ရိုဟင်ဂျာ အရေး အာရုံစိုက်ခံလာရခြင်း

by Hla Soewai - Jun 01 2024

ရိုဟင်ဂျာ ပြဿနာ သည် သတင်း မီဒီယာ များ မှ တဆင့် နိုင်ငံတကာ ၏ အာရုံ စိုက်စရာ ဖြစ်လာခဲ့ပြန်သည်။ အထူးသဖြင့် လူ့အခွင့် အရေး အဖွဲ့များက ၂၀၁၇ မှာကဲ့သို့ သွေး‌ချောင်းစီးမည့် အဖြစ်မျိုး ထပ်ကြုံလာရမည်ကို စိုးရိမ်တကြီး သတိပေးလာကြသည်။

 

ယခုအခါ လူရမ်းကားအဖွဲ့ဟု ကျော်ကြားနေသော စစ်တပ် အပြင် ၎င်းတို့ အခေါ် armed actor ဖြစ်သည့် ရက္ခိတ တပ်တော် ပါ ပါဝင်လာနေ၍ ဖြစ်သည်။ ယင်းနှင့် အတူ အနောက်တိုင်း အစိုးရများလည်း ဝင်ရောက် ရှုတ်ချလာကြသည်။ 

 

ရောမ စာချုပ်အား လက်မှတ်ရေးထိုးထားခြင်း မရှိပါပဲလျက် အစ္စရေး ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး အား ဖမ်းဝရမ်း ထုတ်ရန် အိုင်စီစီ ရှေ့နေချုပ်က ရုံးတော်သို့ လျှောက်လှဲလာခဲ့သည်၊ ၎င်းတို့ကို ပါလက်စတိုင်း များအား "ရည်ရွယ်ချက် ရှိရှိဖြင့် အငတ်ဘေး ဆိုက်‌ အောင် ပြုလုပ်ခဲ့မှု" ဖြင့် စွဲချက် တင်လာခြင်း ဖြစ်သည်။ 

 

သို့‌ သော် အစ္စရေး ကဲ့သို့ပင် ရောမ စာချုပ် လက်မှတ် ရေးထိုးခြင်း မရှိသည့် မြန်မာ၏ ကာကွယ်ရေး ဦးစီးချုပ်ဆိုသူကိုမူ ပေလျာလကံ ပြုထားခဲ့သည်က စဉ်းစားစရာ ဖြစ်နေသည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် ၏ မျက်နှာကို ထောက်ထားသောကြောင့်၊ သို့မဟုတ် သူမ ကိုပါ အမှုထဲ ဆွဲသွင်းသလို ဖြစ်မည်စိုး၍လား ဆိုသည်က ရှင်းရှင်းလင်းလင်း မသိရပေ။

 

အစ္စရေး ဝန်ကြီးချုပ် နှင့် အတူ တဖက်က armed actor ဖြစ်သော ဟာမားစ် ခေါင်းဆောင်များကိုပါ အလားတူ ဖမ်းဝရမ်း ထုတ်ရန် တောင်းဆိုသည့် စာရင်းတွင် ပါဝင်လာခဲ့သည်။

 

ဤနေရာတွင် စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်လာရသည်က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ စကားပင် ဖြစ်သည်။ သူမက အရှေ့တီမော ကဲ့သို့ပင် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် အစိတ်အပိုင်းများကို ဖဲ့ယူပြီး "ခရစ်ယာန် နိုင်ငံ" အဖြစ် ထူထောင်ရန် "လူဖြူ နိုင်ငံ တနိုင်ငံ" က ကြံရွယ်နေသည်ဟု ၁၄ ပါတီ တွေ့ဆုံပွဲတွင် ထုတ်ဖေါ်ပြောဆိုခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းစာ တစောင် ဖြစ်သော The Daily Star သို့ မေလ ၂၇ ရက်နေတွင် ရေးသားထားသည်။

 

သူမက မည်သည့် နိုင်ငံဟု ထုတ်ဖေါ်ပြောဆိုခြင်း မရှိပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း လေတပ် အခြေစိုက်စခန်း ဖွင့်ခွင့်ပေးမည် ဆိုက ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ ရွေးကောက်ပွဲ အား အနှောက်အယှက် မရှိအောင် လုပ်ပေးမည်ဟုပင် ကမ်းလှမ်းခဲ့သေးကြောင်း ပါ ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

ဤသည်ကို ကြည့်မည် ဆိုက မြန်မာ နယ်စပ်တွင်လည်း အခြေအနေများ မတည်ငြိမ်အောင် သတင်း မီဒီယာများ မှတဆင့် လှုံ့ဆော်လာမှု များ မရှိနိုင်ဟု ပြော၍ မရ၊ မြန်မာ စစ်တပ် သည် နဂိုကတည်းက နာမည်ပျက် နေပြီး၊ ရက္ခိုင် တပ်တော် AA မှ စစ်တွေကိုပါ သိမ်းပိုက်လုနီးပါး ဖြစ်လာပြီး ပြန်လည် တည်ဆောက်ရန် ကြိုးစားတော့မည့် အချိန်တွင် ယခင် အတိုင်း လူမျိုးရေး တင်းမာမှု များနှင့် အခြေအနေများ တည်ငြိမ်မှု မရှိစေရန် ဆက်၍ ဖန်တီးထားချင်သည်ဟု ယူဆနိုင်သည်။

 

ရိုဟင်ဂျာ အရေးသည် လိုအပ်သည်ထက် ပို၍ အုတ်အော် သောင်းနင်း ဖြစ်လာသည်ကပင် သံသယ ဖြစ်ဖွယ် ကောင်းနေရပေသည်။

 

ကုလ စုံစမ်းရေး အဖွဲ့မှ ဆိုရှယ် မီဒီယာ တွင် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည့် တော်လှန်ရေး သမား နှစ်ဦးအား မီးတင်ရှို့ သတ်ဖြတ်ခဲ့မှု အား တရားဝင် စုံစမ်းစစ်ဆေးမှု စတင်လိုက်ပြီ ဖြစ်ပြီး ကျုးလွန်သူ တရားခံများအား တရားစွဲဆို အရေး ယူနိုင်ရန် စစ်ကောင်စီအားလည်း လိုအပ်သော အချက်အလက်များ ပေးရန် အကြောင်းကြားလာခဲ့သည်။

 

နောက်ထပ် သတင်းတရပ်ကား ဒီမိုက‌ ရေစီ နည်းလမ်းကျကျ အများ ဆန္ဒ ဖြင့် ရွေးကောက် တင်မြှောက်ထားသည့် အစိုးရ အား ဖြုတ်ချ အာဏာ သိမ်းပေးပါရန် တောင်းဆိုခဲ့ကြသည့် နိုင်ငံရေး ပါတီများက ယခုအခါ စီးပွားရေး ပိတ်ဆို့ထားမှု အား ရှုတ်ချ ပြောဆိုလာကြသည်။

 

သို့ဆိုက နိုင်ငံတကာ သည် စစ်တပ်၏ လက်နက် အားကိုး ဖြင့် နိုင့်ထက်စီးနင်း လုပ်ခဲ့မှု အား လက်ပိုက် ကြည့်နေကြပြီး ဖာသိဖာသာ နေသွားကြလိမ့်မည်၊ ယခုလို ပိတ်ဆို့ အရေးယူလာမည် လည်း မဟုတ်ဟု ကြိုတင် တွက်ဆ ထားရ အောင် ညံ့ဖျင်းကြ သူများလား ဟု ယူဆရမလို ဖြစ်နေသည်။

 

ကျပ်ငွေဈေးသည် တရိပ်ရိပ် ကျဆင်းလာနေ၍ ကြံရာမရ ဖြစ်လာသော စစ်ကောင်စီ သည် ၎င်းတို့၏ လက်ပါးစေ ကြံ့ဖွတ် မှ တဆင့် လူသိရှင်ကြားတရားခံ ရှာလိုက်ခြင်းပင် ဖြစ်သည်၊ ဤသည်ကို ကြည့်မည် ဆိုက စစ်ခေါင်းဆောင်များ မည်သို့ လုပ်ရမည် မသိ ဖြစ်လာ‌ နေပြီး စီးပွားရေး ဝန်ကြီး ဆိုသူကိုပင် ထုတ်ပယ်ပစ်လာခဲ့ရပေပြီ။

 

ပြည်သူများကတော့ ကမ္ဘာက အံ့အားတသင့် ဖြစ်ရသည် အထိ ကြံ့ကြံ့ခံ ရပ်တည် နေဆဲပင် ဖြစ်သည်။ နောက်ထပ် အာဏာသိမ်းပွဲ ဖြစ်လာနိုင်ပြီး အခြေအနေများ ပိုဆိုးလာနိုင်‌၍ ‌လုပ်စရာ ရှိတာ မြန်မြန် လုပ်ကြရန်ပင် အာဆီယံ နှင့် နိုင်ငံတကာသို့ ယူရေရှား ရီဗြူးတွင် သတိပေး ရေးသားထားသည်။

 

ဝါရှင်တန်ပို့စ် သတင်းစာကြီးမှ လက်ရှိ ပြည်တွင်းစစ်အား သိက္ခာရှိရှိ ပြီးဆုံးသွားနိုင်ရေး အတွက် အမေရိကန် အနေဖြင့် ယခုထက်ပို၍ ကြိုးပမ်းသင့်ကြောင်း နှင့် သမ္မတ ဂျိုးဘိုင်ဒင် သည် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်များအား တစုတစည်း ခေါ်ယူကာ ဖက်ဒရယ် ဒီမိုကရေစီ စနစ် အတွက် ဘုံရပ်တည်ချက် တရပ် ထွက်ပေါ်လာအောင် လုပ်ပေးသင့်သည်ဟုလည်း ရေးသားထားသည်။

 

အာဆီယံ နိုင်ငံများသည် ပြဿနာ အဖြစ် မခံချင်သူများ ဖြစ်၍ လက်နက်ကိုင် အဖွဲ့များထက် စာလျင် အစိုးရ ဟု အသိအမှတ် ပြုထားသည့် အဖွဲ့နှင့်သာ ဆက်ဆံ ပြီး ‌ဖြေရှင်းချင်နေသရွေ့ ၎င်းတို့၏ အခန်းကဏ္ဍ သည် ပျောက်ကွယ်နေဦးမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!