ကျေးဇူးဆပ်ပြီ

by Hla Soewai - Jun 19 2024

နိုင်ငံတွင်း စစ်ရေး အရှိန် မြင့်တက်လာနေသည် နှင့် အမျှ တဖြေးဖြေး နှင့် စစ်ကောင်စီ၏ လွတ်မြောက် နယ်မြေ ဟု ခေါ်ဝေါ် ပြောဆိုရတော့မည့် အနေအထားသို့ ရောက်လာပေတော့မည်။

 

မင်းအောင်လှိုင်သည် သက်ကြီးရွယ်အို စစ်ပြန်များအား အတင်းအကျပ် ခေါ်ယူ စစ်ထဲဆွဲသွင်းနေရသည် အထိ အခြေအနေများ တစထက် တစ ယို့ယွင်းလာနေမှု အား ၎င်း အာဏာသိမ်းပြီးချိန်ကစ၍ လူတကာ ကို လက်ညှိုးထိုး ပြစ်တင် ပြောဆိုနေရာ ယခု အခါ အလှည့်ကျသူ များက ပြည်သူများပင် ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ရေးသားထားသည်။

 

၎င်းက လက်ရှိ ဖြစ်ပေါ်နေမှုများသည် လူထု၏အဖျက်လုပ်ရပ်များ အားသန်သော စိတ်အခြေအ‌နေ များကြောင့် ဟု သောကြာနေ့ ၎င်းအဖွဲ့၏ အစည်းအဝေး တွင် ထုတ်ဖေါ် ပြောဆိုလာသည်။

 

ကျပ်ငွေတန်ဖိုး ဒလဟော ကျဆင်းလာမှု၊ ရွှေ‌ ဈေး တဟုန်ထိုး မြင့်တက်လာမှု များသည် ကိုယ်ကျိုးကြည့် တကိုယ်ကောင်းသမားများ၏ ဈေးကစားမှု များ နှင့် ပြည်ပတွင် ကွန်ဒိုများ ဝယ်ယူထားမှု များကြောင့် ဖြစ်သည်ဟု အပြစ်ပုံချခဲ့သည်။

 

ထိုသို့ လူတကာ အား ထင်ရာမြင်ရာ အပြစ်ပုံချတတ်သော်လည်း ၎င်းတို့ အာဏာသိမ်းခဲ့မှု နှင့် နောက်ပိုင်း ကြောက်ခမန်းလိလိ လူများ အား သတ်ဖြတ်ပြီး လူ့အခွင့်အရေး များ ချိုးဖောက်နေမှု ကြောင့် နိုင်ငံတကာ တွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်လိုသော ပြည်ပ ကုမ္ပဏီ များ ထွက်ခွာ ကုန်ကြသည်ကို တော့ မည်သည့် အခါမှ ပြောခဲ့ခြင်း မရှိ။

 

"အဖျက် စိတ်ရှိ‌ နေသော နိုင်ငံသားများက ၎င်း၏ ဒီမိုကရေစီ အစစ် အမှန် တည်‌ ဆောက်ပေးရန် ကြိုးပမ်းမှု များကို ဖျက်ဆီးနေသည်" ဟု ၎င်း၏ အာဏာသိမ်းမှုကို စုပေါင်း တွန်းလှန်နေသော လူထု အား ရည်ညွန်း ပြောဆိုသွားခဲ့သည်။

 

ဤနေရာတွင်လည်း ၎င်းကိုယ်တိုင် ဝေဟင်မှ ၎င်း၊ မြေပြင်မှ လက်နက်ကြီးများ ဖြင့်၎င်း မြိုရွာ များ နှင့် ပြည်သူများ၏ အိုးအိမ်များကို ပစ်ခတ် မီးရှို့နေသည်များကိုလည်း ‌ပြောဆိုသွားခြင်း မရှိပြန်ပေ။

 

လူထု အဖို့က ယခုလို ခေတ်ပျက်ကြီးတွင် အသက်တချောင်း ကြံဖန် မွေးမြူနေရချိန်တွင် ယခုလို ပြစ်တင် ပြောဆိုလာခြင်းလည်း ဖြစ်သည်။

 

ထိုသို့ လူထုသည် စားဝတ်နေရေး လွန်စွာ ကျပ်တည်း လာနေ၍ အသက်တချောင်း ရှာကြံမွေးကာ ပြေးလွှား ရုန်းကန် နေကြရစဉ် တွင် ၎င်းတို့ ကိုးကွယ်ရာ မြတ်ဗုဒ္ဓ၏ သားတော် ဖြစ်သည့် ဆရာတော်ကြီးများက အကြမ်းဖက် ‌စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်မှ လှုဒန်းသည် မာစီးဒီး အပါအဝင် တန်ဖိုးကြီး ဇိမ်ခံကားများအား တနင်္ဂ‌ နွေ နေ့က အခမ်းအနားဖြင့် လက်ခံ ရယူပြီး သာဓု အနု မောဒနာ အား မိုးထက်ညံ့အောင် အော်ဟစ် ခေါ်ယူနေကြပြီ ဖြစ်သည်။

 

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ဝင် များ အား နိုင်ငံတော် အဆင့် သွားလာနိုင်ရန် နှင့် သာသနာတာဝန်များကို သက်တောင့် သက်သာ သွားလာပြီး ထမ်းဆောင်နိုင်ရန် ရည်ရွယ်လှုဒန်းသည်ဟု မင်းအောင်လှိုင်က ဆိုသည်။

 

တိုင်းပြည်ရှိ လူဦးရေ ၅၅ သန်း တွင် မင်းအောင်လှိုင် ဒုက္ခပေးနေမှု ကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း မခံရသေးသူ ဟူ၍ တဦးတယောက်မျှ မကျန်တော့သော်လည်း အဆိုပါ ဆရာတော်ကြီးများကမူ တခွန်းတပါဒ မျှ ဟန့်တား ပြောဆိုခဲ့ဖူးခြင်း မရှိပေ။

 

ထို့အတွက် ကြောင့်လည်း ယခုလို ဆုလဒ်များ ဆက်ကပ်လှုဒန်း ခံရခြင်းလည်း ဖြစ်ပေသည်။ သို့သော် ဝတ္ထု ပစ္စည်းများ အပေါ် သာယာ တပ်မက်မှု သည် မြတ်စွာ ဘုရား၏ အဆုံးအမ နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည့် အပြင် ယခုလို တတိုင်းပြည်လုံး ဒုက္ခပင်လယ်ဝေနေချိန်တွင် အဓိက တရားခံ ဖြစ်သူ၏ လှုဒန်းမှု ကို ငြင်းဆိုခြင်း မပြုပဲ မိန့်မိန့်ကြီး လက်ခံနေမှု အား ဗုဒ္ဓဘာသာဝင် များ အဖို့ မည်သို့ ယူဆရမည် မသိ ဇဝေဇဝါ ဖြစ်လာနေသည်။

 

၎င်းသည် အမျိုးဘာသာ သာသနာကို စောင့်ရှောက်နေသူ အဖြစ် ထင်မြင်လာစေရန် ကြိုးပမ်းခြင်း ဖြစ်သော်လည်း ယခုလို လုပ်ရပ်သည် ခုတ်ရာတလွဲ ရှရာ တခြား ဖြစ်ကာ သာသနာကို ၎င်း၏ ကိုယ်ကျိုး အတွက် ဖျက်စီးနေသည့် အဖြစ် ရောက်သွားခဲ့ရရှာသည်။ 

 

နိုင်ငံခြား‌ ငွေများ ကုန်ခမ်းလာ‌ နေပြီး ပြည်ပ ကုန်သွယ် ရေး ကိုပင် ကုန်စည်ဖလှယ်သည့် စနစ် ဖြင့် အစားထိုး‌နေရချိန်တွင် မင်းအောင်လှိုင် ၏ ထိုသို့ ရက်ရောစွာ လှုဒန်းသည်ကို ကြည့်က ဆရာတော်ကြီး များ ရေငုံနှုတ်ပိတ်နေမှု သည် ၎င်းအတွက် တန်ဖိုး မဖြတ်နိုင်အောင် အထောက်အကူ ပြုနေသည်ဟု ယူဆထားသည်မှာ အထင်အရှားပင် ဖြစ်သည်။

 

ဆရာတော်ကြီးများ အဖို့က တော့ ဇိမ်ခံကားကြီးများ အား အခန့်သား စီးနေရင်း ၎င်းတို့စိတ်ထဲတွင် မင်းတရားကြီးသည် နယ်စွန်နယ်ဖျားရှိ သူပုန်သူကန်များကို နှိမ်နှင်းနေခြင်းဟု သော အတွေး အခေါ်မျိုးထက် ပို၍ ထွက်လာဖို့လည်း မရှိပေ။

 

မင်းအောင်လှိုင် ကြည့်ပြန်‌ တော့လည်း တိုင်းပြည်စီးပွားရေး ဖရိုဖရဲ ဖြစ်လာနေမှု ကို စီးပွားရေး သမားများကြောင့်သာ ဖြစ်ရသည်ဟု သာ တွေးတတ် ခေါ်တတ်သူမျိုး ဖြစ်နေပြန်သည်။

 

ထိုသို့ ဆရာဒကာ လိုက်လျောညီထွေ ဖြစ်နေမှု အား ဧရာဝတီ ၏ အင်္ဂလိပ် ပိုင်း သတင်းတွင် "မာစီးဒီး ဆရာတော်များ" ဟု ‌ခေါင်းစဉ်တပ်ကာ "Unholy Alliance" ဟု ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!