ယူဗယ် နို‌ဗာ ဟာရာရီ ၏ ခေါင်းထောင်လာမည့် နယ်ချဲ့ဝါဒ နှင့် အားနည်းရင် ခံရပြီသာ မှတ် (၂)

by Hla Soewai - Jun 08 2024

ငြိမ်းချမ်းရေး ရဖို့ ဆိုသည်က လွယ်ကူလှသည် တော့မဟုတ်၊ စစ်ပွဲဆီသို့ ဦးတည်ချီတက် ကြသည့် နိုင်ငံတိုင်း ဂိုဒေါင် တံခါးပေါက်မှ ဝင်ခဲ့ကြသော်လည်း အထွက်တွင်မူ ကြွက်တွင်း မှ ထွက်ခဲ့ကြရစမြဲ ဆိုသည့် ဆိုရိုးစကားလည်း ရှိခဲ့ပြီး ဖြစ်သည်။

 

သူပိုင်ကိုယ်ပိုင် အငြင်းပွားမှု များ နှင့် အကျိုးစီးပွား ကာကွယ်မှု များကြားတွင် မည်သူကို အပြစ်တင်ရမည် ဆိုသည်နှင့် အပေးအယူ ပြလုပ်နိုင်ဖို့ ဆိုသည်က ခက်ခဲနေမြဲ ပင် ဖြစ်သည်။ သို့သော်လည်း ဖြစ်ပေါ်ခဲ့သော စစ်ပွဲများတွင် ရုရှား-ယူကရိန်း စစ် သည် အရိုးရှင်းဆုံးပင် ဖြစ်သည်။

 

၁၉၉၁ တွင် ဆိုဗီယက် ယူနီယံ ပြိုလဲသွားပြီးနောက် ယူကရိန်းသည် နိုင်ငံတကာ က အသိအမှတ် ပြုလာသည့် လွတ်လပ်‌သော နိုင်ငံ အဖြစ် ထွက်ပေါ်လာခဲ့သည်။ ယူကရိန်းသည် မိမိတို့ အနေအထား ခိုင်မြဲသွားပြီဟူသော ယုံကြည်မှု အပြည့်ဖြင့် ဆိုဗီယက်ထံမှ အမွေဆက်ခံခဲ့သော နျူကလီယား လက်နက်များကို စွန့်လွှတ်ရန် သဘောတူ လာခဲ့သည်။ ထိုသို့ သဘောတူ လာခဲ့သော်လည်း ရုရှား နှင့် အခြား နိုင်ငံများကို ၎င်းတို့ကဲ့သို့ စွန်လွှတ်ရန် တောင်းဆိုခဲ့ခြင်းမျိုးပင် မရှိခဲ့ပေ။

 

ထို့အတွက် အပြန်အလှန် အနေဖြင့် ၁၉၉၄ တွင် ရုရှားသည် အမေရိကန်၊ ဗြိတိန် တို့ နှင့် အတူ ဘူဒါပက်စ် စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချွန်လွှာတွင်"ယူကရိန်း၏ လွတ်လပ်ရေး နှင့် နယ်မြေ တည်တံ့ပိုင်ခွင့်ကို ဆန့်ကျင်ရန် ခြိမ်းခြောက်ခြင်း၊ အင်အား သုံးခြင်းမျိုး မှ ရှောင်ကျဉ် ပါမည်ဟု" အာမဘန္ဒေ ခံခဲ့ကြသည်။ 

 

‌ဤသည်က ကမ္ဘာသမိုင်း တွင် အကြီးမားဆုံးဟု ပြော၍ ရသည့် တဖက်သတ် လက်နက်ဖျက်သိမ်းခဲ့ခြင်း မျိုးပင် ဖြစ်သည်။ နျူကလီယား ဗုံး နှင့် စာရွက်ပေါ်က ကတိများ အလဲအထပ် လုပ်ခဲ့ခြင်းသည် ၁၉၉၄ အ‌ခြေ အနေမျိုးအရ ဆိုလျှင် ယူကရိန်း၏ အမျှော်အမြင် ရှိသော လုပ်ရပ်ဟု ပြော၍ ရပေသည်။ ထိုအချိန်က နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ နှင့် သဘောတူညီချက်များ အပေါ် ယုံကြည်မှု အမြင့်ဆုံး ရောက်နေချိန်မျိုး ဖြစ်နေသော ကြောင့်လည်း ဖြစ်ပေသည်။

 

နှစ် နှစ်ဆယ် အကြာ ၂၀၁၄ တွင်တော့ ရုရှားတပ်များသည် ကရိုင်းမီယားကို ဝင်ရောက် သိမ်းပိုက်လိုက်ပြီး ယူကရိန်း အရှေခြမ်းတွင် ခွဲထွက်ရေး လှုပ်ရှားမှု ကို အားပေးအားမြှောက် လုပ်လာခဲ့ခြင်း နှင့် အတူ ရုရှား-ယူကရိန်း စစ်ပွဲကြီး စတင်လာခဲ့သည်။ နောက်ပိုင်း ရှစ်နှစ် အတွင်း စစ်ပွဲ အရှိန်သည် တက်လိုက်ကျလိုက်နှင့် စီးမျောလာနေပြီး ၂၀၂၂ ဖေဖေါ်ဝါရီ တွင် တော့ ရုရှားသည် ယူကရိန်း တနိုင်ငံလုံး ကို သိမ်းပိုက်ရန် ထိုးစစ်ကြီးကို တဟုန်ထိုး စတင်လာခဲ့တေ့သည်။

 

ရုရှားသည် ၎င်းတို့ လုပ်ရပ်အတွက် အကြောင်းအမျိုး မျိုး ပြလာခဲ့သည်။ ထိုအထဲတွင် ထင်ထင်ရှားရှား ပါလာခဲ့သည်က အနောက်အုပ်စုမှ ရုရှားအား တိုက်ခိုက်လာမည့် အရေးကို ကြိုတင်လက်ဦးမှု ယူ ကာကွယ်ရခြင်း ဟု အပြောပင် ဖြစ်သည်။ သိုသော် ၂၀၁၄ နှင့် ၂၀၂၂ တွင် ထိုသို့ တိုက်ခိုက်ရန် အနောက်အုပ်စု မှ ပြင်ဆင်နေခြင်း မျိုး မတွေ့ခဲ့ရပေ။

 

၎င်းတို့၏ ဆင်စွယ် နန်းတော်ကြီးထဲမှ "အနောက်အုပ်စာ၏ နယ်ချဲဝါဒ၊ ကိုကာကိုလာ ကိုလိုနီ ဝါဒ' အစရှိသည့် မရေမရာ အပြောမျိုးသာ ဖြစ်သည်။ မည်သို့ပင် ဆိုစေ ဘူချာ ရှိ ဒေသခံများ အား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း၊ မာရီယူပို မြို့အား စိစိညက်ညက် ကြေအောင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း များ အတွက်တော့ ခိုင်လုံသည့် အကြောင်းပြချက် မျိုး တော့ မဟုတ်။

 

သမိုင်းတလျောက် "နယ်ချဲ့ဝါဒ" ဆို‌သော စကားရပ်မျိုးသည် အင်အားကြီး နိုင်ငံများ ဖြစ်သည့် ရောမ၊ ဗြိတိန် နှင့် ဇာဘုရင် တို့မှ နိုင်ငံရပ်ခြားကို ကျုးကျော် သိမ်းပိုက်ပြီး ၎င်းတို့၏ ပြည်နယ်လေးများ အဖြစ် သွတ်သွင်းခဲ့သည့် လုပ်ရပ်မျိူးကို ရည်ညွှန်းသုံးစွဲခဲ့ကြခြင်း ဖြစ်သည်။

 

ထိုသို့ သော အခေါ်အဝေါ်မျိုးကို ၁၉၄၅ နောက်ပိုင်းတွင် သုံးစွဲရန်ပင် မသင့်တော့ဟု အားလုံးက လက်ခံထားကြသည်။ နှစ်ဆယ်ရာစု ကုန်ပိုင်း နှင့် နှစ်ဆယ်တစ်ရာစု အစပိုင်းတွင် စစ်ပွဲများ ပြတ်လတ်သွားသည် မရှိပဲ ဖြစ်ပွားလာခဲ့စဉ် အတွင်း ပါလက်စတိုင်း၊ အစ္စရေး၊ ဆူဒန်၊ မြန်မာနှင့် အခြားနေရာ တို့တွင် ပဋိပက္ခများ ဆိုးဆိုး ရွားရွား ဆက်လက် ဖြစ်‌ ပေါ် နေဆဲပင် ဖြစ်သည်။

 

သို့သော်လည်း အင်အားကြီး နိုင်ငံ တနိုင်ငံမှ အချုပ်အခြာ အာဏာပိုင် နိုင်ငံ တနိုင်ငံအား ကမ္ဘာမြေပုံ ပေါ်မှ ပျောက်ကွယ်သွားရန် သိမ်းပိုက် ခဲ့သည့်အဖြစ်မျိုး အထိတော့ ရောက်မလာခဲ့ပေ။

 

အီရတ်သည် ၁၉၉၀-၉၁ တွင် ထိုသို့လုပ်ရန် ကူဝိတ်အား တိုက်ခိုက်လာခဲ့သည်။ နိုင်ငံတကာ မှ ပေါင်းစည်း ညီညွတ်မှု ဖြင့် ကူဝိတ်၏ လွတ်လပ်ရေး နှင့် နယ်မြေ တည်တံ့ ပိုင်ခွင့်ကို ထိန်းသိမ်းပေးနိုင်ခဲ့သည်။ ၂၀၀၃ တွင် အမေရိကန်သည် အီရတ်အား ကျုးကျော် တိုက်ခိုက်ခဲ့သော်လည်း ၎င်း၏ နိုင်ငံပိုင် တစိတ်တဒေသ အဖြစ် သွတ်သွင်းရန် ရည်ရွယ်ခဲ့ခြင်းမျိုး မရှိသည်ကို တွေ့ရသည်။

 

ရုရှားသည် ကရိုင်းမီယားကို ကျုးကျော် သိမ်းပိုက်ခဲ့သည်သာ မက ယခုအခါ ၎င်းတို့၏ တပ်များသည် ယူကရိန်းပိုင် နယ်မြေ များကို သိမ်းပိုက်ထားဆဲပင် ဖြစ်သည်။ သမ္မတ ဗလာဒီမာ ပူတင်သည် ရုရှား စစ်တပ် သိမ်းပိုက်ထားသော နယ်မြေ များကို ၎င်း၏ နယ်ချဲ့မူဝါဒ အတိုင်း ရုရှား ပိုင်နက် အဖြစ် ထည့်သွင်းသွားမည် ဖြစ်သည်။ 

 

ပူတင်သည် ၎င်း၏ နယ်ချဲ့ချင်သော အကြံအစည်များကို ဖုံးဖိထားဖို့ပင် စိတ်ကူးထဲတွင် ရှိပုံမရ။ ၂၀၀၅ ခုနှစ် လောက်မှစ၍ ဆိုဗီယက် အင်ပိုင်ယာ ပြိုကွဲသွားခဲ့မှုသည် ရာစုနှစ် ၏ အကြီးမားဆုံး ကပ်‌ဘေး ဆိုက်ခဲ့မှု ကြီးဟု ထပ်တလဲလဲ ‌ပြောလာခဲ့ပြီး ထိုအင်ပိုင်ယာ ကြီးကို ပြန်လည် တည်ဆောက်သွားမည်ဟု ကတိပြုလာခဲ့သည်။ ထိုမျှမကသေး ယူကရိန်း နိုင်ငံဟူ၍ မည်သည့် အခါကမျှ မရှိခဲ့ဖူး ကြောင်း နှင့် ယူကရိန်း ဆိုသည့် နိုင်ငံ တနိုင်ငံလုံးသည် ရုရှား တို့ သမိုင်း အစဉ် အဆက် ပိုင်ဆိုင်ခဲ့ကြောင်းများပါ ပြောဆိုလာခဲ့သည်။

 

ယူကရိန်း တွင် ပူတင် အား အောင်ပွဲခံခွင့် ပေးခဲ့မည် ဆိုလျှင် ထိုကဲ့သော နယ်ချဲ့ဝါဒ မျိုးသည် ကမ္ဘာတဝှမ်းး ပြန်၍ ခေါင်းထောင်ထလာပေတော့မည်၊ ဗင်နီဇွဲလား သည်လည်း အိမ်နီးချင်း ဂိုင်ယာနာ အား သိမ်းပိုက် လာခြင်း၊ အီရန်မှ ယူအေအီးကို နယ်ချဲ့လာခြင်းမျိုးကို အဘယ်သို့များ ဟန့်တား နိုင်ပေဦးမည်နည်း။ ရုရှားသည်လည်း အက်စတိုနီယား၊ ကာဇာတ်စတန် တို့ကို ဆက်၍ နယ်ချဲ့လာပေဦးမည်။

 

မည်သို့သော နိုင်ငံကမျှ လက်နက်အင်အား၊ မဟာမိတ် နိုင်ငံများ ရှိမထားပဲ လုံခြုံစွာ ‌နေထိုင်နိုင်ခြင်း ရှိမည် မဟုတ်တော့၊ နယ်ချဲ့ လမ်းစဉ် အား မလုပ်သင့် မလုပ်ထိုက်သည့် အရာ အဖြစ် စည်းခြားထားမှု ‌ပျက်ပြားသွားမည် ဆိုလျှင် နိုင်ငံတကာ မှ ကာလကြာမြင့်စွာ ကတည်းက အသိအမှတ် ပြုထားသည့် နိုင်ငံများ၏ လွတ်လပ်ရေး နှင့် နယ်ခြားမျဉ်းများသည်လည်း တနေ့တခြား ခြိမ်းခြောက် ခံလာရမည့် အန္တရာယ်များ နှင့် အတူ နယ်ချဲ့ နိုင်ငံများ ၏ ပြည်နယ်လေးများ ဖြစ်သွားမည့် အရေး နှင့် ရင်ဆိုင်လာရပေတော့မည်။ 

 

ထိုအန္တရာယ်ကြီးကို ယခင် ကိုလိုနီ ဖြစ်ခဲ့သော နိုင်ငံများက ကောင်းစွာ သိနားလည် ထားပြီး ဖြစ်သည်၊ ၂၀၂၂ ဖေဖေါ်ဝါရီ လ အတွင်း ကုလသမဂ္ဂ ဆိုင်ရာ ကင်ညာ သံအမတ်ကြီး မာတင် ကင်မာနီ မှ ဥရောပ အင်ပိုင်ယာ များ ပြိုလဲသွားပြီးနောက် လွတ်လပ်လာသော အာဖရိက နှင့် အာရှ နိုင်ငံ များ အားလုဲးသည် နိုင်ငံတကာ နယ်ခြားစည်းများအား အထိအခိုက် ခံ၍ မဖြစ်ဟု သဘောထားခဲ့ကြသည်ဟု ပြောဆိုခဲ့သည်၊ သို့မဟုတ်က အဆုံးအစမရှိသော စစ်ပွဲများ အမြဲလို ဆင်နွှဲကြရတော့မည် ကို သိထားကြ၍လည်း ဖြစ်သည်။

 

အထူးသဖြင့် အာဖရိက နိုင်ငံများသည် ကိုလိုနီ အရှင်သခင်များ ရေးဆွဲပေးထား‌သော အငြင်းပွားဖွယ် နယ်ခြားမျဉ်း ကို အမွေဆက်ခံခဲ့ကြရသည်။ ဤသည်နှင့် ပတ်သက်၍ မစ္စတာ ကာမာနီ မှ "ဒါကို ကျွန်တော်တို့ မကျေနပ်နိုင်ပဲ အတိတ်ကို ပြန်လည် တူးဆွနေမယ့်အစား ကျွန်တော်တို့ နိုင်ငံသား တွေ တခါဖူးမျှ မခံစားခဲ့ရဖူးတဲ့ ကြီးကျယ် မြင့်မြတ်စွာ နေထိုင်သွားနိုင်ခွင့် ရမယ့် အရေးကို ဦးတည်ပြီး ဆောင်ရွက်သွားဖို့ ရွေးချယ် ခဲ့ကြပါတယ်" ဟု ရှင်းပြခဲ့ပြန်သည်။

 

ပူတင်မှ ဆိုဗီယက် အင်ပိုင်ယာကြီး ပြန် တည်ဆောက်သွားမည်ဟူသော စကားနှင့် ပတ်သက်၍ ရည်ညွှန်းပြောကြားရာတွင် "နယ်ချဲ့ဝါဒ ကျဆုံးသွားခဲ့မှု နှင့် အတူ မိမိတို့ ဖြစ်စေချင်သည်များ ဖြည့်ဆည်းနိုင်ခဲ့ခြင်း မရှိ ဖြစ်သွားခဲ့ပေမယ့် ဒါတွေကို အင်အားသုံးပြီး မဖြေရှင်းသင့်ပါဘူး၊ အဲ့ဒီ အစား မီးညွန့်တုံးသွားပြီ ဖြစ်တဲ့ အင်ပိုင်ယာ အဆောက်အအုံ တွေရဲ့ မီးကျီခဲတွေ ကြားက နာလန်ထူနိုင်အောင် လုပ်နိုင်ရမယ်၊ ဒီလိုမျိုး ဖိနှိပ်လွမ်းမိုး ခံရမယ့် အဖြစ်မျိုး ပြန်ရောက်မသွားအောင် ကာကွယ်သွားရမယ်" 

 

မစ္စတာ ကာမာနီ ထိုစဉ်က အရိပ်အမြွက် ပြောသွားခဲ့သလိုပင် ရုရှားသည် အတိတ်ကာလ နယ်ချဲ့စနစ်ကို တမ်းတ‌ နေမှု နှင့် အတူ ယူကရိန်းကို ကျုးကျော်ခဲ့ခြင်း ဖြစ်သည်။ ယူကရိန်း တွင် ရုရှားတောင်းဆိုလာသော နယ်မြေ ပိုင်ဆိုင်ခွင့် ဆိုသည်က နိုင်ငံတကာ ဥပဒေများ နှင့် မည်သို့မျှ အကျုံးဝင်ခြငိး မရှိပေ။ ထို့ပြင် ၎င်းတို့၏ လုံခြုံရေး နှင့် ပတ်သက်၍၎င်း၊ ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေး စာချုပ် များ ဖေါက်ဖျက်ခံရခြင်းကြောင့်၎င်း စိုးရိမ်မကင်း ဖြစ်လာစရာ အကြောင်းတစုံတရာလည်း မရှိပြန်ပေ။

 

ပြီးခဲ့သည့် ရာစု အတွင်း ၎င်းတို့ကိုယ်တိုင် အကြိမ်ကြိမ် ကျုးကျော် ခံခဲ့ရ၍ နိုင်ငံသား သန်းပေါင်းများစွာ အသက်ဆုံးရှုံးသွားခဲ့ရပြီးလည်း ဖြစ်သည်။ ထိုသို့ ကျောကော့အောင် ခံခဲ့ကြရသည့် ရုရှားနိုင်ငံသားများသည် ယခုအခါ လုံခြုံစိတ်ချစွာနှင့် အများ၏ လေးစားခံ အဖြစ်နှင့် နေထိုင်ပိုင်ခွင့် ရှိသင့်လှပေသည်။ ယူကရိန်း၏ နိုင်ငံ အဖြစ်ကို ဖျက်လို ဖျက်ဆီး လုပ်ရလောက်သည်အထိ ရုရှား၏ လုံခြုံရေး သည် ထိခိုက်ခဲ့ခြင်းလည်း မရှိပေ။ ယူကရိန်း သည်လည်း ၎င်းတို့ နိုင်ငံ လုံခြုံရေး အတွက် ကျိုးကြောင်းခိုင်လုံသည့် စိုးရိမ်မကင်းစရာများ ရှိနေသည်ကို လည်း မေ့မထားသင့်၊ ပြီးခဲ့သည့် ဆယ်စု နှစ် အတွင်း ဖြစ်ပျက်ခဲ့သည်များကို ကြည့်မည်ဆိုက ယူကရိန်းသည် ရုရှား ကျုး‌ ကျော် လာမည့် အရေး အတွက် ဘူဒါပက်စ် စာချွန်လွှာ၊ ၂၀၁၄-၁၅ မင့်စ် သဘောတူညီချက် မျိုး ထက် ပို၍ ခိုင်မာတောင့်တင်းသည့် အာမခံချက်မျိုး လိုအပ်နေခဲ့သည်။

 

အင်ပိုင်ယာများသည် ၎င်းတို့၏ နယ်ချဲ့လိုသော လုပ်ရပ်များ အတွက် လုံခြုံရေး အကြောင်းပြချက်ကို အမြဲလို ရှေ့တန်းတင်‌လေ့ ရှိတတ်ကြသည်။ နယ်ချဲလိုသည့် နိုင်ငံကြီးလေ၊ ၎င်းတို့၏ အကြောင်းပြချက်များက ပိုကြီးလာလေပင် ဖြစ်သည်။

 

ရှေးဟောင်း ရောမနိုင်ငံတော်သည် ၎င်းတို့၏ အင်ပိုင်ယာ ချဲ့ထွင်ရေး အား အီတလီ အလယ်ပိုင်း တွင် လုံခြုံရေး အရ စိုးရိမ်မကင်း စရာ ဖြစ်လာသည်ဟု အကြောင်းပြကာ စတင်ခဲ့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့၏ စိုးရိမ်မကင်းစရာ ဖြစ်လာမှု များက အီတလီ နှင့် ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးသည့် ယူ‌ဖရေတီးစ် နှင့် ဒင်ညု မြစ်ဝှမ်း အထိ ဖြစ်လာပြီး ရက်စက်ကြမ်းကြုပ်လှသည့် စစ်ပွဲကြီးများ ဖြစ်ပွားလာခဲ့တော့သည်။

 

ယခုလည်း ရုရှား၏ ဒနီပါး ‌ဒေသမှ ၎င်းတို့၏ လုံခြုံရေးကို ထိပါးလာ၍ ဟူသော အကြောင်းပြချက် ကို လက်သင့်ခံလိုက်မည်ဆိုက နောက်ပိုင်းတွင် ဒင်ညု နှင့် ယူဖရေတီးစ် မြစ်ဝှမ်း ပါ ဆွဲသွင်းလာတော့မည် ဖြစ်သည်။

 

နိဂုံးပိုင်းကို ဆက်လက် တင်ပြသွားပါမည်။

 

(ရည်ညွှန်း - ၂၀၂၄ ဇွန်လ ၃ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်း၏ ဖိတ်ခေါ် ကဏ္ဍတွင် ပါရှိသည့် "Yuval Noah Harari on how to prevent a new age of imperialism" ကို ပြန်ဆိုသည်။)