ဘင်္ဂလားဒေ့ရှ် မှ သတိ ပေးပြီ

by Hla Soewai - Jun 19 2024

"စစ်ပွဲ ကို ရှောင်ရှား နိုင်ရန် မိမိတို့သည် ဖြစ်ပေါ်လာနေသော ပြဿနာများကို ‌ မြန်မာရှိ စစ်အစိုးရ နှင့် ဆွေးနွေးဖြေရှင်း ရန် ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်" ဟု ဘင်္ဂလားဒေ့ရှ် အာဏာရ ပါတီ အဝါမီလိဂ် အထွေထွေ အတွင်းရေးမှုး ချုပ် နှင့် လမ်း တံတား သယ်ယူပို့ဆောင်ရေး ဝန်ကြီး Obaidul Quader မှ ပါတီဌာနချုပ် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။

 

လက်ရှိ တွင် မြန်မာဖက်မှ ဘင်္ဂလားဒေ့ရှ် ပိုင် စိန့်မာတင် ကျွန်းအား ပစ်ခတ်လာမှု ကို ရည်ညွှန်းပြော ဆိုသွားခြင်း ဖြစ်သည်။ မြန်မာ အခေါ် အုန်းကျွန်း ဖြစ်သည့် စိန့်မာတင် ကျွန်း သည် မြန်မာ-ဘင်္ဂလား‌ဒေ့ရှ် အား ပိုင်းခြားထားသည့် နတ်မြစ်ဝ တွင် တည်ရှိသည်။

 

"မိမိတို့ဖက်မှ ထိုအရေး အတွက် အဆင်သင့် ပြင်ထားပြီး ဖြစ်သော်လည်း၊ တိုက်ခိုက်သည် အထိ လုပ်မည် မဟုတ်သေးကြောင်း နှင့် သို့သော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ထိခိုက်လာမည်ဆိုက လက်တုန့်ပြန် တိုက်ခိုက်သွားမည် ဖြစ်ပြီး မိမိတို့အား အထင်မြင်သေး လျော့တွက် မထားစေလိုကြောင်း" အစရှိသဖြင့် သတိပေး သွားသည်။

 

ဘင်္ဂလား ပင်လယ်အော် အတွင်း ရှိ စိန့်မာတင် ကျွန်းအား မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် အကြား သူပိုင် ကိုယ်ပိုင် အငြင်းပွားနေခဲ့ရာမှ ၂၀၁၂ အတွင်း နိုင်ငံတကာ ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ ခုံရုံးမှ ဘင်္ဂလားဒေ့ရှ် ပိုင် အဖြစ် ဆုံးဖြတ်ပေးခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့ သည် ရခိုင် ပြည်နယ် အတွင်း ဆက်တိုက်ဆိုသလို အရေးနိမ့်လာနေခဲ့ရာ ရက္ခိတ တပ်တော်၏ ကြေငြာချက်တွင် ပြီးခဲ့သည့် နှစ်ပတ် အတွင်း မောင်းတော မြို့နယ် အတွင်းရှိ မောရဝတီ ဗျုဟာ အပါအဝင် စခန်းပေါင်း ဆယ်ခု ကို သိမ်းပိုက်နိုင်ခဲ့ရာ ဗိုလ်မှုးကြီး အဆင့်ရှိ ဗျုဟာမှုး တဦး အသေ ဖမ်းဆီးရမိခဲ့သည်ဟု ပါရှိလာသည်။

 

ဘူးသီးတောင်အားလည်း လက်လွှတ်ခဲ့ရပြီး ဖြစ်သော စစ်ကောင်စီ သည် ဘင်္ဂလားဒေ့ရှ် နယ်ခြားတွင် လုံးဝနီးပါး ‌ချေမှုန်း ခံနေရပြီ ဖြစ်၍ ပြည်သူများကို အာရုံ လွှဲ နိုင်ရန် ဘင်္ဂလားဒေ့ရှ် နှင့် ပြည်ပ စစ်ပွဲ အသွင် ဖန်တီးလာပြီး မျိုးချစ်စိတ် ပြင်းထန်‌ သော မြန်မာ ပြည်သူများ ၏ ထောက်ခံမှု ရအောင် ကြံစည်လာနိုင်သည့် အနေအထား အထိ ဖြစ်လာနိုင်သည်ကို သတိမူ ကြရမည် ဖြစ်သည်။

 

ချင်းပြည်နယ် တကြောတွင်လည်း အသစ်ပြန်လည် ဖွဲ့စည်းလာသော ချင်း ညီနောင် အဖွဲ့ စစ်ဆင်ရေး ကြောင့် အရေးနိမ့်လာနေပြီ ဖြစ်သည်။

 

ကချင် လွတ်လပ်ရေး တပ်တော်မှ ကမ်ပတ်တီ နယ်ခြားကုန်သွယ်ရေး မြို့ သို့ သွားရာလမ်းကို ထိထိရောက်ရောက် ထိန်းချုပ် နိုင်လိုက်ပြီ ဖြစ်၍ ကချင်ပြည် နယ် နှင့် ရှမ်းမြောက်‌ဒေသရှိ တရုတ် နှင့် နယ်ခြား ကုန်သွယ်ရေး လုပ်ငန်းများ အားလုံး လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

 

အခြေမလှ ဖြစ်လာနေသော စစ်ကောင်စီသည် နယူးဒေလီ မှ အကူအညီ ရရန် ကြိုးပမ်းလာသည့် လက္ခဏာ အဖြစ် ပြီးခဲ့သည့် အပတ် အတွင်း အိန္ဒိယ စစ်ထောက်လှန်းရေး ညွှန်ကြားမှု ရုံး အကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်တွင် ကောဇောနီ ခင်း၍ ကြိုဆိုခဲ့ကြသည်။

 

၎င်းတို့၏ တရားဝင် ရပ်တည်ပိုင်ခွင့် ရှိမရှိ ဆိုသည် အပေါ် နိုင်ငံတကာမှ အမြင် တမျိုး ဖြင့် ရှုမြင်လာနေပြီ ကို ရိပ်စားမိသည့် အတွက်လည်း စစ်ကောင်စီ သည် တရုတ် နှင့် ရုရှား တို့၏ ထောက်ခံမှု ခိုင်မာသည် ထက် ခိုင်မာစေရန် ပြည်တွင်း တွင် ၎င်းတို့ မျက်စိ ကျနေသည့် အရာမှန်သမျှ ကို ပေးနိုင်ရန် ပြင်ဆင်လာနေသည်ဟု ‌နစ်ကီ အေးရှား ရီဗြူးတွင် ရေးသားလာသည်။

 

စစ်ကောင်စီ၏ ဒုလျပ်စစ် ဝန်ကြီး အေးကျော်သည် မြစ်ဆုံရေအား လျပ်စစ် စီမံကိန်းကို ပြန်လည် စတင်နိုင်ရန် ကော်မတီ တရပ်ကို ဖွဲ့စည်းလာခဲ့သည်။

 

မြစ်ဆုံ စီမံကိန်း ဖြင့် ၆ ဂီဂါဝပ် အထိ ထုတ်လုပ်နိုင်မည် ဖြစ်သော်လည်း နိုင်ငံ၏ အသက်‌ သွေးကြောသဖွယ် ဖြစ်‌ နေသော ဧရာဝတီ မြစ်ကြီး ပျက်စီး ဆုံးရှုံး သွားနိုင်သည့် အပြင် မြန်မာ အဖို့ ဆယ်ရာခိုင်နှုန်းသား သုံးစွဲခွင့် ရမည် ဖြစ်၍ ပြည်သူတရပ်လုံး က ဝိုင်းဝန် ဆန့်ကျင် ကန့်ကွက်ခဲ့၍ ၂၀၁၁ တွင် ရပ်ဆိုင်းပစ်ခဲ့ရသည်။

 

ရပ်ဆိုင်းနေသော ကျောက်ဖြူ အထူးစီးပွားရေး ဇုံ ရှိ ပင်လယ်ရေနက် ဆိပ်ကမ်း စီမံကိန်းအားလည်း ပြန်လည် စတင်ရန် လုံးပမ်းလာကြပြန်သည်။ ဒီဇင်ဘာလ အတွင်း တရုတ်တို့ ထပ်မံ တောင်းဆိုလာသည်ကို သဘောတူ လိုက်လျောသည့် စာချုပ်ကို လက်မှတ် ရေးထိုး ပေးခဲ့သည်။

 

အဆိုပါ ‌ဒေသ နှစ်ခုလုံးတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေ၍ မည်သို့မျှ မဖြစ်နိုင်သေးသော်လည်း စစ်အာဏာသိမ်း အဖွဲ့က ၎င်းတို့ အသာစီးရလာလျှင် စမည်ဟု တရုတ်အား အချက်ပြ လိုက်သည့် သဘောပင် ဖြစ်သည်။

 

တရုတ်ထံမှ ကင်းလှည့် တိုက်ရေယာဉ် ‌၆ စီး ကိုလည်း လက်ခံ ရရှိလာပြီး ရခိုင် ကမ်းရိုးတန်း တွင် အသုဲးပြုလာဖွယ် ရှိသည်ဟု ယုံကြည်ရသည်။

 

ယခင်က ဂျပန်၊ ထိုင်း တို့နှင့် ပူးတွဲလုပ်ကိုင်မည့် ထားဝယ် အထူးစီးပွားရေးဇုံ ရှိ ပင်လယ်ရေနက် ဆိပ်ကမ်း စီမံကိန်းအားလည်း ရုရှားနှင့် ပြန်လည် အသက်သွင်းနိုင်ရန် ပဏမ ဆွေးနွေးမှုများ စတင်လာခဲ့သည်။ နိုဝင်ဘာလ အတွင်း ထို‌ဒေသတဝိုက်တွင် ရုရှား နှင့် ပူးတွဲ ရေတပ် စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည်။

 

တရုတ်၊ ရုရှား၊ အိန္ဒိယ တို့မှ မြန်မာ၏ စီးပွားရေး ယို့ယွင်းလာနေမှု နှင့် စစ်ပွဲ တွင် အ‌ ရေး နိမ့်လာ‌ နေ မှုများ ကို အခွင့်ကောင်းယူကာ ၎င်းတို့လိုလားသမျှ ကို အထက်စီးမှ တောင်းဆိုကြတော့မည် ဖြစ်သည်ဟု နစ်ကီ အေးရှား ရီဗြူး မှ သတိပေး ရေးသားလာခဲ့သည်။

 

ထိုင်း နိုင်ငံခြားရေး ဝန်ကြီးသစ် Maris Sangiampongsa သည် ထိုင်း နိုင်ငံခြားရေး မူဝါဒ အသစ် ကို ချပြလာခဲ့ရာ အိမ်နီးချင်း ဖြစ်သော လာအို အား အာရှ၏ ဘက်ထရီ အိုးကြီး ဟု တင်စားလိုက်ပြီး စွမ်းအင် ကဏ္ဍ တွင် ပူးပေါင်း သွားမည်၊ မလေးရှား နှင့်လည်း အထူး စီးပွားရေး ဇုံများ တည်ထောင်သွားမည်၊ ကမ္ဘောဒီယား နှင့်လည်း ကုန်စည် သယ်ယူ ပို့ဆောင်ရေး ပိုင်း များ တွင် အထူး အလေးပေး ပူးပေါင်းသွားမည် ဖြစ်သည် အစရှိသဖြင့် ပါရှိ လာသည်။

 

၎င်းတို့၏ အနောက်ဖက် အိမ်နီးချင်း ဖြစ်သော မြန်မာ နှင့် မူ နယ်စပ်‌ဒေသ လုံခြုံရေး၊ တရားမဝင် လုပ်ငန်းများ၊ မူးယစ်ဆေးဝါး ကုန်ကူးခြင်း၊ အွန်လိုင်း မှ လိမ်လည်နေမှု များ နှိမ်နှင်းရေး တွင် ပူးပေါင်း သွားမည်ဟု သာ ပြောခဲ့ပြီး စီးပွားရေး လုပ်ငန်း ဆောင်တာများ နှင့် ပတ်သက်၍ အရေးတယူ လုပ်ကာ ပြောဆိုသွားခြင်းမျိုး ပင် မရှိပေ။

 

ဤသည်ကပင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့အား အိမ်နီးချင်း နိုင်ငံများက မည်သို့ သဘောထားနေသည် ဆိုသည်မှာ သိသာထင်ရှားလားခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!