နိုင်ငံတကာ ရေးရာ မိတ်ဆက်(72)

by Hla Soewai - Jun 01 2024

ရာသီဥတု ပြောင်းလဲလာမှုသည် ရှေ့လျောက် ပြင်းထန်လာဖွယ် ရှိနေပြီး နိုင်ငံတကာ၏ တန်ပြန်နိုင်ရန် ကြိုးပမ်းမှု များသည် လိုက်မမှီနိုင်အောင် နောက်ကျ ကျန်ရစ်ခဲ့မည်သာ ဖြစ်သည်။ 

 

လက်ရှိ ရာသီဥတု အပြောင်းအလဲများ၏ သက်ရောက်မှု များ ကြောင့် ဖြစ်ပေါ်လာမည့်အန္တရာယ်များ နှင့် ရင်ဆိုင်လာရမှုကို သက်သာလျော့ပါးစေရန် ဒေသအလိုက်သော်၎င်း၊ အစိုးရများကသော်၎င်း စီမံ ဆောင်ရွက်လာခြင်း မျိုး ဖြင့် နိုင်ငံတနိုင်ငံ ချင်းစီမှ တဆင့် နိုင်ငံတကာ၏ ဆောင်ရွက်မှု များ တဖန် ဖြစ်ပေါ်လာနိုင်သည်။

 

ယင်းသည် ဖြစ်ပေါ်လာမည့် အနေအထားကို ကြည့်၍ အလိုက်သင့် ဆောင်ရွက်ခြင်း မျိုးကို သာ ဖြစ်သည်။ ဥပမာအားဖြင့် ရေလွှမ်းမိုးမှု ခံရနိုင်ဖွယ် ရှိသည့် ကမ်းရိုးတန်း ဒေသများ၊ တောမီးလောင်နိုင်ဖွယ် ရှိသည့် ‌ဒေသတဝိုက်များ တွင် နေထိုင်ခြင်းကို ခွင့်မပြု၊ အားမပေးခြင်းမျိုး ဖြစ်သည်။ 

 

ရေလွမ်းမိုးမှု ကြုံရနိုင်သည့် ဒေသများ၊ ပင်လယ်နှင့် အနီးတဝိုက်တွင် မြင့်မားသော အရံအတားများ ဆောက်လုပ်ထားခြင်း၊ ဒေသအလိုက်၊ နိုင်ငံအလိုက်၊ နိုင်ငံတကာ အတိုင်းအတာ အထိ ကယ်ဆယ်ရေး ရံပုံငွေများ အဆင်သင့် ရှာဖွေ စုဆောင်းထားခြင်း၊ သဘာဝ ဘေးဒဏ် ကြုံရသူများ အား အကူအညီ‌ ပေးခြင်း၊ ထိုသို့ ကြုံလာနိုင်သည့် လူများ အတွက် အန္တရာယ် လျော့ပါးသွားအောင် စီမံဆောင်ရွက် ခြင်းမျိုး ဖြင့်လည်း ပြင်ဆင်ထားသင့်သည်။ အိမ်များကို မည်သည့် နေရာမျိုး နှင့် မည်သို့ မည်ပုံ ခိုင်ခန့်အောင် ဆောက်လုပ်ရမည် ဆိုသည့် စည်းမျဉ်းများ ချမှတ် ထားရမည်။

 

ထိုကဲ့သို့ စီမံဆောင်ရွက်ခြင်းမျိုးသည် ရာသီဥတု ပြောင်းလဲလာမှု ကို ဟန့်တားနိုင်မည် မဟုတ်သော်လည်း ကြုံလာရပါက အဆိုးဝါးဆုံး ဖြစ်မလာအောင် ကာကွယ် နိုင်ရေး တွင် အထောက်အကူ ပေးမည်သာ ဖြစ်သည်။ ထိုသို့ ကြိုတင် ကာကွယ် ထားခြင်း ကြောင့် ကုန်ကျစရိတ်ပိုင်းတွင် သိသိသာသာ မြင့်တက်လာဦး မည် ဖြစ်သည်။

 

နောက်ထပ် ကာကွယ် နိုင်သေးသည့် အချက်ကား နေရောင် ၏ အလင်းတန်းများ ကို ပိတ်ဆို့နိုင်ရန် လေထု ထဲတွင် အမှုန်များ ထည့်သွင်း ပေးခြင်း ဖြစ်သည်။ ယင်းအား ဘူမိ အင်ဂျင်နီယာ Geo-engineering ဟု ခေါ်သည်၊ သို့သော်လည်း နောက်ပိုင်းတွင် အမှန်တကယ် မည်မျှ အတိုင်းအတာ အထိ သက်ရောက်မှု ရှိမရှိကို ယုံကြည် စိတ်ချစွာ ပြောနိုင်စွမ်း မရှိဘဲ ခန့်မှန်းနိုင်ယုံသာ ဖြစ်လာ၍ အငြင်းပွားဖွယ် ဖြစ်လာခဲ့သည်။ 

 

သိပ္ပံ ပညာပိုင်းအရ ရာသီဥတု အား ဆက်၍ ပြောင်းလဲ မလာနိုင်အောင် သက်ရောက်မှု ရှိမည့် နည်းလမ်းများကို မူ ရှာမတွေ့‌နိုင် ဖြစ်နေဆဲပင်။ အကယ်၍ နည်းပညာပိုင်းအရ တိုးတက်မှု များ ရှိလာမည်ဆိုလျင် Geo-engineering သည် ရာသီဥတု ပြောင်းလဲ လိုက်လာနေမှု ၏ အကျိုးဆက်များ ကို လျော့ပါးအောင်သော်၎င်း၊ ဖြစ်ပေါ်လာမည့် အနေအထား အတွက် အဆင်သင့် ပြင်ဆင်ထားနိုင်ရန် အတွက်သော်၎င်း အသုံးဝင်လာမည့် လက်နက် ကိရိယာ တမျိုးလည်း ဖြစ်သည်။

 

ကမ္ဘာတဝှမ်း စွမ်းအင် သုံးစွဲနေမှု ကို မှောက်လှန် ပစ်နိုင်မည့် နည်းပညာများ ထွန်းကား မလာပါက ကျွနုပ်တို့ အပေါ် ကျ‌ ရောက်လာ‌ တော့မည့် ရာသီဥတု ဖေါက်ပြန်မှု၏ အကျိုးဆက်များ အတွက် စိုးရိမ် ထိတ်လန့် စွာ နေထိုင် ကြရတော့မည် ဖြစ်သည်။

 

ထိုအရေး အတွက် နိုင်ငံတနိုင်ငံတည်းက ဒိုင်ခံ ဖြေရှင်း၍ လည်း ရနိုင်မည် မဟုတ် သည့် အပြင် ဖြစ်‌ပေါ် လာမည့် ဆိုးကျိုး များကို ရင်မဆိုင်ရအောင် တနိုင်ငံ တည်း ကွက်ပြီး ကာကွယ်ထား၍လည်း မရနိုင်ပေ။

 

စုပေါင်း ကာကွယ် တုန့်ပြန် နိုင်မည့် နည်းလမ်းများ ထွက်ပေါ်လာဖို့ဆိုသည်က ဖြစ်နိုင်ခြေ နည်းပါးလှသဖြင့် ရာသီဥတု အပြောင်းအလဲသည် လက်ရှိ ရာစု နှစ် ကြီး အား နောက်ပြန် ဆွဲလာနိုင်မည့် အရေးတကြီး ပြဿနာကြီး ဖြစ်လာနေပေသည်။