သူတို့ ပြောသည့် ခေတ်ဟောင်းက ဂျင်းတဲမင်း စစ်သား ကြီး

by Hla Soewai - Jun 19 2024

ဇွန်လ ၁ ရက်နေ့ နံနက် တွင် လူကြီးရောဂါ ဖြင့် အသက် ၉၇ နှစ် တွင် ကွယ်လွန် သွားခဲ့သည့် သူရ ဦးတင်ဦး အား တနိုင်ငံလုံးက နှမျောတသ ပူဆွေး လွမ်းဆွတ်ခဲ့ကြပြီး မင်းအောင်လှိုင် ကိုယ်တိုင်ပင် လွမ်းသူ ပန်းခွေ ပေးပို့ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်ဟု အစချီကာ နီကီ အေးရှား ရီဗြူး တွဲဖက် အယ်ဒီတာ ဒိုမိနစ် ဖေါဒါ မှ ယခုလို ရေးသားခဲ့သည်။

 

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ဒီဇင်ဘာလ အတွင်း ဦးတင်ဦး၏ အိမ်သို့ သတင်းလာမေးခဲ့ပြီး သာမန် လူထု တက်ရောက် ကုသနေသည့် ဆေးရုံများ ထက် အဆင့်အတန်း မြင့်သည့် စစ်ဆေးရုံတွင် တက်ရောက် ကုသရန် ကမ်းလှမ်းခဲ့သော်လည်း ပြတ်သားစွာ ငြင်းပယ်ခဲ့သည်။

 

စစ်တပ် မျိူးဆက်ထဲတွင် နောက်ဆုံး လက်ကျန် များထဲမှ လူကြီး လူကောင်း ပီသလှသူ အဖြစ် လူအများ လေးစားခံရသော ဦးတင်ဦး ကွယ်လွန်သွားခဲ့ခြင်းသည် လက်ရှိ မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာသိမ်း အဖွဲ့ နှင့် ၅၅ သန်း ခန့် ရှိ လူထု အကြား ကွဲပြားနေမှု အား မည်သို့မျှ သက်ရောက်မှု မရှိခဲ့ပေ။

 

အရှေ့တောင် အာရှ တွင် ချမ်းသာကြွယ်ဝခဲ့သည့် နိုင်ငံ အား အလွဲလွဲ အချော်ချော် အုပ်ချုပ်နေမှု အား မည်သို့မျှ အမြင် မကြည်လင် ဖြစ်လာသော ဦးတင်ဦး ကဲ့သို့ စစ်အရာရှိ ဟောင်းကြီး များက ၁၉၈၈ လူထု အုံကြွမှု ကြီး ဖြစ်လာအောင် အရေးကြီးသည့် အပိုင်း မှ လှုံ့ဆော် ပေးလာခဲ့သည်။

 

၁၉၈၈ လူထု အုံကြွမှု ကြီး အရှိန်ရလာ စဉ်အတွင်း ၁၉၇၄-၇၆ တွင် ကာကွယ်ရေး ဝန်ကြီး နှင့် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်ဦးသည် ၁၉၆၂ အာဏာသိမ်းပွဲတွင် နံပတ်နှစ် နေရာတွင် ရှိခဲ့သူ ဗိုလ်မှုးချုပ် အောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်တို့ နှင့် အတူ တွဲ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို တည်ထောင်ခဲ့သည်။

 

ဗိုလ်အောင်ကြီးသည် အာဏာသိမ်းခေါင်းဆောင် ဗိုလ်နေဝင်းနှင့် အဆင်မပြေ ဖြစ်လာပြီး လ္ဘက်ရည်ဆိုင် များ နေရာအနှံ့ ဖွင့်ကာ လုပ်ကိုင်စားသောက်ရသည့် အဖြစ် အထိ ရောက်သွားခဲ့သည်။ ၁၉၈၈ တွင် ဗိုလ်အောင်ကြီးသည် မြန်မာစီးပွားရေး ယို့ယွင်း ပျက်ပြားလာနေမှု ကို တလွှာချင်း ခွာချပြခဲ့သည့် စာများကို စတင် ဖြန့်ဝေ ခဲ့ခြင်းကြောင့် လူထုအကြား မကျေနပ်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။ မြန်မာ နိုင်ငံရေး တွင် ကပ်ဆိုးကြီးလို အမြဲ ဖြစ်စေခဲ့သော “တွဲရေးခွဲရေး” ဆိုသည့် စရိုက်လက္ခဏာ နှင့် အညီ စိတ်မြန်လက်မြန် နိုင်လှသည့် ဗိုလ်အောင်ကြီး သည် မကြာမီမှာပင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့ နှင့် လမ်းခွဲကာ ကိုယ်ပိုင် ပါတီ တရပ် ထူထောင်လာခဲ့သည်။

 

၁၉၈၉ ဇူလိုင်လ တွင် ပါတီ ခေါင်းဆောင် နှစ်ဦး အကျဉ်းချ ခံခဲ့ရစဉ်တွင်တော့ ဗိုလ်နေဝင်း နှင့် အဆင်မပြေ၍ တပ်မှ ထုတ်ပယ်ခံထားရသည့် ဗိုလ်မှုးကြီး ဟောင်း ဦးကြည်မောင် အား ပါတီကို ဆက်လက်ဦးဆောင်ရန် တာဝန်လွှဲပေးခဲ့သည်။

 

ပါတီ ၏ လူကြိုက် အများဆုံး ခေါင်းဆောင် နှစ်ဦး လူမြင်ကွင်း မှ ပျောက်ကွယ်သွားခဲ့ရသော်လည်း ဦးကြည်မောင်၏ ပါးနပ်လိမ္မာစွာ ဦးဆောင်ပေးနိုင်မှု ဖြင့် ၁၉၉၀ မေလ တွင် ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲကြီးတွင် NLD သည် သောင်ပြိုကမ်းပြို အနိုင်ရရှိသွားခဲ့သော်လည်း ထိုစဉ်က အာဏာသိမ်း အဖွဲ့ နဝတ မှ ၎င်းတို့ကိုယ်တိုင် ဦးစီး ပြုလုပ်ပေးခဲ့သော ရွေးကောက်ပွဲ ရလဒ် ကို လွယ်လင့်တကူ ပင် လျစ်လျူ ရှုခဲ့ကြသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ဦးတင်ဦး နှင့် ဦးကြည်မောင်အား လွန်စွာ လေးစားသမှု ရှိခဲ့သည်။ ဦးတင်ဦး ကို ဖခင် သဖွယ် သဘောထားခဲ့သည်၊ ၎င်းတို့ နှစ်ဦးစလုံးသည် စစ်တပ်ကို နားလည် ပေးနိုင်စွမ်း ရှိသည်ဟု ထင်မြင်ခဲ့ကြသူများ ဖြစ်၍ ပါးပါးနပ်နပ် ဖြင့် ပြေလည် အောင် ချဉ်းကပ်ဆက်ဆံခဲ့ကြသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏ အတွင်းစည်းထဲရှိ အခြားလူများ ကဲ့သို့ပင် ဦးကြည်မောင် နှင့် ခွာပြဲခဲ့သည်။ ဦးကြည်မောင်သည် နောက်ပိုင်း တွင် သတင်းသမား များ အား သူမအကြောင်း မမေးရ ဟူသော စည်းကမ်းချက်ပင် ထုတ်လာသည့်အထိ ဖြစ်ခဲ့သည်၊ ဦးကြည်မောင်သည်လည်း ၁၉၆၀ ကျော် နှစ်များ မှ ကွယ်လွန်ချိန် ၂၀၀၄ အထိ ကြားကာလ များ တွင် ၁၂ နှစ် နီးပါး အကျဉ်းချ ခံခဲ့ရသည်။

 

ဦးတင်ဦးသည် လည်း ၎င်းကဲ့သို့ပင် အကျဉ်းချ ခံခဲ့ရသည့် နှစ်ပေါင်း ၁၈ နှစ် နီးပါး ရှိခဲ့သည်။ ဗိုလ်နေဝင်း လက်ထက်တွင် မအောင်မြင်ခဲ့သော အာဏာသိမ်းပွဲတွင် သတင်းထိန်ချန်ခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရသည်။ စစ်တပ် အတွင်း အရာရှိ အရာခံ အကြပ်တပ်သားများ အတွင်း ဦးတင်ဦးအား လူကြိုက်များ နေမှု သည် ဗိုလ်နေဝင်းအား ခြိမ်းခြောက်နေသလို ဖြစ်ခဲ့ရသည်။

 

NLD ၏ ဥက္ကဌ လည်း ဖြစ်သော ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည် ဖက်တွင် အမြဲ ရပ်တည်ပေးခဲ့သည်။ ထို့အတွက်လည်း ၂၀၀၃ မေလ အတွင်း NLD ယာဉ်တန်းအား စစ်အစိုးရ လူမိုက် များ၏ တိုက်ခိုက်ခံခဲ့ရပြီး လူပေါင်း ၇၀ အထိ သေဆုံးသွားခဲ့မှု တွင် ဦးတင်ဦးသည် ‌ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ရှိနေခဲ့သည်။

 

ဦးတင်ဦးသည် ဗိုလ်ချုပ်အောင်ဆန်း လက်အောက်တွင် အမှုထမ်းခဲ့ဖူးသူ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အပြီး မေမြို့ တွင် ဒုဗိုလ် ဘဝ ဖြင့် ဗိုလ်ချုပ် အောင်ဆန်း နှင့် ဆုံခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဦးတင်ဦး နှင့် နီးကပ်စွာ ဆက်ဆံခဲ့သည်ကတကြောင်း၊ ဖခင်အားလည်း လေးစားမြတ်နိုးစိတ် ရှိနေသည်ကတကြောင်းမို့ စစ်တပ် အပေါ် ဆက်ဆံရာတွင် ထင်မထားလောက်အောင် သဘောထား ပျော့ပြောင်းခဲ့သည်ဟု ယူဆရသည်။

 

ဗိုလ်ချုပ်အောင်ဆန်းသည် ထူထောင်ပေးခဲ့သည့် စစ်တပ်ကို နောက်ပိုင်းတွင် ဗိုလ်နေဝင်းသည် ကြောက်မက်ဖွယ် killing machine တခု အဖြစ် အသွင်ပြောင်းပစ်ကာ တိုင်းရင်းသား တို့၏ ပုန်ကန်လာမှု များကို နှိမ်နှင်းလာခဲ့သည်၊ ထိုအထဲတွင် ဦးတင်ဦး လည်း ပါဝင်ခဲ့ပြီး ရဲစွမ်းသတ္တိ အတွက် သူရ ဘွဲ့ ချီးမြှင့်ခံခဲ့ရသည်။

 

၁၉၇၄ တွင် ဦးတင်ဦး ကာကွယ်ရေး ဦးစီးချုပ် ဖြစ်နေစဉ် ဦးသန့် အရေးအခင်း ဖြစ်ပွားခဲ့သည်၊ ဦးသန့်သည် ကျောင်းအုပ်ဆရာကြီး တဦး ဘဝ မှ ကမ္ဘာတွင် အထင်ရှားဆုံး မြန်မာ နိုင်ငံသား တဦး ဖြစ်လာနေသည်ကို မနာလို မရှ့စိမ့် ဖြစ်ခဲ့သော ဗိုလ်နေဝင်းသည် သင့်တင့် လျောက်ပတ်စွာ မစီစဉ်ပဲ ခပ်မြန်မြန် ပြီးလွယ်စီးလွယ် သင်္ဂြိုလ် ပစ်ချင်သည့် စိတ်ကြောင့် ကျောင်းသားများက ရုပ်ကလပ်ကို လုယက်ယူငင်သွားရာမှ အစ သွေးထွက်သံယို နှိမ်နှင်း ခံခဲ့ရသည့် အရေးအခင်းလည်း ဖြစ်သည်။ 

 

ဦးတင်ဦး အဆိုအရ သူသည် စစ်တပ်ကို ချစ်သော်လည်း ပြည်သူများကို ပို၍ ဦးစားပေးလိုသူ ဖြစ်သည်ဟု သိရသည်။ သို့သော် ၎င်း ဦးစားပေး ခဲ့သည့် ပြည်သူများ ထဲတွင် ရိုဟင်ဂျာ များ တော့ မပါဝင်ခဲ့ပေ။ ၎င်း၏ လုပ်ဖေါ်ကိုင်ဖက်များကဲ့သို့ပင် ရိုဟင်ဂျာများ အား “တရားမဝင် ဝင်ရောက်လာသူများ”၊ “အရှေ့ ပါကစ္စတန်” များဟု ခေါ်ဝေါ်ခဲ့သည်။

 

၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိလာခဲ့ချိန်တွင် ကျန်းမာရေး ချို့ယွင်းလာ၍ သမ္မတ အဖြစ် တာဝန် မယူနိုင် ဖြစ်လာခဲ့သည်၊ သို့သော် ၂၀၁၇ တွင် လေဖြတ် ရောဂါ ခံစားလာခဲ့ချိန်အထိ ပါတီ၏ နာယက အဖြစ် ထမ်းဆောင်ပေးခဲ့သည်။ ထိုနှစ်ထဲမှာပင် ဒေါ်အောင်ဆန်းစုကြည်သည် ကတိတလုံးကို တန်ဖိုး ထားတတ်သူ ဖြစ်ကြောင်း၊ သူမအား ကျန်းကျန်းမာမာ နှင့် ဘေးဘယာ ကင်းစေကြောင်း ဆုတောင်းသည်ဟု ပြောရင်း သူမ အပေါ် မယိမ်းမယိုင် သစ္စာရှိကြောင်း ပြသသွားခဲ့သည်။

 

“သူဟာ တကယ်ကို ကိုယ့်ကျင့်သိက္ခာ နဲ့ ပြည့်စုံတဲ့ သက်ကြီးဝါကြီး တိုင်းပြည် ခေါင်းဆောင် တဦးဖြစ်တာကြောင့် ကျန်းမာရေးသာ မချို့ယွင်းခဲ့ပဲ နိုင်ငံရေး မှာ ဆက်ပြီး ပါဝင်ခွင့် ရမယ် ဆိုရင် အခြေအနေတွေဟာ တမျိုးတဖုံ ဖြစ်လာနိုင်တယ်” ဟု ရှောင်တန်နယ် က မှတ်ချက် ချခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!