မော်လဒိုက်မှာ အိုင်စီဂျေတွင် နောက် တိုး တရားလို အဖြစ် ဂမ်ဘီယာ နှင့် အတူ ပူးပေါင်းသွားမည်ဟု ဆို

by Hla Soewai - Feb 27 2020

ကုလ သမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၄၃ ကြိမ်မြောက် အစည်းအဝေးတွင် မော်လဒိုက် နိုင်ငံခြားရေး ဝန်ကြီး အဗ္ဗဒူလာ ရှာဟစ် မှ အထက်ပါ အတိုင်း အသိပေး ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

ယင်းသည် ၁၄ ကြိမ်မြောက် အိုအိုင်စီ ထိပ်သီး အစည်းအဝေး၏ ဆုံးဖြတ်ချက် နှင့် အညီ မော်လဒိုက်မှ ပြစ်မှု ကျူးလွန်သူများအား နိုင်ငံတကာ တရားရုံးသို့ ဆွဲခေါ်နိုင်ရေး ကြိုးပမ်းမှုတွင် ပါဝင် ကူညီသွားမည် ဖြစ်သည်ဟု ဆိုပါတယ်။

အိုင်စီဂျေ တွင် မော်လဒိုက် ဘက်မှ လိုက်ပါ ဆောင်ရွက်ရန်ရှေ့နေမှာ ဟော်လီဝုဒ် မင်းသားကြီး ဂျော့ခ်ျ ကလူနီ ၏ ဇနီး ဖြစ်သူ အာမားလ် ကလူနီ အား ငှားရမ်းထားတယ်လို့လည်း သိရပါတယ်။ အာမားလ် ကလူနီ သည် လက်ဘနွန် လူမျိုး ဖြစ်ပြီး ဗြိတိသျှ နိုင်ငံသား ခံယူထားသူလည်း ဖြစ်ပါတယ်။

ကလူနီသည် ထင်ရှားတဲ့ လူ့အခွင့်အရေး ရှေ့နေအမျိုးသမီး ဖြစ်ပြီး ယခင် သမ္မတဟောင်း မိုဟာမက် နာရှီအား ထိုစဉ်က အာဏာရှင် ဖြစ်သူ အဗ္ဗဒူလာ ယီမင်းမှ ထောင်ဒဏ် ၁၃ နှစ် အပြစ်ပေးခဲ့ခြင်းသည် တရားမဝင်ကြောင်း ကုလ ဆုံးဖြတ်ချက်ကို အရယူ ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ယခု မော်လဒိုက် သည် အသစ် တရားစွဲဆိုခြင်း မဟုတ်ပဲ လက်ရှိ ဂမ်ဘီယာ စွဲဆိုထားသော အမှုတွင် ထပ်မံ ပူးပေါင်းလာခြင်းသာ ဖြစ်ပါတယ်။ ထိုသို့ ပူးပေါင်း ပါဝင်ရန် မော်လဒိုက် သမ္မတ မိုဟာမက် ဆိုလစ် မှ ကက်ဘိနက်၏ တညီတညွတ်တည်း သဘောတူညီချက် ဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို Third Party’s declaration of Intervention သည် အိုင်စီဂျေ အမှုများတွင် အစဉ်အလာ ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဥပမာ တူနီရှား နှင့် လစ်ဗျား အငြင်းပွားမှု တွင် မော်လ်တာ က တူနီရှားဘက်မှ ပါဝင်လာခြင်း၊ နိုင်ကာရာဂွါ နှင့် အမေရိကန် အငြင်းပွားမှုတွင် အယ်ဆာဗေဒိုက အမေရိကန် ဘက်မှ ပါဝင်လာခြင်းတို့ ဖြစ်ပြီး နိုင်ငံတရားရုံးချုပ်ရဲ့ ပုဒ်မ ၆၂ နှင့် ၆၃ မှာလည်း ထိုသို ပါဝင်နိုင်ရန် ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

သို့သော် ထိုသို့ ပါဝင်ခွင့် ပြုမပြုကို တော့ အိုင်စီဂျေ တရားသူကြီး အဖွဲ့က အဆုံးအဖြတ် ပေးရမှာ ဖြစ်တဲ့ အပြင် ကာယကံရှင် မြန်မာပြည် ရဲ့ သဘောထားကို တောင်းခံရဦးမှာလည်း ဖြစ်ပါတယ်။ များသော အားဖြင့် ထိုသို့ ပါဝင်ခြင်းမျိုးသည် အမှုကို ပိုပြီး ကြန့်ကြာစေတတ်တယ်လို့ သိရပါတယ်။

မော်လဒိုက် သမ္မတ နိုင်ငံသည် လူဦးရေ ၃၄၀,၀၀၀ သာ ရှိသော ကမ္ဘာလှည့် ခရီးသွားများ ဥဒဟို ဝင်ထွက်နေတဲ့ အိန္ဒိယ သမုဒ္ဒရာ ထဲရှိ ဆွန်နီ မူဆလင်များ နေထိုင်ရာ ကျွန်းနိုင်ငံလေး ဖြစ်ပါတယ်။

သို့သော် ယခုအခါ အယ်ကိုင်ဒါ နှင့် အိုင်အက်စ် ကဲ့သို့ ဂျီဟတ်ဒစ် အုပ်စုများ ဝင်ရောက်လှုပ်ရှားနေကြပြီး ဖေဖေါ်ဝါရီ ၄ ရက်နေ့က တရုတ် နိုင်ငံသား နှစ်ဦး နှင့် ဩစတေးလျှ နိုင်ငံသား တဦး အား အစ္စလမ် စစ်သွေးကြွများက ဓါး ဖြင့် တိုက်ခိုက်ခံခဲ့ရတဲ့ ရုပ်ဆိုး ကျည်းတန်မှုကြီး ဖြစ်ပွားသွားခဲ့ရပါတယ်။