သံလျင် တံတား ဖြစ်ရပ် သင်ခန်းစာ

by Hla Soewai - Jun 19 2024

ပဲခူး မြစ်ကို ဖြတ်၍ ရန်ကုန် နှင့် သီလဝါ အထူး စီးပွားရေး ဇုံ ကို ဆက်သွယ် ဖေါက်လုပ်ထားသည့် သံလျင် တံတား ဖွင့်ပွဲသို့ မြန်မာပြည်၏ နောက်ဆုံး အာဏာရှင် မင်းအောင်လှိုင်သည် မလာပဲ မနေနိုင် ရောက်ရှိလာခဲ့သည်။

 

ထို တံတားကြီး အား ၎င်းတို့ အရည်အချင်း နှင့် ဖြစ်မြောက်အောင် ဆောင်ရွက် နိုင်ခဲ့ခြင်းတော့ မဟုတ်၊ ၂၀၁၉ တွင် ပြည်သူ့ အစိုးရ မှ ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ ထံမှ ဒေါ်လာ ၁၉၇ သန်း ချေးယူကာ စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

သို့သော် စစ်ကောင်စီ လက်ထက်တွင် အထွေထွေ ယို့ယွင်းပျက်စီးလာနေပြီ ဖြစ်၍ တံတားကြီး၏ အသုံးတည့်မှု သည် မှေးမှိန်သွားခဲ့ရသည်။ အဆိုပါ တံတားကြီးသည် အရှေ့-အနောက် ဆက်သွယ်ထားသော စီးပွားရေး စင်္ကြန်လမ်းမကြီး ဖြစ်ပြီး ဖားအံ၊ မြဝတီ ‌ဒေသ၊ မွန်၊ ကရင် ပြည်နယ်များ ဖွံ့ဖြိူးလာရေးအတွက် လွန်စွာ အကျိုးရှိစေမည်ဟု ဆိုပြန်သည်၊ ယင်း ဒေသများသည် ၎င်းတို့ ထိန်းချုပ်မှု အောက်တွင် မရှိတော့သည်ကို ရှိနေလေဟန် လုပ်ကြံ ပြောဆို နေခြင်း ဖြစ်၍ သနားဖို့ပင် ကောင်းနေရသည်။

 

တံတား ကို မင်းအောင်လှိုင် လာ ဖွင့်ပေးပြီး ရက်အနည်းငယ် အကြာတွင် ၎င်းအား လုပ်ကြံရန် ကြိုးပမ်းမှု ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖြိုခွင်းလိုက်နိုင်ပြီ ဖြစ်သည်ဟု စစ်ကောင်စီ မီဒီယာ များ တွင် ဖမ်းဆီးရမိသည့် လူများ၏ ဓါတ်ပုံများ နှင့် ပြူးကနဲ ပြဲကနဲ ပါရှိလာခဲ့သည်။

 

မင်းအောင်လှိုင်အား ပစ်ခတ်မည့် ၁၀၇ မမ ရှော့တိုက် ဒုံး နှစ်လုံး အပါအဝင် ပစ္စည်း ကိရိယာ များအား တံတား နှင့် ကပ်နေသော သင်္ဘောကျင်း အလုပ်သမား တန်းလျား တွင် သိမ်းဆည်း ရမိခဲ့ပြီး နောက်တရက်တွင် နောက်ထပ် ရှော့တိုက်ဒုံး တလုံး နှင့် လူ နှစ်ဦးကို ထပ်မံ ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဒရုန်းတပ်ရင်းမှ "အာကာမင်း" မှ ဦးဆောင်ခဲ့ခြင်း ဖြစ်ပြီး ဧပြီ တတိယ ပတ် အတွင်း အသုံးပြုပုံ ပြုနည်း အား အင်စထရာ ဂရမ် မှ ပေးပိုးခဲ့သည်ဟု ဆိုသည်။ နောက်ထပ် ‌ခေါင်းဆောင်တဦး အဖြစ် မဲဆောက်ရှိ "ဖြူနှင်းအေး" အားလည်း ထည့်သွင်းထားသည်။

 

ထိုဖြစ်ရပ်၏ နောက်ကွယ်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ပါဝင်သည်ဟု စွပ်စွဲထားသော်လည်း မင်းအောင်လှိုင်အား လုပ်ကြံရန် ကြံစည်သည် ဟုတော့ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပေ။ ဤသည်ကလည်း ၎င်းတို့၏ ထိတ်တန်း ခေါင်းဆောင်များကို အမြစ် ဖြတ် နိုင်အောင် အထိ တော်လှန်‌ ရေး တပ်များဖက်က စွမ်းဆောင်ရည် မြင့်တက်လာသည် ကို ဝန် မခံလိုသော ကြောင့်ပင် ဖြစ်သည်။

 

နှစ်ရက် အကြာတွင်တွင် တော့ "ရန်ကုန်တိုင်း ဒေသကြီးရှ်ိ အကြမ်းဖက် အဖွဲ့များသည် လုံခြုံရေး တပ်ဖွဲ့များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ လှုပ်ရှားလာခဲ့၍ ၎င်းတို့အား ချေမှုန်းနိုင်ရေး ကို မင်းအောင်လှိုင်က အလေးအနက် ထည့်သွင်းပြောဆိုသွားသည်" ဟု စစ်ကောင်စီ မီဒီယာ များ တွင် ပါရှိလာသည်။

 

၎င်းတို့၏ ကနဦး သတင်းထုတ်ပြန်ချက်တွင် ဒဂုံဆိပ်ကမ်း အမှတ် (၆၁) ရပ်ကွက်‌ နေ အကြမ်းဖက်မှု ကို မလိုလားသည့် တာဝန်သိ ပြည်သူတဦး၏ သတင်းပေးမှု ကြောင့် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

 

ယင်းသည်ကား မြန်မာပြည်တွင် လူမုန်းအခံရဆုံး နှင့် စစ်ရာဇဝတ်ကောင် အဖြစ် အရေးယူခံရတော့မည့် အရေးကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သွားလာ နေထိုင်နေရသူ တဦး၏ ရှားရှားပါးပါး ဝန်ခံ ပြောဆိုလာခြင်း ဖြစ်သည်ဟု အေးရှားတိုင်း တွင် မြန်မာ စစ်‌ ရေး သုတေသီ ဒေးဗစ် စကော့ မေသီဆန်မှ ယခုလို ရေးသားလာခဲ့သည်။

 

ထိုသို့ ၎င်းအပေါ် ပစ်မှတ်ထား လုပ်ကြံနိုင်ရန် ကြိုးပမ်းမှု များ အကြိမ် မည်မျှ ရှိသွားခဲ့ပြီနည်းဟု လည်း မေးခွန်းထုတ်လာခဲ့သည်။

 

‌မော်လမြိုင်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဝင်း အတွင်း ဒု ခေါင်းဆောင် စိုးဝင်းအား ဒရုန်းဖြင့် ပစ်ခတ် လုပ်ကြံနိုင်ခဲ့သည် ဆိုသော သတင်းများကြောင့် တော်လှန်ရေး အင်အားစုများ စိတ်အား တက်ကြွ လာခဲ့ကြသည်။ စိုးဝင်းသည် ဒဏ်ရာ အပြင်း အထန် ရသွား၍ ကုသမှု ခံယူ နေရသည် ဟု သတင်း ထွက်လာခဲ့သော်လည်း နောက်ပိုင်းတွင် အကောင်းပကတိ လူမြင်ကွင်း တွင် ထွက်ပေါ်လာခဲ့သည်။

 

တော်လှန်ရေး တပ်များက ဧပြီလ အစော ပိုင်းတွင် ဒရုန်းများဖြင့် နေပြည်တော်ရှိ စစ်စခန်းများကို တိုက်ခိုက်လာခဲ့သည်။ အထိအခိုက် အပျက်အစီး မည်မည်ရရ မရှိသော်လည်း စစ်ခေါင်းဆောင်များအား အတိုင်းအတာ တခုအထိ တုန်လှုပ် ခြောက်ခြား သွားစေခဲ့သည်။

 

လက်ရှိ တံတား ဖြစ်ရပ်သည် စစ်ကောင်စီ အား ဆင်နွှဲနေသည့် စစ်ပွဲ ၏ လားရာသည် ပို၍ ကျယ်ပြန့်လာနေသည်ကို ပြဆိုနေပေသည်။ ယခင်က မြို့ပြ မြေအောက် လှုပ်ရှားမှု များသည် ကြို့ကြား ကြို့ကြား နှင့် မထင်မရှား လောက် သာ လှုပ်ရှားနိုင်ခဲ့ပြီး ပြီးခဲ့သည့် နှစ် အတွင်း ကျဆင်းလာခဲ့ရာမှ ယခုအခါ မြို့ပြများအထိ လက်နက်ခဲယမ်းများ သယ်ယူ လာနိုင်ပြီး ပစ်မှတ်ကို စနစ်တကျ လေ့လာကာ စီစဉ် လှုပ်ရှား နိုင်ခဲ့သည်၊ တကယ်တမ်း ပစ်ခတ်နိုင်သည် အထိ ဖြစ်သွားခဲ့လျင် အုတ်အော်သောင်းနင်း ဖြစ်သွားပေလိမ့်မည်။

 

နောက်ထပ် တွက်ဆ၍ ရသည်က ထောက်လှန်းရေး အဖွဲ့များသည် ရန်ကုန် နှင့် မန္တလေးရှိ မြို့ပြ မြေအောက်လှုပ်ရှားမှု များကို ဖြိုဖျက်နိုင်စွမ်း ရှိနေခြင်းပင် ဖြစ်သည်။

 

မြို့ပြ မြေအောက်လှုပ်ရှားမှု များသည် ၁၀၂၇ စစ်ဆင်ရေး ကြီး နောက်ပိုင်း ပြန်လည် ခေါင်းထောင်လာသည်ဟု ခန့်မှန်းပြောဆိုမှု များ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း မြို့ပြများတွင် လူထု အား အလွတ်မပေးပဲ စနစ်တကျ နှင့် မညှာမတာ ဖိနှိပ်ထားခြင်းကြောင့်သာ အောင်မြင်သည့် အဆင့်အထိ ရောက်မလာနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

 

တံတား အား မင်းအောင်လှိုင် နှင့် အတူ လူထု ရွံရှာ မုန်းတီးခံ‌နေရသော ကရင် ခေါင်းဆောင်ဟောင်း မန်းငြိမ်းမောင်၊ နိပွန် ကိုအိ ကုမ္ပဏီမှ ဂျပန် အင်ဂျင်နီယာ များပါ တက်ရောက် ဖွင့်လှစ် နိုင်ခဲ့ ခြင်းကြောင့် ရန်ကုန်သည် ပုံမှန် လည်ပတ်နေသည်ဆိုသော လုပ်ဇာတ်သည် ကျိုးပဲ့သွားခဲ့ရသည်။

 

ယင်းနှင့်အတူ တော်လှန်ရေး တပ်ဖွဲ့များ ပစ်မှတ်အတွက် ၁၀၇ မမ ရှော့တိုက်ဒုံးအား ရွေးချယ်ခဲ့ခြင်း အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။ ၁၀၇ မမ အား ရှေ့တန်းစစ်မျက်နှာ ၌ တွင်ကျယ်စွာ သုံးနေကြသော်လည်း တကယ်တမ်း ပစ်ခတ်ရာတွင် ပစ်မှတ်ကို တိုက်ရိုက် ထိမှန်ဖို့ ခဲယဉ်းပြီး ပစ္စည်းပိုင်း တွင်လည်း ချို့ယွင်းမှု များ ဖြစ်ပေါ်လာနိုင်သည်။

 

၁၀၇ မမ ရှော့တိုက်ဒုံး အား တရုတ် စစ်တပ်မှ ၁၉၆၀ ကျော်နှစ်များ အတွင်း စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး၊ Type-63 ဟု အမည်ပေးထားသည်။ သဲအိပ် သို့ မဟုတ် ထောက်၍ ရသည့် ‌နေရာမျိုးစုံ မှ အတွဲလိုက်ထိချင်ရာထိ "fire and forget" ပုံစံမျိုး ပစ်ခတ်နိုင်သည့် အဆင့်နိမ့် လက်နက် အမျိုးအစား ဖြစ်သည်။ ကီလိုမီတာ အတော်များများ အထိ ရောက်နိုင်ပြီး ပေါက်ကွဲမှု ဧရိယာ သည် ၁၂ မီတာ အချင်းဝက်အထိ ရှိသည်။ အာဖဂန်နစ္စတန်တွင် ဆိုဗီယက် တပ်များအား တိုက်ခိုက်ရာနှိုက် တွင်တွင်ကျယ်ကျယ် အသုံးပြူခဲ့ကြသည်။

 

၁၀၇ မမ သည် အာဏာ မသိမ်းမီ နှင့် သိမ်းပြီး နောက်ပိုင်း တော်လှန်ရေး တပ်များ အကြိုက် လက်နက်အမျိုး အစားလည်း ဖြစ်သည်။ ဇန်နဝါရီလ အတွင်း တံတားဦး လေဆိပ်အား ၁၂ လုံးအထိ ပစ်ခတ် ခဲ့သော်လည်း ၅ လုံးသာ ပေါက်ကွဲခဲ့သည်။ ဧပြီ လ အတွင်း မြစ်ကြီးနား အနီးရှိ နမ်ပေါင် စစ်လေယာဉ် ကွင်းအားလည်း ပစ်ခတ်ခဲ့ရာ မည်မျှ အထိ ထိခိုက်ပျက်စီးသွားသည်ကိုမူ အတိအကျ မသိခဲ့ရပေ။

 

မကြာမီက ထွက်ပေါ်ခဲ့သည့် သတင်း နှစ်ရပ်ကို ကြည့်မည်ဆိုက အဆိုပါ လက်နက်များ အား တော်လှန်ရေး အဖွဲ့များက အသုံးပြုရန် ဆုံးဖြတ်ခဲ့မှု အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ စစ်ကောင်စီ ၏ သတင်းထုတ်ပြန်ချက်တွင် ဖေဖေါ်ဝါရီ လ အတွင်း ပဲခူး မြို့ တွင် ၁၀၇ မမ အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်ဟု ပါရှိလာခဲ့သည်။ Dark Side Revolution Burma (DSRB) မှ တီဗီ မှ အကယ်ဒမီ ဆုပေးပွဲ အား ကြည့်ရန် လူစည်ကားမည် ထင်ရသော လ္လက်ရည်ဆိုင် များ နှင့် စားသောက်ဆိုင်များကို တိုက်ခိုက်ရန် ဖြစ်သည်ဟု ဆိုသည်။

 

၎င်းတို့ အပြောကို အတည်ပြုနိုင်မည့် သတင်းအချက်အလက်များလည်း မရရှိခဲ့ပေ။ DSRB သည်လည်း ထင်ရှားသည့် အဖွဲ့လည်း မဟုတ်၍ ထုံးစံ အတိုင်း ယုံထင်ကြောင်ထင် ဖြစ်ရန် သတင်းလွှင့်ခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။

 

ဧပြီလ သင်္ကြန် ပွဲတော် အတွင်း ပြင်ဦးလွင်အား ရောကက် တဒါဇင်ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့သည်။

 

လူအများအပြား သွားလာနေသည်ကို ပစ်ခတ် တိုက်ခိုက်လာခြင်းသည် လူသားချင်းစာနာ ထောက်ထားစွာ လိုက်နာရမည့် နိုင်ငံတကာ ဥပ‌ဒေများကို ချိုးဖောက်လိုက်ခြင်းဟု ယူဆ၍ ရပေသည်။ မင်းအောင်လှိုင်အား ပစ်မှတ် ထား တိုက်ခိုက်လိုစိတ် သက်သက်ဖြင့် အရပ်သားများ ရှိရာ လူအုပ်ထဲသို့ တိကျမှု မရှိသည့် ဒုံးအမျိုးအစား ဖြင့် တိုက်ခိုက်ခြင်းမျိုးသည် စစ်ရာဇဝတ်မှု ကို ကျုးလွန်ရာ ကျနေပေသည်။

 

ထိုသို့သော စစ်ရာဇဝတ်မှု များက စစ်အာဏာသိမ်း အဖွဲ့ နေ့စဉ် ကျုးလွန်နေကျ ပြစ်မှု မျိုးလည်း ဖြစ်သည်။ တော်လှန်ရေး တပ်ဖွဲ့ များ အနေဖြင့် ‌စစ်ခေါင်းဆောင်ပိုင်းကို တိုက်ခိုက်ချင်သော စိတ် လောကြီး နေ၍ ထိုသို့ ပစ်မှတ်ကို အတိအကျ ထိမှန် နိုင်စွမ်း မရှိသည့် လက်နက် အမျိုးအစား သုံးမိက အရပ်သားများ ထိခိုက် သေကြေ သွားမည်ဆိုလျှင် ကြီးစွာသော တန်ပြန် သက်ရောက်မှုများ ဖြစ်လာနိုင်သည်ကို သတိမူရမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(၂၀၂၄ ဇွန်လ ၁၂ ရက်နေ့ အေးရှားတိုင်း အွန်လိုင်းတွင် ပါရှိသည့် ဒေးဗစ် စကော့ မေသီဆန်၏ "A revolutionary bridge too far in Myanmar" အား ကိုးကား တင်ပြသည်။)