အမေရိကန်ဖက်မှ လှုပ်လှုပ်ရွရွ ဖြစ်လာပြီလော

by Hla Soewai - Jun 19 2024

ပြည်တွင်းစစ်ကြီးသည် တဖြေးဖြေး နှင့် လွန်စွာ အရေးပါသော လမ်းဆုံလမ်းခွ သို့ ရောက်လာသည်နှင့် အမျှ အမေရိကန် သည် တရုတ်အား ထိန်းချုပ်နိုင်ရန် နှင့် ၎င်းတို့၏ မဟာဗျူဟာမြောက် အကျိုးစီးပွား များ ကို ပျက်ပြားသွားစေနိုင်မည့် အခွင့်အ‌ရေး အဖြစ် တိုး၍ ရှုမြင်လာနေသည်ဟု ယူရေရှား ရီဗြူးတွင် ယခုလို ရေးသား လာခဲ့သည်။

 

ယခုအပတ်ထုတ် တိုင်းမ် မဂ္ဂဇင်း တွင် ပါရှိသော အင်တာဗျူးတွင် ဂျိုး ဘိုင်ဒင်မှ ရုရှား နှင့် တရုတ်အား စစ်အေး တိုက်ပွဲ ပုံစံ မျိုး ပြန်လည် ပုံဖေါ်ကာ ထိန်းချုပ်ရန် ကြိုးပမ်းနေပြီ ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်၊ ဤသည်ကလည်း ယူကရိန်း အား အမေရိကန် တို့၏ လက်နက်ကြီး များကို ထိုးစစ် အတွက် သုံးနိုင်ရန် ခွင့်ပြုလိုက်ခြင်း ဖြင့် ယူကရိန်း စစ်ပွဲ သည် ရှေ့မတိုး နိုင် ရပ်တန့်နေပြီ ဟု အမေရိကန်ဖက်က တိုး၍ ရှုမြင်လာကြခြင်း ကြောင့်လည်း ဖြစ်သည်။ ထို့အတွက် ဝါရှင်တန် သည် တဖက်တွင် ၎င်းတို့၏ ဘူမိနိုင်ငံရေး မဟာဗျူဟာ တွင် အဓိက ပြိုင်ဖက် ဖြစ်သည့် တရုတ် အပေါ် ဝက်အူ တင်းလာတော့မည် ဟု မျှော်လင့်ရသည်။ 

 

ထိုအင်တာဗျုးတွင်ပင် ဘိုင်ဒင်သည် တရုတ်မှ တိုင်ဝမ်အား ကျုးကျော်လာမည့် အရေး ကို ကာကွယ်သွားရန် နှင့် အမေရိကန်၏ ဦးဆောင်မှု ဖြင့် အာရှ-ပစိဖိတ် ဒေသတွင်းရှိ မဟာမိတ်များ အား စုစည်းပြီး တရုတ်၏ ဩဇာအာဏာ ဖြန့်ကျက်လာမှု ကို ဖြတ်တောက်သွားမည်ဟု ထုတ်ဖေါ် ပြောဆိုလာသည်။

 

ဘိုင်ဒင်၏ ဖြတ်တောက်ရေး ပေါ်လစီ နှင့် တရုတ်အား ပြဿနာ ရှာရေးတွင် မြန်မာ သည် အလိုလိုနေရင်း ထိပ်ဆုံးမှ ပါလာတော့မည် ဖြစ်သည်။

 

ပို၍ သိသာ ထင်ရှားလာရသည်က အမေရိကန် အစိုးရ ၏ တွေးခေါ်မျှော်မြင်ရေး အဖွဲ့ဖြစ်သော ဝီလ်ဆန် စင်တာ မှ စီမံချက် စာတမ်း တွင် အသစ် ထွက်ပေါ်လာသည့် BURMA ACT ဖြင့် မြန်မာနိုင်ငံ တွင်းရှိ တော်လှန်ရေး အင်အားစုများအား အကြီးအကျယ် ပံ့ပိုး ပေးသွားရန် တိုက်တွန်းလိုက်ခြင်းပင် ဖြစ်သည်၊ ၎င်းတို့၏ တိုက်တွန်းချက် အား ပွင့်ပွင့်လင်းလင်း ပင် ထောက်ခံ ပြောဆိုလာသူသည် အဖွဲ့ဝင်လည်း ဖြစ်သော နိုင်ငံခြားရေး ဝန်ကြီး အန်သနီ ဘလင်ကင် ပင် ဖြစ်သည်။

 

၎င်းက “စစ်အာဏာသိမ်း အဖွဲ့အား အချိန်တို အတွင်း အရေးနိမ့်သွားအောင် ပြုလုပ်နိုင်ရေး တွင် အမေရိကန် ပြည်ထောင်စု နှင့် အကျိုးတူ မဟာမိတ်များ၊ ပါတနာ များ မှ ယခုထက် တိုး၍ ထောက်ခံသွားရန် လိုသည့် အရေးပါသည့် အနေအထား ရောက်လာပြီဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

ထိုသို့ လုပ်နိုင်ရန် ဘီဂျင်း၏ အလွန်အကျွံ ဩဇာသက်ရောက်နေမှု အား တန်ပြန် နိုင်ရန် မရှိမဖြစ် လိုအပ်လာနေပြီဟု ဝါရှင်တန် ရှိ မူဝါဒ ရေးဆွဲသူများဖက်က ထောက်ပြလာသည်၊ အမေရိကန်သည် အရှေ့တောင် အာရှ တည်ငြိမ်ရေး နှင့် အာဏာရှင် စနစ် ‌ခေါင်းထောင်ထလာ နေသည့် ဒေသအတွင်း ဒီမိုကရေစီ တိုးတက် ဖြစ်ထွန်းလာရေး ဆိုသည့် အပြောများသည် ကြားကောင်းအောင် သဘော ပြောဆိုနေခြင်း ဖြစ်ပြီး တကယ်တမ်းတွင် တရုတ်၏ မြန်မာ အပေါ် ဩဇာလွှမ်းနေမှု ကို ထိန်းချုပ်ပြီး အရှေ့တောင် အာရှ အား ၎င်းတို့ အကျိုးစီးပွား အတွက် ကျစ်လစ်စွာ စုစည်းသွားနိုင်ရေးပင် ဖြစ်သည်။

 

ဘီဂျင်းသည် မြန်မာ အကျပ်အတည်း တွင် တဖက်သတ် ထောက်ခံပြီး ချဉ်းကပ်သွားရေးသည် ၎င်းတို့ ၏ အကျိုးစီးပွား နှင့် နယ်စပ် ဒေသ တည်ငြိမ်မှု ရရှိ‌ ရေး တို့ တွင် အကျိုး ဖြစ်ထွန်းလာဖွယ် မရှိဟု ယူဆထားပြီး ဖြစ်သည်။ ထို့အတွက် စစ်တပ်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေး ပါတီများ နှင့် ပါ ဆက်ဆံရေး ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော် တရုတ်၏ ကြားဝင် စေ့စပ်ပေးလာသော အပစ်အခတ် ရပ်စဲရေး သည် တည်မြဲနေပုံ မရပဲ ဒေသ အနှံ့အပြား တွင် တိုက်ပွဲ များ ဖြစ်ပွားလာနေသည်။

 

ဝီလ်ဆန် စင်တာ၏ စီမံချက် စာတမ်း တွင် စစ်အာဏာသိမ်း အဖွဲ့ အပေါ် တော်လှန်ရေး အင်အားစုများ ကြိမ်းသေပေါက် အနိုင်ရအောင် ပြုလုပ်ပေးခြင်း ဖြင့်သာ အမေရိကန် ၏ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာမည်ဟု ရှင်းလင်းစွာ ဖေါ်ပြထားသည်။ လက်ရှိတွင် BURMA ACT ဖြင့် ဒေါ်လာ သန်း ရာနှင့် ချီ၍ သုံးနိုင်သည့် ဘတ်ဂျက် ရှိထားပြီး ဖြစ်၍ ဝါရှင်တန် ရှိ စီမံချက် ရေးဆွဲသူများသည် နိုင်ငံတွင်းရှိ လက်နက်ကိုင် အဖွဲ့ အသီးသီး အား စစ်ရေး အရ တိုးမြှင့် ထောက်ပံ့သွားနိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

 

စီအိုင်အေ နှင့် နီးကပ်စွာ ပတ်သက်နေသော ဂျိမ်းစ် တောင်း ဖောင်ဒေးရှင်း မှ “မြန်မာ တွင် အာဏာရှင် စနစ် အား တိုက်ပွဲဝင်နေမှုသည် ပြီးဆုံးနိုင်ခြင်း မရှိသေးပဲ ဒေသတွင်း နှင့် နိုင်ငံတကာ တွင် တင်းမာမှု များ တိုး၍ ဖြစ်ပေါ်လာစေရန် အခြေအနေများ ဖန်တီးနေသလို ဖြစ်နေသည်ဟု ထောက်ပြခဲ့သည်၊ စစ်အာဏာသိမ်း အဖွဲ့ အား ရုတ်ခြည်း ဖြုတ်ချ ပစ်နိုင်ဖို့သည် ဖြစ်နိုင်ဖွယ် မရှိ‌သေး၊ တခုတည်းသော ဖြစ်နိုင်ခြေ ရှိသည်က တော်လှန်ရေး တပ်များ အချင်းချင်း စုစည်းပြီး နေပြည်တော် အား တိုက်ရိုက် ဦးတည်ပြီး အုပ်ချုပ်ရေး ပျက်ပြားသွားနိုင်သည့် ထိုးစစ်ကြီးမျိုး ဖြန့်ကျက် ဆင်နွဲ နိုင် ရေး ဖြစ်သည်ဟု ဆိုသည်။

 

ဤသည်က ဂျိမ်းစ်တောင်း စင်တာ မှ စီအိုင်အေ အား လျို့ဝှက် စစ်ဆင်‌ရေး မျိုး ပြင်ဆင်လာရန် ရန်စွယ်ငေါငေါ တောင်းဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

အမေရိကန်သည် ယခုအခါ မြန်မာ ပြည်တွင်းစစ်အား ခပ်ကြမ်းကြမ်း ဝင်ရောက်စွက်ဖက်လာရန် ပြင်ဆင်လာနေပြီ ဖြစ်သည်ဟု ဆောင်းပါး နိဂုံး တွင် ဖေါ် ပြထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!