းသာနှင့် ငြိမ်းချမ်း လုံခြုံစွာ နေထိုင်ခွင့် ရနေယုံမက ဝင်ငွေများလည်း တစထက် တစ တိုးပွားလာဖို့သာ ရှိသည်၊ ၎င်းတို့၏ ငွေကြေးစနစ်သည်လည်း ခိုင်မာတောင့်တင်းလှပြီး ပြည်ပ မှ ရင်းနှီးမြုပ်နှံလိုသူများ မျက်စိကျစရာ ဖြစ်နေရသည်၊ မြုပ်နှံခွင့် ရအောင်လည်း အလုအယက် ကြိုးစားနေရစမြဲ ပင် ဖြစ်သည်။
ဗြိတိသျှ ကိုလိုနီဘဝ မှ လွတ်မြောက်ပြီး ချိန်မှစ၍ တိုင်းရင်းသား များက မိမိတို့ ဒေသ အရေး မိမိတို့ ဖာသာ စီမံခန့်ခွဲနိုင်ပြီး ဥမကွဲ သိုက်မပျက် အတူတကွ နေထိုင်သွားနိုင်ရန် စစ်မှန်သော ဖက်ဒရယ် စနစ် ကို တစာစာ တောင်းဆိုလာခဲ့ရာ မှ အစွန်းရောက် အမျိုးသားရေး ဝါဒီ စစ်ဗိုလ်ချုပ် များမှ လက်နက်ကိုင် လမ်းစဉ် ဖြင့် ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြင့် တောက်လောင်လာခဲ့ သော ပြည်တွင်းစစ်မီးကြီး ယခုထိ ပင် ဖြစ်သည်။
ပြည်သူများ ၏ နေထိုင်မှု ဘဝ တွင် မည်သို့မျှ နေရာ မရှိပဲ အကောင်အထည်လည်း ပြ၍ မရသော state ဆိုသည့် နိုင်ငံတော်၊ အချုပ်အခြာ အာဏာ၊ နှင့် ပြည်သူတို့၏ လိုလားသည်များကို တစက်ကလေးမျှပင် လိုက်လျောခြင်း မရှိပဲ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရမည် ဆိုကာ အဓိပ္ပါယ်မဲ့ ဟစ်ကြွေးနေခြင်း ဖြစ်သည်။
စစ်ဗိုလ်ချုပ် များ သည် ထိုသို့သော ကိုယ်ထည်မရှိ စိတ်ခံစားမှု နာမ်စား ဝေါဟာရ များကို ကောင်းကင်ယံ မှ ဗုံးများကြဲချ သလိုမျိုး ဝါဒဖြန့်ချီခဲ့ကြသည်။ အောက်ခြေ တွင် မည်မျှအထိ ထိခိုက်နစ်နာနေသည်ကို လားလားမျှ သတိမူရကောင်းမှန်း မသိသူများလည်း ဖြစ်သည်။
၎င်းတို့၏ နိုင်ငံတော်သည် ဆိုသည်က စစ်ပွဲများကို ဖန်တီး သော၊ ပြည်သူများကို မတရား ဖမ်းဆီး အကျဉ်းချသည့် ယန္တရား ကြီးသာ ဖြစ်လာခဲ့သည်။
၎င်းတို့ မလိုလားသည် မှန်သမျှ ကို နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံတော် သစ္စာဖေါက်မှု ဆိုကာ အလွယ်တကူ ကင်ပွန်းတပ် ခဲ့ကြသည်။ သို့ဆိုက နိုင်ငံတော်သည် အဘယ်အရာနည်း၊ ၎င်းတို့ ကိုယ်နှိုက်ပင် ဖြစ်နေသည် မဟုတ်ပါလော။
၎င်းတို့ အတ္တလောက၏ ဝါဒ အိမ်မက်များ ကြားတွင် ပြည်သူတို့ သားစဉ် မြေးဆက် ကျောကော့အောင် ခံခဲ့ကြရသည်။ လူချင်းတူတူ သူချင်းမျှမျှလည်း တခါဖူးမျှ နေခွင့်မကြုံခဲ့ကြ။
ထိုသို့ မိမိတို သားမြေး များ၏ အနာဂတ်၊ တိုးတက်ရာ တိုးတက် ကြောင်းကို အမြဲတစေ ဖျက်လို ဖျက်စီး လုပ် နေသည့် ၎င်းတို့၏ ဝါဒ သေကြီးအား ပြန်၍ ဖုတ်သွင်းပြီး၊ နားဖားကြိုးထိုးရန် ကြိုးပမ်းလာမှု များကို ယခုအခါတွင်တော့ ပြည်သူများက ခေါင်းငုံ့ခံကာ ရေစုံမျော လိုက်နေ၍ မဖြစ်တော့ ဟု ဆိုကာ အားနှင့် မာန်နှင့် ခုခံတွန်းလှန် နေသည့် လွန်စွာမှ တရားမျှတသော စစ်ပွဲကြီးကို ဆင်နွှဲနေခြင်းမျှသာ ဖြစ်သည်။
လက်ရှိ ရင်ဆိုင်နေရသော အကျပ်အတည်းသည် သာမန် အကျပ်အတည်း နှင့် အခြေအနေမျိုး မဟုတ်၊ အထက်စီး အပေါ်စီး မှ နိုင်ထက်စီးနင်း ဖိနှိပ်ထားသည့် ခေတ်ဆိုး ခေတ်ကြပ်ကြီးမှ ရုန်းထွက်ရန် တွန်းထိုး နေရခြင်း ဖြစ်၍ မည်သို့မျှ သက်တောင့်သက်သာ အလျင်အမြန် နှင့် ပြီးဆုံးသွားလိမ့်မည်ကတော့ မဟုတ်။
ဂျင်ဇီး လူငယ်များသည် နိုင်ငံ အနာဂတ် အတွက် ဂျက်တိုက်လေယာဉ်များ၊ တင့်ကားများကို မဆုပ်မနစ်သော ဇွဲသတ္တိဖြင့် တွန်းလှန် နေကြပြီ ဖြစ်သည်။
တဖက်တွင်လည်း စစ်ကောင်စီ အဖို့ကား မထူးဇတ် ခင်းလာနေရပြီ ဖြစ်၍ လူထု ထောက်ခံမှု ရဖို့ ၎င်းတို့ ခေါင်းထဲတွင် မရှိတော့ အကြောက်တရားဖြင့် မလှန်နိုင်အောင် ချုပ်ကိုင်သွားဖို့သာ အဓိက ထား ဖိနှိပ်နေပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!