ယူဗယ် နို‌ဗာ ဟာရာရီ ၏ ခေါင်းထောင်လာမည့် နယ်ချဲ့ဝါဒ နှင့် အားနည်းရင် ခံရပြီသာ မှတ်

by Hla Soewai - Jun 08 2024

ကျွနုပ်တို့ ခန္ဓာကိုယ်ရှိ ‌ဒူး ၏ အသုံးဝင်ပုံကို လဲပြိုသွားသည့် အခါ မှသာ သိခဲ့ကြသလို ကမ္ဘာကြီး ၏ နိုင်ငံရေး၊ စီးပွား‌ ရေး၊ လူမှု‌ ရေး ပိုင်းများတွင် အစီအစဉ် တကျ ဖွဲ့စည်း တည်ရှိနေမှု ကိုလည်း ပြိုလဲသွားသည့် အချိန်ကျမှသာ တန်ဖိုး ထားရကောင်းမှန်း သိလာကြပေမည်၊ ထိုအခါတွင်တော့ အင်အားနည်းသူသာ ခံရစမြဲ ဆိုသည့် အနေအထား ဖြစ်လာပေလိမ့်မည်။

 

အဆိုပါ သမိုင်း၏ နည်းဥပ‌ဒေသကို လာမည့် ဇွန်လ ၁၅ ရက်နေ့ ဆွစ်ဇာလန် တွင် ကျင်းပမည့် ယူကရိန်း ငြိမ်းချမ်းရေး ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြမည့် ကမ္ဘာခေါင်းဆောင်များ နှလုံးသွင်းထားကြဖို့ လိုပေသည်။

 

ငြိမ်းချမ်းရေး ပြန်၍ မတည်ဆောက်နိုင်ဘဲ နိုင်ငံတကာ၏ စည်းမျဉ်း စည်းကမ်းများ လိုက်နာ ဆောင်ရွက်နေမှု များ ဆက်၍ ပြိုလဲလိုက်လာမည် ဆိုက လွန်စွာ ဆိုးဝါးသော ရလဒ်များကို တကမ္ဘာလုံး လည်စင်းခံကြရတော့မည် ဖြစ်သည်။

 

နိုင်ငံများသည် နကိုယ်ကတည်းက အစီအစဉ် တကျ ရှိပြီးသား ဥပ‌ဒေ စည်းမျဉ်းများအား အဓိပ္ပါယ်ကင်းမဲ့လာနေပြီဟု ယူဆလာပါက လက်နက်များ တပ်ဆင်ပြီး အလျှင်းသင့်ရာ မဟာမိတ်များ ဖွဲ့စည်းကာ ပူးပေါင်းကြတော့မည်သာ ဖြစ်သည်။

 

ယူကရိန်း တွင် ဖြစ်ပျက်နေသည်များကို ကြည့်ပြီး စစ်အင်အား နှင့် စစ်သုံးစရိတ် ကို နှစ်ဆ တိုး လာသည့် ပိုလန် ကို အပြစ်တင်၍ ရနိုင်မည်လော၊ အလားတူ နေတိုး တွင် ပါဝင်လာသည့် ဖင်လန်၊ အမေရိကန် နှင့် ကာကွယ်ရေး စာချုပ် ချုပ်ဆိုလာသည့် ဆော်ဒီ အာရေးဗီယား ကိုကော အပြစ်ဆို၍ ရနိုင်ပါဦးမည်လော။

 

စစ်အင်အားကို မဖြစ်မနေ တိုးချဲ့ဖို့ လိုအပ်လာနေပြီဟု ခံယူလာသော နိုင်ငံများသည် အဖက်ဖက်တွင် အားပျော့နေသော နိုင်ငံများဖြစ်သည်၊ ထိုနိုင်ငံများသည် စစ်စရိတ်များ တိုးမြှင့် သုံးစွဲရဖို့ ဖြစ်လာ၍ စာသင်ကျောင်းများ၊ ဆေးပေးခန်းများ ဆောက်လုပ်ရန် လျာထားထားသည့် ငွေများကို တင့်ကားများ၊ ဒုံးကျည်များ ဝယ်ယူရန် သုံးစွဲရပေ တော့မည်။

 

ထိုသို့ လုပ်နိုင်စွမ်း မရှိ၍ မဟာမိတ် ဖွဲ့ခွင့်မရသည့် နိုင်ငံများ အဖို့ သားကောင်ဘဝ ရောက်ရပေတော့မည်။ ထိုသို့ စစ်အုပ်စုများ ကမ္ဘာအနှံ့ ပျံ့နှံလာသည် နှင့်အမျှ ကုန်သွယ်ရေး လမ်းကြောင်းများလည်း အခက်အခဲများ နှင့် ပြည့်နှက်လာနိုင်ပြီး ကုန်ကူးသန်း ရောင်းဝယ်မှု ကျဆင်းလာကာ ဆင်းရဲနွမ်းပါးသူ များ အဖို့ ကုန်ပစ္စည်းများကို ဈေးကြီးပေး ဝယ်ယူ သုံးစွဲရပေတော့မည်။ 

 

စစ်အုပ်စု များ အကြား တင်းမာမှု များ ကြီးထွားလာဦးမည် ဖြစ်ပြီး မည်မျှ ပင် ဝေးလံခေါင်သီသော အရပ်ရှိ မီးပွားလေး တစ မှ တဆင့် တကမ္ဘာလုံး တောက်လောင်သွားနိုင်သည့် မီးတောက်ကြီး အဖြစ် ကူးပြောင်းသွားနိုင်ပေသည်။ မဟာမိတ် ပြုလာပြီ ဆိုကတည်းက ယုံကြည်အားကိုးမှု အရင်းခံထားကြရသဖြင့် အရေးကြုံက လက်တွေ့ပြသနိုင်ဖို့လိုလာ၍ အရေးမပါသော ဒေသတွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှု ကလေးကိုပင် စစ်ပွဲ ဆင်နွှဲရန် အကြောင်း ရင်း အဖြစ် ရှာလာနိုင်ပြန်၍ တတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားသည် အထိ ဦးတည်သွားနိုင်ပေသည်။

 

 ထိုကဲ့သို့ ဖြစ်စဉ်များကို သမိုင်းတွင် ယခင်ကလည်း ကြုံခဲ့ကြရပြီး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော် ကာလ ဆွန်ဇူး၊ ကောလိယ၊ သူဇီဒူဒီးဇ်တို့ အားလုံးက ဥပဒေမဲ့ ထင်ရာစိုင်းနေသော ကမ္ဘာကြီး တွင် မိမိတို့ အပေါ် အန္တရာယ် မကျ ရောက်ရေး ကြိုးစားရင်းက လူတိုင်းသည် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ခြင်း မရှိတော့သည့် အဖြစ်ကို ရောက်ခဲ့ကြရသည် ဆိုသည်ကို တညီတညွတ် တည်း ထုတ်ဖေါ် ပြောဆိုခဲ့ကြပြီးလည်း ဖြစ်သည်။

 

မိမိတို့ လတ်တလော ကြုံခဲ့ကြရပြီး ဖြစ်သည့် ဒုတိယ ကမ္ဘာစစ် ကြီး နှင့် စစ်အေးတိုက်ပွဲကြီး များအတွင်း အင်အားချိနဲ့ ခဲ့သည့် နိုင်ငံများသည် မချိမဆန့် ခံခဲ့ကြရသည့် သင်ခန်းစာများက တပုံတပင်ကြီး ရှိထားပြီး ဖြစ်သည် မဟုတ်ပါလော။

 

ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း အသေအပျောက် အများဆုံးသည် ယနေ့ အင်ဒိုနီရှား ဖြစ်လာမည့် ဒပ်ခ်ျ အရှေ့ အိန္ဒိယ ‌ဒေသတွင် ဖြစ်သည်။ စစ်ကြီး စတင်လာခဲ့သည့် ၁၉၃၉ တွင် ဂျာဗား ရှိ တောင်သူများသည် ကမ္ဘာတခြမ်း တွင် ဖြစ်ပွား‌ နေသော စစ်ကြီးသည် ၎င်းတို့နှင် လားလားမျှ မဆိုင်သည့် အလား စပါးစိုက်ကောင်း နေဆဲ ဖြစ်သည်။ သို့သော် ပိုလန်တွင် စတင်ခဲ့သော စစ်ကြီးသည် ဆင့်ကဲဆင်ကဲ ဆိုသလို အလျင် အမြန် ကူးစက်လာပြီး အင်ဒိုနီရှား ကျွန်းသား ၃.၅ သန်း မှ ၄ သန်း နီးပါးသည် ဂျပန် တို့ လက်အောက်တွင် အစာရေစာ ငတ်မွတ်လာခြင်း၊ ချွေးတပ်ဆွဲခံရခြင်း တို့ကြောင့် သေဆုံးကုန်ကြသည်။

 

ထိုအရည်အတွက်သည် တနိုင်ငံလုံးရှိ လူဦးရေ စုစုပေါင်း၏ ၅ % ခန့် ရှိနေသည်။ စစ်ပွဲ၏ အဓိက ရန်ဖက် နိုင်ငံများ ဖြစ်သည့် အမေရိကန် တွင် လူဦးရေ ၏ ၀.၃ %၊ ဗြိတိန်တွင် ၀.၉ %၊ ဂျပန်တွင် ၃.၉ % သာ ရှိ၍ ထိုကဲ့သို့ မဟုတ်သည့် အင်ဒိုနီရှားသည် အသေအပျောက် အများဆုံး ဖြစ်နေသည်။

 

နောက်ပိုင်း နှစ် နှစ်ဆယ် အကြာတွင် အင်ဒိုနီရှားသည် တန်ဖိုးကြီးကြီး ထပ်၍ ပေးဆပ်ခဲ့ရပြန်သည်။ စစ်အေးတိုက်ပွဲသည် ဘာလင်တွင် အေးစက် သယောင် ရှိနေသော်လည်း ဂျကာတာ တွင် ငရဲတမျှ ပူလောင်နေပြီ ဖြစ်သည်။ ယင်းသည်ကား ၁၉၆၅-၆၆ ကာလ အတွင်း အင်ဒိုနီရှားတွင် ကွန်မြူနစ်များ နှင့် ကွန်မြူနစ် ဆန့်ကျင်ရေး သမားများ အကြား ဖြစ်ပွားလာသည့် တင်းမာမှုများကြောင့် ငါးသိန်း မှ တသန်းအကြား အသက်ဆုံးရှုံးသွားခဲ့ရခြင်းပင် ဖြစ်သည်။

 

လက်ရှိ အနေအထားသည် ၁၉၃၉ နှင့် ၁၉၆၅ ထက် အပုံကြီး ဆိုးဝါးလာဖို့ ရှိနေသည်။ နျူကလီယား စစ်ပွဲကြောင့် ကြားနေ နိုင်ငံများရှိ လူ အသက် သန်းပေါင်း ရာချီ၍ ဆုံးရှုံးသွားနိုင်သည့် အပြင် မနုသ အနွယ်ဝင်များ အဖို့လည်း ရာသီဥတု ပြောင်းလဲလာမှု နှင့် ထိန်းမရ သိမ်းမရ ဖြစ်လာမည့် ဉာဏ်ရည်တု နည်းပညာ များ၏ ဒုက္ခ ပေးခြင်းကိုလည်း ခံကြရပေဦးမည်။

 

ကမ္ဘာကြီး ပူ‌ နွေး လာမှု ကို ဖြေရှင်းနိုင်ရန် သုံး၍ ရသည့် ငွေများသည်လည်း လက်နက် အပြိုင်အဆိုင် တပ်ဆင် နိုင်‌ ရေး အတွက် စစ်ရေး အသုံးစရိတ်များ တိုးမြှင့် သုံးစွဲမည့် ဘတ်ဂျက်ထဲ ရောက်သွားမည် ဖြစ်သည်။ စစ်ရေး ယှဉ်ပြိုင်မှု များ ပြင်းထန်လာသည် နှင့် အမျှ ရာသီဥတု ပြောင်းလဲမှု အား တိုက်ဖျက်ရန် ပူးပေါင်း ဆောင်ရွက်မှ ဖြစ်မည် ဆို‌သော အယူအဆများ အငွေ့ပျံ ပျောက်ကွယ်သွား‌ ပေတော့မည်။ အလားတူ သူ့ထက်ငါ အစွမ်းထက်မည့် ဉာဏ်ရည်တု နည်းပညာ ကို ကန့်သတ်နိုင်ရေး တွင်လည်း သဘောတူညီချက် ရလာကြတော့မည် မဟုတ်။

 

စစ်ရေး ဖက်တွင် အသုံးချမည့် ဒရုန်း နည်းပညာသည် ယခု အခါ တဟုန်တည်း တိုးတက်လာနေပြီ ဖြစ်သည်။ မကြာတော့မည့် ကာလ အတွင်းမှာပင် ကမ္ဘာကြီးသည် ယူကရိန်း ‌ကောင်းကင်ယံတွင် ပစ်မှတ်ရှိရာသို ပဲ့ကိုင်စရာ မလိုပဲ အလိုအလျောက် ‌ပျံသန်းလာမည့် ဒရုန်းများနှင့် ပြည့်နှက်နေသည်ကို တွေ့မြင်လာကြရတော့မည် ဖြစ်သည်။ ‌ယင်းနှင့်အတူ မြေပြင်ရှိ လူထောင်‌ ပေါင်းများစွာလည်း အသက်ဆုံးရှူံးကြရပေဦးမည်။

 

လူသတ်မည့် စက်ရုပ်များလည်း ထွက်ပေါ်လာတော့မည် ဖြစ်သည်။ လူသားများသည် အချင်းချင်း သဘော ကွဲလွဲနေကြခြင်းဖြင့် သွက်ချာပါဒ လိုက်နေသည်။

 

ယူကရိန်း တွင် ငြိမ်းချမ်းရေး ရရှိလာအောင် မစွမ်းဆောင် နိုင်က အားလုံး ဒုက္ခများ တော့မည် ဖြစ်သည်။ ကီယက်ဖ် နှင့် ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးသည့် အရပ်တွင် နေထိုင်ကြသဖြင့် မိမိတို့နှင့် အနေသာကြီးဟု ထင်နေသူများကိုပင် ချမ်းသာ ပေးလိမ့်မည် မဟုတ်ပေ။

 

ဒုတိယ ပိုင်းကို ဆက်လက် တင်ပြသွားပါမည်။

 

(ရည်ညွှန်း - ၂၀၂၄ ဇွန်လ ၃ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်း၏ ဖိတ်ခေါ် ကဏ္ဍတွင် ပါရှိသည့် "Yuval Noah Harari on how to prevent a new age of imperialism" ကို ပြန်ဆိုသည်။)