လက်ခံမည့် အိမ်ရှင်နိုင်ငံက အဆင်သင့် ဖြစ်နေမည် ဆိုလျှင် ၎င်းတို့အား အဘယ်ကြောင့် ဒုက္ခသည် အဆင့်အတန်း မျိုးပေးကာ စောင့်ရှောက်ထားသင့်သည် ဆိုသည်ကို ကျိုးကြောင်းခိုင်လုံစွာ လျောက်လဲ တင်ပြရမည် ဖြစ်သည်။ ဤသည်ကလည်း တစုံတယောက်သည် ဒုက္ခ ရောက်၍ မဟုတ်ပဲ စီးပွားရေး အရ အဆင်မပြေ၍ ဒုက္ခသည် အဖြစ် အယောင်ဆောင် ရွှေ့ပြောင်းလာမည့် အရေးကို ကာကွယ်ရန် ဖြစ်သည်။
ဒုက္ခသည်များအား နိုင်ငံရေး ခိုလှုံသူများ အဖြစ်လည်း မကြာခဏ ဆိုသလို သတ်မှတ် ခေါ်ဝေါ်လေ့ ရှိသည်။ အိမ်ရှင် အစိုးရ များက ၎င်းတို့ တင်ပြချက်သည် ကျိုးကြောင်း ခိုင်လုံသည်ဟု ဆုံးဖြတ်ပါက နေထိုင်ခွင့် ပေးခဲ့ကြသည်။ ထိုသို့ ဆုံးဖြတ်ချက် ကျ သည် အထိ နှစ်ပေါင်းများစွာ ကြာတတ်၍ ထရန့် အစိုးရသည် ထိုသို့ ဝင်လာနိုင်သူများကို အဝင်မခံပဲ ပိတ်ပင်ထားတတ်သည်။
နိုင်ငံများသည် ဒုက္ခသည် အဆင့်အတန်း ပေးရန် မည်သို့သော အနေအထား ရှိရမည်၊ ဒုက္ခသည် အရေ အတွက် မည်မျှ လက်ခံမည်၊ မည်သည့် အရပ်တွင် နေရာချထားပေးမည် အစရှိသည် တို့နှင့် ပတ်သက်ပြီး မူဝါဒ နှင့် လုပ်ငန်းစဉ်များတွင် ကွဲပြားနေတတ်သည်။ ဒုက္ခသည်များအားလည်း ၎င်းတို့မူရင်း နိုင်ငံတွင် အကြမ်းဖက်မှုများ ဖိနှိပ် အုပ်ချုပ်မှုများမှ လွတ်ကင်းပြီး လွတ်လပ်စွာ နေထိုင် နိုင်သည် အထိ အခြေအနေများ တိုးတက် ကောင်းမွန်လာခြင်း မရှိက အတင်းအကျပ် ပြန်၍ ပို့နိုင်ခွင့် မရှိပေ။
ဒုက္ခသည်များအား ကူညီရန် နိုင်ငံတကာ၏ ကြိုးပမ်းနိုင်မှု လေးမျိုး လေးစား ရှိနေသည်။ ပထမဆုံး နှင့် အခြေခံ အကျဆုံးသည် နည်းလမ်းသည် ဒုက္ခသည်များ ထွက်ပေါ်လာနိုင်သည့် အခြေအနေများ မဖြစ်အောင် ကာကွယ်ရေး နှင့် ပြောင်းလဲ နိုင်က ပြောင်းလဲပစ်ရန် ပင် ဖြစ်သည်။
လက်နက်ကိုင် ပဋိပက္ခများသည် ဒုက္ခသည်များ အစုလိုက် အပြုံလိုက် ထွက်ခွာစေသည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။ စစ်ပွဲများကို အဆုံးသတ်သွားနိုင်ရန် တာဝန်ခံရမည့် အရေးသည် နည်းနည်းနောနော မဟုတ်ပေ။ ထိုတာဝန်အား အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် နိုင်ငံအများစု၊ ဒေသတွင်း အဖွဲ့အစည်းများ၊ ကုလသမဂ္င သည် စွမ်းဆောင်နိုင်ရည် မရှိခြင်း၊ ရှိပါကလည်း လိုလိုလားလား တာဝန်မယူ လိုခြင်း တို့ကို မကြာမီက ဖြစ်ပွားခဲ့သော ဆီရီးယား ပဋိပက္ခတွင် အထင်အရှား တွေ့လာခဲ့ရသည်။
ဒုတိယ အကြောင်းရင်း သည် ရာသီဥတု ပြောင်းလဲလာမှု နှင့် သက်ဆိုင်နေ၍ ဖြေရှင်းရန် ခက်ခဲလှသည်။ ရာသီဥတု အပြောင်းအလဲကြောင့် ဒေသအတော်များများ တွင် ဆက်၍ နေဖို့ အခက်အခဲများ တွေ့လာနေရသည်။ မဝေးတော့သော ကာလတွင် ထိုကဲ့သို့သော ဒေသများမှ လူများ အစုလိုက် အပြုံလိုက် ထွက်ခွာလာကြမည်ကို တွေ့မြင်ရတော့မည် ဖြစ်သည်။
နောက်ထပ် အကြောင်းရင်းတခုက နိုင်ငံတွင်း အကြမ်းဖက်မှု များ နှင့် ရာဇဝတ်မှု များ ပိုမို ထူပြောလာမည့် အရေးပင် ဖြစ်သည်။ ထိုအရေးသည် စစ်ပွဲများကဲ့သို့ပင် လူအများ အဖို့ ဘေးလွတ်ရာသို့ မဖြစ်မ နေ ထွက်ပြေးကြရမည့် အနေအထား အထိ ဖြစ်လာနိုင်ပေသည်။ ဤသည်ကို လက်တင် အမေရိကား နိုင်ငံများတွင် တွေ့လာရသည်။ ရာဇဝတ်ဂိုဏ်းများကို နှိမ်နှင်းနိုင်ဖို့က နိုင်ငံ အတော်များများ လက်မှိုင်ချနေရသည်ကို တွေ့နေရသည်။
ထိုအခါတွင် နိုင်ငံရေး အရ ပို၍ ဖိနှိပ်လာမှု များကြောင့် စီးပွားရေး ပို၍ ကျပ်တည်းလာကြရပြန်သည်။ အထင်ရှားဆုံးက မကြာသေးမီ နှစ်များအတွင်း ဗင်နီဇွဲလား မှ လူသန်းပေါင်းများစွာ ထွက်ပြေးလာခဲ့ကြရခြင်းပင် ဖြစ်သည်။
နိုင်ငံတကာ မှ ဝိုင်းဝန်း ဖြေရှင်းရမည့် ဒုတိယ နယ်ပယ်သည် ဒုက္ခသည်များအား အမြဲတမ်း မဟုတ်သည့် တိုင် ယာယီ အနေဖြင့် လက်ခံပေးထားရေးပင် ဖြစ်သည်။ မကြာသေးမီက အိမ်နီးချင်း နိုင်ငံများ တွင် ဖြစ်ပွားလာ သော ပဋိပက္ခများ ကြောင့် တူရကီ၊ ပါကစ္စတန်၊ ယူဂန်ဒါ နှင့် ဆူဒန် တို့သည် ဒုက္ခသည် အများအပြားကို လက်ခံပေးထားရသော နိုင်ငံများ ဖြစ်လာခဲ့သည်။
တတိယ ဖြေရှင်းပေးရမည့် နယ်ပယ်သည် ထိုသို့ ဒုက္ခသည် အများအပြား လက်ခံပေးထားရသော နိုင်ငံများကို ဝိုင်းဝန်းကူညီ ပေးရေးပင် ဖြစ်သည်။ အဓိကအားဖြင့် စီးပွားရေး အကူအညီများ ပေးနိုင်ဖို့ပင် ဖြစ်သည်။ ထိုကဲ့သို့ အကူအညီ ပေးသည့် နိုင်ငံများသည် အများအားဖြင့် အမေရိကန်၊ ကနေဒါ၊ အီးယူ အဖွဲ့ဝင် နိုင်ငံများ နှင့် အီးယူ အဖွဲ့အစည်း တို့ ဖြစ်သည်။ ပုဂ္ဂလိက အဖွဲ့အစည်းများကလည်း အကူအညီများ ထိထိရောက်ရောက် ပေးနိုင်ခဲ့သည်။
စတုတ္ထ နှင့် နောက်ဆုံး ဝိုင်းဝန်း ဖြေရှင်းပေးနိုင်သည်က ဒုက္ခသည်များအား မည်သို့ ဆက်ဆံ ကူညီပေးသွားရေး နှင့် သက်ဆိုင်နေပေသည်။ ဒုက္ခသည်များ၏ အခွင့်အရေး များ နှင့် ပတ်သက်၍ ၁၉၅၁ ပဋိညာဉ် စာတမ်း နှင့် နောက်ပိုင်း ထွက်ရှိလာသော သဘောတူညီချက်များ တွင် အသေးစိတ် ပါရှိလာခဲ့သည်။
သို့သော် လက်တွေ့တွင်တော့ ဒုက္ခသည် အမျိုးသား၊ အမျိုးသမီးများ နှင့် ကလေးသူငယ်များသည် ၎င်းတို့နှင့် ထိုက်တန်သည့် ကျန်းမာရေး၊ ပညာရေး နှင့် ဘေးကင်းရန်ကင်း နေထိုင်နိုင်ရေး ကာကွယ် စောင့်ရှောက်ပေးရန် တို့ အပါအဝင် ပြဋ္ဌာန်းပေးထားသည့် အခွင့်အရေး များကို မကြာခဏ ဆိုသလို မရရှိသည်က များနေသည်ကို တွေ့နေရသည်။
ပြည်တွင်း တွင်သာ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးရသူများ Internally Displaced persons (IDPs) များ အား နိုင်ငံသား တဦး၏ အခွင့်အရေး အပြည့်အဝ ပေးရန် တရားဝင် သတ်မှတ်ပေးထားသော်ငြားလည်း မဖြစ်မနေ လိုက်နာရမည်ဟု ဥပဒေ ပြဋ္ဌာန်းချက်မျိုး မရှိ၊ အစိုးရများကလည်း လိုက်နာပါမည်ဟု တရားဝင် လက်မှတ်ရေးထိုးထားခြင်း မရှိယုံမက IDPs များအား နယ်ခြား ဖြတ်ကျော်ဝင်ရောက်လာသော ဒုက္ခသည်များကဲ့သို့ သဘောမထားပဲ ပေါ့ပေါ့တန်တန် ဆက်ဆံခံနေကြရသည်။ IDPS များသည် နိုင်ငံ အစိုးရ၏ စီမံ ခန့်ခွဲမှု အောက်တွင် ရှိနေပြန်၍ နိုင်ငံတကာ ဥပဒေများ နှင့် လက်လှမ်းမမီ ဖြစ်နေရသည်။
တကမ္ဘာလုံး အတိုင်းအတာဖြင့် ရင်ဆိုင်နေရသော လူများ တနေရာမှ တနေရာသို့ ရွှေ့ပြောင်းဝင်ရောက်လာနေခြင်းများသည် နိုင်ငံ တနိုင်ငံ၊ ဒေသတခု မှ အစပျိုးလာခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းပြဿနာအား နိုင်ငံတကာ မှ စုပေါင်းပြီး မဆုပ်မနစ် ကြိုးပမ်းသွားဖို့ ဆိုသည်က ဖြစ်လာနိုင်စရာ မရှိပေ။
လူများသည် မိမိတို့ မိသားစု အလိုက် ပြောင်းရွှေ့မှ ဖြစ်တော့မည်ဟူသော ဆုံးဖြတ်ချက်မျိုး အား ၎င်းတို့ နေထိုင်ရာ ဒေသတွင်း ဖြစ်ပေါ်လာနေသော အခြေအနေ အရပ်ရပ် အပေါ် မူတည်ပြီး ချမှတ်လာခဲ့ကြခြင်းသာ ဖြစ်ပေသည်။
ထိုသို့ ရွှေ့ပြောင်းကြရသူများသည် ၎င်းတို့ နိုင်ငံ အတွင်း တနေရာရာ နှင့် အိမ်နီးချင်းနိုင်ငံများတွင် သောင်တင်နေကြရသည်က များပေသည်။ အစိုးရများကလည်း မည်သူကို လက်ခံရမည် ဆိုသည်နှင့် ထိုသို့ လက်ခံထားရန် ထုတ်နှုတ် အသုံးပြုရမည့် အရင်းအမြစ်များ နှင့် ပတ်သက်၍ မူဝါဒ များ ချမှတ်လာကြသည်။ ဒုက္ခသည်များ အမြဲတမ်းနေထိုင်သွားနိုင်မည့် အိုးအိမ်များသည်လည်း အမြဲလို ပြတ်လတ်နေတတ်ပြန်သည်။
ဒုက္ခသည် ပြဿနာကို ဖြေရှင်းနိုင်ရေးသည် နိုင်ငံများ အတွက် ကြီးမားသော ဝန်ထုတ်ဝန်ပိုးကြီးလည်း ဖြစ်နေသည်။ အတိတ်သမိုင်းကြောင်းကို ပြန်ပြောင်း ကြည့်မည်ဆိုက လူများရွှေ့ပြောင်းလာရခြင်း၏ အကြောင်းရင်း နှင့် အကျိုးဆက် များကို ဖြေရှင်း နိုင်ရေးသည် ခက်ခဲနေဦးမည်သာ ဖြစ်သည်ကို တွေ့ကြရမည်သာ ဖြစ်သည်။