အစီရင်ခံစာ နှစ် ခုက မင်းအောင်လှိုင်အား တပြိုင်တည်း ထိုးနှက်

by Hla Soewai - Jun 01 2024

နိုင်ငံကို သုံးနှစ်‌ ကျော် အကြမ်းဖက် အုပ်ချုပ်နေသော စစ်ကောင်စီသည် ယခု အခါ နယ်မြေ စုစုပေါင်း၏ ၈၆ ရာနှုန်း ကို အပြည့်အဝ အုပ်ချုပ်နိုင်စွမ်း မရှိတော့ပဲ ၆၇ ရာနှုန်း ကိုမူ လုံးဝ လက်လွှတ်လိုက်ရပြီဟု မြန်မာ အရေး အထူး အကြံပေးကောင်စီ မှ ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် ပါရှိလာခဲ့သည်၊ ယင်းအား နိုင်ငံတကာ သတင်း မီဒီယာ များက ကိုးကား၍ ဖေါ်ပြလာကြသည်။

 

ထိုသို့ အပြည့်အဝ အုပ်ချုပ် နိုင်စွမ်း မရှိတော့၍ အစိုးရ အဖွဲ့ တဖွဲ့၏ တိုင်းပြည်နှင့် ပတ်သက်၍ မရှိမဖြစ် ထမ်းဆောင်ရမည့် အခြေခံတာဝန်များပင် လစ်ဟင်းနေရပြီ ဖြစ်သည်ဟု လည်း ပါရှိခဲ့သည်။ 

 

နိုင်ငံတကာ အနေဖြင့် လက်ရှိ ပကတိ ဖြစ်ပေါ်နေသည့် အခြေအနေများကို သဘောပေါက်ရန် လိုနေပြီး တော်လှန်ရေး အဖွဲ့များ၊ အရပ်ဖက် အဖွဲ့အစည်း များ နှင့် တိုက်ရိုက် ဆက်သွယ် ပြီး မြန်မာပြည်သူများ လိုအပ်နေသော အကူအညီများ အမြန် ပေးသွားနိုင်ဖို့ အရေးတကြီး လုပ်ဆောင်ရန် လိုအပ်လာနေပြီဟု အဖွဲ့ဝင် ဖြစ်သူ ဒေါက်တာ ယန်ဟီလီးက ထောက်ပြလာခဲ့သည်။

 

တချိန်တည်းလိုလို ထွက်ပေါ်လာသော နိုင်ငံတကာ အကြပ်အတည်း များ လေ့လာရေး အဖွဲ့ International Crisis Group (ICG) မှ အစီရင်ခံစာ တွင် နေပြည်တော် ရှိ စစ်ဗိုလ်ချုပ်ဟောင်း များ၊ လက်ရှိ ရာထူးရှိသူများက မင်းအောင်လှိုင် အပေါ် အယုံအကြည် မဲ့သည်ထက် မဲ့လာနေကြပြီ ဖြစ်သည်ဟုလည်း ဖေါ်ပြထားသည်။ 

 

မင်းအောင်လှိုင်သည် ထိုသို့ ဖြစ်လာသည့် အနေအထားကို ‌ကောင်းစွာ ရိပ်စားမိ‌ နေသည့် အလား ၎င်း၏ အနီးတဝိုက် တွင် ရာနှုန်းပြည့် သစ္စာခံမည့် လူများနှင့် ဝန်းရံပြီး တင်းတင်းကျပ်ကျပ် အုပ်ချုပ်လျက် ရှိနေသည်။

 

မင်းအောင်လှိုင် အား ဖယ်ရှားရန် ဖွဲ့စည်းပုံတွင်လည်း မပါရှိ၍ မည်သို့ မည်ပုံ လုပ်ကြမည်ကို မခန့်မှန်းနိုင်သေး ဖြစ်နေသည်၊ သေချာနေသည်က အာဏာရှင် ဟောင်း အသိုက်အဝန်းသည် ၎င်းတို့၏ လက်ရှိ အနေအထားကို ထိခိုက်လာမည့် အရေးကို စိုးရိမ် ထိတ်လန့်လာနေကြပြီ ဆိုသည်ကား သေချာနေသော်လည်း ထိုသို့ လုပ်နိုင်မည့် လူ ရှာမတွေ့သေး၍ သာ ဖြစ်ပေမည်။ အားလုံးကလည်း ဆယ်စုနှစ် တစု နီးပါး မင်းအောင်လှိုင် နောက်မြီးဆွဲ ကာ လိုက်လာကြသူများ ချည်း ဖြစ်နေသည်။

 

မင်းအောင်လှိုင်သည် နေပြည်တော်တွင် ကြံ့ကြံ့ခံ‌ နေရင်း ရှူံးမဲ မဲပြီး နိုင်ငံ အနှံ့လက်စားချေ ဗုံးကြဲရန် ညွှန်ကြားရင်း ဆက်၍ ရပ်တည် သွား နိုင် ဖွယ် ရှိနေသော်လည်း နေ့စဉ်နှင့် အမျှ ၎င်းအား ဖယ်ရှားခံရမည့် အန္တရာယ် နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု ပါရှိလာသည်။

 

လက်ရှိ ၎င်း၏ သစ္စာခံ တပ်များသည်လည်း နိုင်ငံ တဝှမ်း နည်းနည်းနှင့် ကျဲကျဲ ဝိုင်းနေရပြီး တန်ပြန် ထိုးစစ် ဆိုသည်မှာလည်း ဘယ်နေမှန်း မသိ ဖြစ်လာနေ၍ စိတ်ဓါတ်များ ကျဆင်းလာနေကြပြီ ဖြစ်သည်ဟုလည်း ဆိုသည်။ နောက်က ပံ့ပိုးပေးနိုင်စွမ်း မရှိမှန်း သိလာ၍ ၎င်းတို့ကို ပေးလာသော တာဝန် နှင့် မစ်ရှင်များ အပေါ် ယုံကြည်စိတ်များ မရှိကြတော့ဟု ဆိုသည်။

 

မင်းအောင်လှိုင် မှ စစ်သား စုဆောင်းပေးလာခြင်းသည်လည်း နေပြည်တော် ရှိ ၎င်းအား စောင့်ကြည့်နေသူများကို တခုခု လုပ်နေပါသည်ဟု ပြသနိုင်အောင်သာ ဖြစ်လာသည်။

 

ထူးခြားလာသည်က စစ်ဖက် နှင့် စစ်ကောင်စီ၏ အထက်တန်း အရာရှိကြီးများသည် နိုင်ငံခြား သံတမန်များ၊ ကရိုနီကြီးများ နှင့် မိတ်‌ ဆွေ များ နှင့် တွေ့ဆုံရာတွင် မင်းအောင်လှိုင် အပေါ် မကျေမနပ် ဖြစ်လာနေမှု များအား ပွင့်ပွင့်လင်းလင်း ပင် ထုတ်‌ ပြောလာကြပြီ ဖြစ်ပြီး၊ ထိုကဲ့သို့ အနေအထားမျိုး ရောက်လာမည်ကို ပြီးခဲ့သည့် ၆ လ ကျော် ကာလမျိုး က တွေးကြည့်၍ပင် မဖြစ်နိုင်ဟုလည်း ပါရှိခဲ့သည်။

 

ထိုကဲ့သို့ သော အစီရင်ခံစာ မျိုးသည် ပြည်ပမှ နေ၍ ရေးခြင်ရာ ရေးနေခြင်းမျိုး မဟုတ်ပဲ အနောက်တိုင်း ထောက်လှန်းရေး အဖွဲ့များ၏ သတင်းများ အပေါ် အခြေခံ ပြုစုခြင်းမျိုး ဖြစ်သည်။

 

အစီရင်ခံစာ က အကယ်၍ မင်းအောင်လှိုင် ဖယ်ရှားခံရမည် ဆိုလျင်ပင် ပြည်တွင်းစစ်သည် ဆုံးခန်းတိုင်သွားဖို့ မရှိဟု ဆိုသည်။ ကျန်ရှိသော စစ်ဗိုလ်ချုပ် များ၏ စိတ်ထဲတွင် လက်ရှိ အနေအထားကို ဆက်၍ ထိုးဖောက်ထွက်နိုင်မှ ဖြစ်မည် ဟူသော siege mentality ဆိုသည့် ရန်သူ အဝိုင်းခံ အနေအထား စိတ်မျိုးဖြင့် တော်လှန်နေမှု များကို မဖြစ်မနေ နှိမ်နှင်းရမည် ဟု ခံယူထားကြ၍ ဖြစ်သည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း ဖက်ဒရယ် ဒီမိုကရေစီ စနစ် ကို ထောက်ခံသော်လည်း ယခင်ကလို စေ့စပ် တောင်းယူစရာ မလိုတော့ပဲ ၎င်းတို့ ထိန်းချုပ် နယ်မြေများကို မဖြစ်မနေ အသိအမှတ် ပြုလာရအောင် အခိုင်အမာ တိုးချဲ့ တည်ဆောက် နေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Illustration credit - ဘီဘီစီ (မြန်မာ)