ကမ္ဘာတဝှမ်း ရှိ အစိုးရ များ၏ ပြောင်းရွှေ့ ဝင်ရောက်လိုသူများ၊ ဒုက္ခသည်များ အား လက်သင့်ခံခဲ့သည် အရည်အတွက် သည် မတူညီကြပေ၊ တဦးတ လေ မျှ လက်မခံသည့် နိုင်ငံများ ရှိသလို၊ နှစ်စဉ် ဆိုသလို လူ တသန်းခန့်အထိ လက်ခံသော နိုင်ငံများလည်း ရှိသည်။
ဥရောပ နိုင်ငံ အများအပြား၊ ဂျပန် နှင့် အမေရိကန် ပြည်ထောင်စု တွင် ဒုကွသည်များ တံခါးဖွင့် လက်ခံ ပေးရေး နှင့် စပ်လျှင်းသော လူဝင်မှု ကြီးကြပ်ရေး ဥပဒေ များ အပေါ် နိုင်ငံရေး အသိုက်အဝန်း အတွင်း အကြိတ်အနယ် ဆွေးနွေး လေ့ ရှိသည်။ အဓိက အားဖြင့် မိမိနိုင်ငံ ၏ လုံခြုံရေး၊ အလုပ်အကိုင်များ နှင့် ကိုယ်ပိုင်လက္ခဏ သွင်ပြင်များ အပေါ် တကယ်တမ်း ကျရောက်လာမည့် အကျိုးဆက်များ၊ ကို တွေးတော ဆွေးနွေးကြခြင်း မျိုး ဖြစ်သည်။
ရွှေ့ပြောင်း ဝင်ရောက်လာသူများ၊ အခြေချ နေထိုင်လိုသူများ နှင့် စပ်လျင်းပြီး ကမ္ဘာတဝှမ်း တပြေးညီ ကျင့်သုံးရမည် မူဝါဒ တရပ် ထွက်ပေါ်လာရေး ကြိုးပမ်း မှု များသည်လည်း မဆို သလောက် သာ ရှိပေသေးသည်။ ၂၀၁၈ တွင် အမေရိကန် နှင့် နှစ်ဒါဇင်ခန့် ရှိသည့် နိုင်ငံများမှ လွဲ၍ အခြား နိုင်ငံများ ရှိ အစိုးရ များသည် လူဝင်မှု ဆိုင်ရာ မူဝါဒ များ နှင့် စပ်လျှင်းပြီး ရွှေ့ပြောင်း ဝင်ရောက်လာသူများ အား မည်သို့ မည်ပုံ ဆက်ဆံသင့်သည် ဟူ သော လမ်းညွှန်ချက် နှင့် စံနှုန်းများအား ဆွေးနွေး တိုင်ပင်ခဲ့ကြပြီး သဘောတူညီမှု ရခဲ့ကြသည်။ သို့သော် မဖြစ်မနေ လိုက်နာရမည့် သဘောမျိုး တော့ မဟုတ်ပဲ သက်ဆိုင်ရာ အစိုးရ များ က သင့်တော်သလို စီမံ ဆောင်ရွက်ခွင့် ပေးထားသည့် ပုံစံမျိုးနှင့် ဖြစ်သည်။
ထိုသို့ နိုင်ငံတကာ၏ ကြိုးပမ်းခဲ့မှုသည် မိမိတို့ နိုင်ငံမှ မထွက် မဖြစ်တော့၍ ထွက်လာခဲ့ရသူများ အတွက် လွန်စွာ အရေးပါသည့် သက်ရောက်မှု များ ရှိလာခဲ့သည်။ ယခုအခါ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း စစ်ဘေးရှောင် နှင့် ဒုက္ခသည် အရည် အတွက် အမြင့်ဆုံး ဖြစ်လာနေချိန်လည်း ဖြစ်သည်။ နိုင်ငံ အများအပြားတွင်လည်း ပဋိပက္ခများ ဖြစ်ပွားလာနေ၍ ရှေ့ရှောက် ပို၍ များပြားလာဖို့သာ ရှိသည်။
ပြီးခဲ့သည့် ဆယ်စုနှစ် တစု အတွင်း ကမ္ဘာတဝှမ်း စစ်ဘေးရှောင် အရည်အတွက်သည် ယခင် ကထက် နှစ်ဆ ခန့် များပြားလာခဲ့သည်။ ဒုက္ခသည် စုစုပေါင်း၏ ၈၅ ရာနှုန်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဖြစ်သည်။ လက်ရှိတွင် ၆၀ ရာနှုန်းသည် ဆီရီယား၊ အာဖဂန်နစ္စတန် နှင့် တောင် ဆူဒန် မှ ဖြစ်သည်။
အဘယ်ကြောင့် ထိုပြဿနာသည် အရေးတကြီး ဖြစ်လာရသနည်း။ တစိတ်တပိုင်းသည် ဒုက္ခရောက်နေသည့် လူများ များသည်ထက် များလာခြင်း
ကြောင့် လူသားချင်းစာနာ ထောက်ထားပြီး ကူညီရန် ရှိလာ၍ ဖြစ်သည်။ နောက်တကြောင်းက စီးပွားရေး နှင့် သက်ဆိုင်နေသညိ၊ ဒုက္ခသည် အဖြစ် လက်ခံပြီးပါက ၎င်းတို့အား နေစရာထိုင်စရာ ဖန်တီးပေးရမည်၊ အဝတ်အထည်၊ အစားအသောက် များ ပံ့ပိုးပေးရမည့် အပြင် ပညာရေး၊ ကျန်းမာရေး အပါအဝင် အစစ တာဝန်ယူ စောင့်ရှောက်သွားရဖို့ ရှိနေသည်။ ပြောင်း ရွှေ့ အခြေချလာသူများသည် လည်း အခွင့်အရေး ရလာမည်ဆိုက တီထွင် ဖန်တီးနိုင်မှု နှင့် အခြား အသုံးတည့်မည့် လုပ်အားများဖြင့် အထောက်အကူ ပြုနိုင်စွမ်း ရှိသည့် အရင်းအမြစ်များ ဖြစ် နေသည်။
စစ်ဘေးရှောင် များ နှင့် ဒုက္ခသည်များ ကြောင့် အိမ်ရှင် နိုင်ငံများ၏ နိုင်ငံရေး နှင့် လုံခြုံရေး ပိုင်းတွင် သက်ရောက်မှု များ ရှိလာနိုင်သည်။ ,ဒုက္ခသည်များ အဆမတန် ဝင်ရောက်လာမှုကြောင့် နိုင်ငံများ အကြား စစ်ပွဲ များ ဖြစ်ပွားလာခဲ့ရသည်။ ဥပမာ အားဖြင့် အရှေ့ ပါကစွတန် တွင် ဖိနှိပ် ခံခဲ့ရ၍ ဒုက္ခသည်များ အိန္ဒိယ နိုင်ငံထဲသို့ အလုံးအရင်း နှင့် ဝင်ရောက်လာခဲ့ရာမှ စစ်ပွဲကြီး ဖြစ်ပွားလာခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဟူ၍ ပေါ်ပေါက်လာခဲ့ရသည်။
ထိုသို့ စစ်ပွဲကြီး ဖြစ်ပွားလာသည့် အဆင့် ထိ မရောက်ခဲ့သော်လည်း အိမ်ရှင် နိုင်ငံ နှင့် ၎င်းတို့ ဖြတ်သန်းခဲ့ရာ လမ်းတ လျောက်ရှိ နိုင်ငံ များ အတွက် နိုင်ငံရေး အရ ဂယက်ရိုက် မှု များ ထွက်ပေါ်လာခဲ့ရသည်။
လက်ရှိတွင် ထိုသို့သော အနေအထားကို ဥရောပ နိုင်ငံများ တွင် တွေ့လာရသည်၊ ယခု ရာစုနှစ်၏ ဒုတိယ ဆယ်စုနှစ် အတွင်း ထိုနိုင်ငံများတွင် ပေါ်ပြူလစ် ဝါဒ ခေါင်းထောင်လာခဲ့ခြင်းသည် လည်း အရှေ့အလယ်ပိုင်း နှင့် အာဖရိက မှ ဒုက္ခသည်များ ဝင်ရောက်လာခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။
၁၉၅၁ နိုင်ငံတကာ ကွန်ဗင်းရှင်း ဖြင့် ဒုက္ခသည်များ အား ကာကွယ် စောင့် ရှောက် ပေးရန် နှင့် ရပိုင်ခွင့် များ အတွက် သီးသန့် သတ်မှတ်ပေးလာခဲ့သည်။
ဒုက္ခသည် ဆိုသည် ကိုလည်း ယခုလို အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်။ "လူ ပုဂ္ဂိုလ် တဦးတယောက်သည် လူမျိုး၊ ဘာသာ၊ နိုင်ငံ၊ အသင်းအဖွဲ့ တခု၏ အဖွဲ့ဝင် ဖြစ်နေခြင်း နှင့် လက်ခံထားသည့် နိုင်ငံရေး အယူအဆ အစရှိသည် တို့ ကို မူတည်ပြီး ဖိနှိပ်ဆက်ဆံခံနေရသည်ဟု ယုံကြည်နိုင်လောက်သော အကြောင်းများဖြင့် နိုင်ငံ ပြင်ပသို့ ရောက်ရှိနေပြီး ၎င်းတို့နိုင်ငံသို့ မပြန်လိုသူများ သို့မဟုတ် ပြန်၍ မရနိုင်သူများ" ဟူ၍ ဖြစ်သည်။
ကုလသမဂ္ဂမှ ၎င်းတို့အား အကာအကွယ်ပေးရန် နှင့် ရင်ဆိုင်နေရသော ပြဿနာများကို အပြီးအပိုင် ဖြေရှင်းပေးနိုင်ရန် ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံး တည်ထောင်ပေးခဲ့သည်။ ထို့အပြင် ဒုက္ခသည်များ အား ကူညီရန် ဖွဲ့စည်းထားသော အသင်း အဖွဲ့ အများအပြားလည်း ထွက်ပေါ်လာခဲ့သည်။
ထိုသို့သော ကုလ အေဂျင်စီ နှင့် အသင်း အဖွဲ့များသည် ဒုက္ခသည်များ အတွက် အထောက်အကူ ဖြစ်စေသော်လည်း လုံလောက်အောင် ဆောင်ရွက်ပေးနိုင်စွမ်း မရှိပေ။
၁၉၅၁ နိုင်ငံတကာ ကွန်ဗင်းရှင်းတွင် အဓိက သုံးစွဲခဲ့သည့် persecution ညှင်းပမ်းနှိပ်ကွပ် ခံရခြင်း အား ဖွင့်ဆိုသည့် အဓိပ္ပါယ်သည် ကျဉ်းမြောင်းလွန်းလှသဖြင့် ဒုက္ခသည် အဆင့်အတန်း အဖြစ် သတ်မှတ် နိုင်ရေး အတွက် ပြည့်စုံမှု မရှိ ဖြစ်နေသည်။
ဥပမာ အားဖြင့် လူပုဂ္ဂိုလ် တဦးသည် နှိပ်ကွပ်ခြင်း မခံရသော်လည်း စစ် ဘေး ကို ရှောင်နိုင်ရန် သို့မဟုတ် လူဆိုးဂိုဏ်းများ၏ အကြမ်းဖက်မှု မှ လွတ်ရာလွတ်ကြောင်း ထွက်ပြေးလာခဲ့မည် ဆိုက ဒုက္ခသည် အဆင့်အတန်း ရပိုင်ခွင့် ရှိရမည် ဖြစ်သည်၊ ဒုက္ခသည် အဆင့် အတန်း ပေးသင့် မပေးသင့် ကို သက်ဆိုင်ရာ အစိုးရ က ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။အစိုးရများ ဖက်က ထိုသို့ ဒုက္ခသည် အဆင့်အတန်း ပေးရန် ဆုံးဖြတ်လိုက်ပါက ကူညီ ထောက်ပံ့မှူ များ နောက်က လိုက်ရတော့မည်ကို သိထား၍ တခါတရံ တွင် စိတ်မပါ လက်မပါ ဖြစ်လာတတ်သည်။ သို့သော် ၎င်းတို့အစား ဆုံးဖြတ်ပေးမည့် နိုင်ငံတကာ တရားသူကြီး၊ အဖွဲ့အစည်း ဟူ၍ မရှိသေးပေ။