ယူဗယ် နို‌ဗာ ဟာရာရီ ၏ ခေါင်းထောင်လာမည့် နယ်ချဲ့ဝါဒ နှင့် အားနည်းရင် ခံရပြီသာ မှတ် (နိဂုံး)

by Hla Soewai - Jun 19 2024

နယ်ချဲ့ဝါဒ ခေတ်သစ်ထဲ ဝင်ရောက်လာမည့် အရေးကို ကာကွယ်ရန် ဒေါင့် ပေါင်းစုံ မှ ခေါင်းဆောင်မှု ပေးနိုင်ရန် လိုအပ်လာသည်။ လာမည့် ယူကရိန်း ငြိမ်းချမ်းရေး ထိပ်သီး ဆွေး‌နွေးပွဲတွင် အရေးပါသည့် ခြေလှမ်း နှစ်လမ်း လှမ်းနိုင်ရန် ဖန်တီးပေးရမည် ဖြစ်သည်။

 

ပထမ ဆုံး အနေဖြင့် ရုရှား နယ်ချဲ့ဝါဒ၏ သားကောင်များ ဖြစ်လာနိုင်သည့် ဥရောပ နိုင်ငံများသည် ယူကရိန်းစစ်ပွဲ မည်မျှပင် ကြာသွားစေကာမူ ယူကရိန်း အား မဆုပ်မနစ် ထောက်ခံကြောင်း အခိုင်အမာ ပြသသွားသင့်သည်။ ဥပမာအားဖြင့် ရုရှားသည် ယူကရိန်း၏ စွမ်းအင်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံများကို ဖျက်စီးပစ်နိုင်ရန် အရှိန်မြင့် ထိုးစစ်ဆင်လာချိန်တွင် နေတိုး အဖွဲ့ဝင် နိုင်ငံများရှိ ဓါတ်အားပေး စက်ရုံများမှ လိုအပ်နေသော စွမ်းအင်ကို ပံ့ပိုးပေးသွားနိုင်ရမည် ဖြစ်သည်။

 

နိုဝင်ဘာလ အမေရိကန် သမ္မတရွေးကောက်ပွဲတွင် မည်သို့သော ရလဒ်မျိုး ထွက်ပေါ်လာစေကာမူ ဥရောပ အနေဖြင့် ၎င်းတို့ ကို ဆက်၍ ကာကွယ်သွားနိုင်ရန် အတွက် ယူကရိန်း လိုအပ်နေသော လက်နက် နှင့် ရံပုံငွေများကို ပံ့ပိုးပေးသွားရန် တာဝန်ခံသင့်သည်။ ရီပတ်ဘလီကင် ပါတီ နှင့် အခြား အမေရိကန် လူ့အဖွဲ့အစည်း အချို့၏ ကိုယ်ကျိုးစီးပွား ကာကွယ်သွားမည့် အလားအလာ များ ရှိနေသော်လည်း ဥရောပ နိုင်ငံများ အနေဖြင့် အမေရိကန် သာ ယူကရိန်းအား ဆွဲတင်ပေးနိုင်သည် ဆိုသည် အပေါ် အမှီသဟဲ ပြုနေ၍ မရကောင်းပေ။

 

ထိုသို့သော ကတိကဝတ် နှင့် အာမခံချက်မျိုး ပေးနိုင်မှသာ ရုရှားအား ငြိမ်းချမ်းရေး အတွက် စိတ်ပါလက်ပါ ဆွေးနွေးလာအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။ ရုရှားသည် စစ်ပွဲ တာရှည်လာသည်နှင့် အမျှ ထိခိုက်နစ်နာစရာများနှင့် ရင်ဆိုင်လာရဖို့သာ ရှိသည်။

 

စစ်ပွဲသည် တလပြီး တလ ရှည်ကြာလာသည် နှင့် အမျှ ရုရှားအား အင်အားကြီး နိုင်ငံ ဖြစ်လာစေရမည်ဟူသော ပူတင်၏ အိမ်မက်များလည်း မှေးမှိန်လာ လေလေသာ ဖြစ်မည်။ ဤသည်ကလည်း ယူကရိန်း၏ ရန်လိုမှု များ ပို၍ နက်ရှိုင်းလာလေလေ ရုရှားသည် အခြား အင်အားကြီး နိုင်ငံများ အပေါ် ပို၍ မှီခိုလာရလေလေ ဖြစ်လာနေသည့် အတွက် ၎င်းတို့ အတွက် နည်းပညာ ပြိုင်ပွဲတွင် နောက်ကျ ကျန်ခဲ့တော့မည် ဖြစ်သည်။ စစ်ပွဲ တာရှည်လာသည်နှင့် အမျှ ရုရှားသည် တရုတ် လက်အောက်ခံ ဘဝ ကျရောက်သွားတော့မည် ဖြစ်သည်။

 

ဥရောပ နိုင်ငံများသည် ကြာလာလျှင် ယူကရိန်းအား ထောက်ပံ့ပေးနေရသည်ကို ငြည်းငွေ့လာကြလိမ့်မည်ဟု ပူတင်က တွက်ဆထားမည်ဆိုလျှင် အပြီးသတ် အောင်ပွဲ ခံနိုင်ရန် မျှော်လင့်ချက်ဖြင့် ၎င်းဖက်က အချိန်ဆွဲလာ ပေတော့မည်။ ဥရောပသည် အချိန်မည်မျှ ကြာကြာ ယူကရိန်း အား မဆုပ်မနစ် ထောက်ခံသွားမည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်မှသာ ငြိမ်းချမ်းရေး ရဖို့ အလေးအနက် ဆွေးနွေးလာမည် ဖြစ်သည်။

 

ဒုတိယ အရေးပါ‌သော ခြေလှမ်းတရပ်သည်က ဥရောပ ပြင်ပမှ နိုင်ငံများ၏ ‌ခေါင်းဆောင် ပါဝင်လာမှုပင် ဖြစ်သည်။ အင်အား ကြီးထွားစ ပြုလာနေသောဘရာဇီး၊ အိန္ဒိယ၊ အင်ဒိုနီရှား၊ ကင်ညာ ကဲ့သို့ နိုင်ငံများ သည် အနောက်နိုင်ငံများ၏ အတိတ်က နယ်ချဲ့ လုပ်ရပ်များ၊ လက်ရှိ စွမ်းဆောင်နိုင်မှု မရှိ ဖြစ်လာနေမှု များ၊ ဘက်လိုက်မှုများ အပေါ် မကြာခဏ ဝေဖန် ပြောဆိုလေ့ ရှိသည်၊ တကယ်လည်း ပြောစရာ အများအပြား ရှိနေသည်။ သို့သော် ယခုအခါ ၎င်းတို့ အနေဖြင့် ဘေးထွက်ထိုင်နေပြီး အဲ့တုန်းက ဘယ်လို ဘယ်ငြာ ဆိုသည့် whataboutism ဂိမ်းမျိုး လုပ်နေမည့် အစား ကမ္ဘာစင်မြင့်ပေါ် မားမားမတ်မတ် တက်လာပြီး ဦးဆောင်သွားသင့်သည်။

 

ယင်းသည် ကျဆင်းလာနေ‌သော အနောက်နိုင်ငံများအား လိုလိုလားလား အကူအညီပေးချင်းမျိုး မဟုတ်ပဲ မိမိတို့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ဖို့ အတွက် ဖြစ်သည်။ ထိုသို့ ကာကွယ်သွားနိုင်ရန် ဘရာဇီး နှင့် အိန္ဒိယ ကဲ့သို့ အင်အားရှိ နိုင်ငံများသည် နိုင်ငံရေး အရ ရင်းနှီးမြုပ်နှံမှု များ တိုးချဲ့သွားရမည်သာမက စွန့်စားဖို့လည်း လိုသည်။ မအောင်မြင်ခဲ့သည် ဆိုစေဦး နိုင်ငံတကာ စည်းမျဉ်းခံ စနစ်ကို ကာကွယ် ရပ်တည် ပေးသွားနိုင်မည် သာ ဖြစ်သည်။

 

၂၀၂၂ စက်တင်ဘာ လ အတွင်း အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒါ မိုဒီသည် "အခု ခေတ်က စစ်ပွဲတွေ ဆင်နွှဲရမယ့် ခေတ် မဟုတ်တော့ ဘူး" ဟု ပူတင်ကို ပြောခဲ့ဖူးသည်။ မိုဒီသည် နောက်ပိုင်း ၎င်းပြောခဲ့သည့် အကြောင်းများ ပြန်ပြောင်း ပြောလာသည့် အခါ "အခု ခေတ် က ဆွေးနွေး တိုင်ပင်ရမယ့် သံခင်းတမန်ခင်း ခေတ်၊ ကျွန်တော် တို့ အနေနဲ့ သွေးထွက်သံယိုမှု တွေ၊ လူတွေ ဒုက္ခသုက္ခ နဲ့ ကြုံနေတာတွေ ရပ်သွားအောင် တတ်နိုင်သမျှ လုပ်သွားကြရမယ် " ဟု ထပ်မံ ထည့်သွင်း ပြောသွားခဲ့သည်။

 

မိုဒီ ထိုသို့ ပြောဆိုသွားခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်၊ လက်ရှိတွင် ကမ္ဘာခေါင်းဆောင်များ စုပေါင်းပြီး ပြတ်ပြတ်သားသား မဆောင်ရွက် နိုင်ဟု ဆိုက ဆွေး‌နွေး ညှိနှိုင်းရမည့် ဒိုင်ယာလော့ ခေတ်သည် ကုန်ဆုံးသွားပြီး စစ်ပွဲများ အတားအဆီး မရှိ ဆင်နွှဲလာမည့် ခေတ်ကြီး နှင့် ကျွနုပ်တို့ ကြုံကြရပေတော့မည်။

 

လာမည့် ထိပ်သီး စည်း‌ဝေးပွဲသို့ ကမ္ဘာတဝှမ်း မှ ခေါင်းဆောင်များ တက်ရောက်သင့်ပေသည်။ သို့မှသာ တရားမျတစွာ စစ်ပွဲ အဆုံးသတ်သွားရေး ကို အတူတကွ လက်တွဲ လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ ထိုသို့ ယူကရိန်း တွင် တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး မျိုး ရရှိအောင် ဆောင်ကျဉ်း ပေးနိုင်ခဲ့လျှင် ကမ္ဘာ ခေါင်းဆောင်များအား အခြား ပြဿနာများနှင့် ရာသီဥတု ပြောင်းလဲလာမှု၊ ထိန်းမရ ဖြစ်လာနေသော ဉာဏ်ရည်တု အရေးများကိုလည်းဖြေရှင်းပေးနိုင်သူများ အဖြစ် ယုံကြည်ကိုးစားခံကြရမည်၊ ပြဿနာများ နှင့် ပြည့်နှက်နေသည့် နှစ်ဆယ်တစ် ရာစု တွင် လူသားများကို ပဲ့ကိုင်လမ်းပြ ‌ပေးနိုင်သူများလည်း ဖြစ်လာပေလိမ့်မည်။

 

(ရည်ညွှန်း - ၂၀၂၄ ဇွန်လ ၃ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်း၏ ဖိတ်ခေါ် ကဏ္ဍတွင် ပါရှိသည့် "Yuval Noah Harari on how to prevent a new age of imperialism" ကို ပြန်ဆိုသည်။)