အိုင်ယာလန် ဝန်ကြီးချုပ် ဆိုင်မွန် ဟာရစ် မှ ထိုသို့ အသိအမှတ် ပြုခြင်းဖြင့် "အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေး ဖေါ်ဆောင် နိုင်လိမ့်မည်" ဟု ဆိုပြီး မေလ ၂၂ ရက်နေ့တွင် မိမိ နိုင်ငံသည် နော်ဝေး၊ စပိန် တို့နှင့်အတူ ပါလက်စတိုင်းအား နိုင်ငံ တနိုင်ငံ အဖြစ် တရားဝင် အသိအမှတ် ပြုမည်ဟု ထုတ်ပြောလာခဲ့ သည်။
ယင်းအား တုန့်ပြန်သည့် အနေဖြင့် အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး မှ "ပုံပျက်ပန်းပျက် လုပ်ရပ်" ဟု ဆိုကာ ရှုတ်ချလိုက်ပြီး အဆိုပါ နိုင်ငံများရှိ သံအမတ်ကြီးများကို ပြန်လည် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ ဟာမားစ် တို့ သည် အောက်တိုဘာ ၇ ရက် တွင် အစ္စရေး အား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် လုပ်ရပ်မှ ထွက်ပေါ်လာသော အသီးအပွင့် များ ခံစားရခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။
ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ လေးပုံသုံးပုံ ခန့်သည် ပါလက်စတိုင်း အား အသိအမှတ် ပြုထားပြီး ဖြစ်၍ အိုင်ယာလန်၊ နော်ဝေး နှင့် စပိန်တို့ ယခု မှ ပါဝင်လာခဲ့ခြင်း လည်း ဖြစ်သည်။ (မြန်မာ သည် ပါလက်စတိုင်း အား အသိအမှတ် မပြုသေးသည့် တခုတည်း သော အရှေ့တောင် အာရှ နိုင်ငံဖြစ်ပြီး၊ အာရှတွင် ဂျပန် နှင့် တောင်ကိုရီယားလည်း ကျန်နေသေးသည်။) လက်ရှိ အနေအထားသည် ပါလက်စတိုင်း တို့အတွက် မည်သို့ အဓိပ္ပါယ် ဆောင်နေသနည်း၊ အဘယ်ကြောင့် အချို့နိုင်ငံများက အသိအမှတ် မပြုသေးပဲ ရှိနေကြသနည်း။
နိုင်ငံတနိုင်ငံ မှ အခြား နိုင်ငံတနိုင်ငံ အား အသိအမှတ် ပြုရန် လိုအပ်သည်ဟူသော မဖြစ်မနေ လိုက်နာရမည့် စည်းမျဉ်းဟူ၍ မရှိသေးပေ။ နိုင်ငံတကာ ဥပဒေများတွင် လမ်းညွှန် ချက် ချပေးထားခြင်းမျိုးသာ ရှိနေသည်။
၁၉၃၃ တွင် မြောက် နှင့် တောင် အမေရိက နိုင်ငံ ပေါင်း ၂၀ မှ လက်မှတ်ရေးထိုးခဲ့သော မွန်တီဗီဒီရိုး ပဋိညာဉ် တွင် နိုင်ငံများ၏ လိုက်နာရမည့် တာဝန် နှင့် အခွင့်အရေး များကို ဖေါ်ပြထားခဲ့သည်။
နိုင်ငံ တနိုင်ငံ အဖြစ် သတ်မှတ်ထားသည့် စံနှုန်း လေးရပ် တွင် အမြဲတမ်း နေထိုင်သူများ ရှိနေခြင်း၊ အစိုးရ အဖွဲ့ ရှိနေခြင်း၊ နယ်ခြားမျဉ်း သတ်မှတ် ပြဋ္ဌာန်းထားခြင်း နှင့် အခြား နိုင်ငံများနှင့် ဆက်ဆံ နိုင်သည့် အဆင့်မျိုး ရှိနေခြင်း ဟူ၍ ဖေါ်ပြထားသည်။
သို့သော် ထိုသို့ စံနှုန်းများ မရှိသော်လည်း နိုင်ငံ အဖြစ် အသိအမှတ် ပြုခြင်း ခံရသည့် နိုင်ငံပေါင်း များစွာ ရှိနေသည်။ ဥပမာ အားဖြင့် အစိုးရ နှစ်ဖွဲ့ ရှိနေသော လစ်ဗျားပင် ဖြစ်သည်။ နိုင်ငံ အဖြစ် အသိအမှတ် ပြုခြင်းသည် ထိုနိုင်ငံရှိ အစိုးရ ကို အသိအမှတ် ပြုခြင်းသာ ဖြစ်သည်။ လစ်ဗျား ကဲ့သို့ နိုင်ငံ အတွက်မူ နိုင်ငံများ အနေဖြင့် အစိုးရ နှစ်ဖွဲ့မှ ၎င်းတို့ တရားဝင်သည်ဟု သတ်မှတ်ထားသော အစိုးရ ကို အသိအမှတ် ပြုနိုင်ခွင့် ရှိသည်။
အချို့နိုင်ငံများသည် အမျိုးသားရေး လှုပ်ရှားမှု များဖြင့် လွတ်လပ်ရေး ရလာပြီး နိုင်ငံတကာ၏ အသိအမှတ်ပြု ခံရအောင် ကြိုးစားလာကြသည်။
၁၉၈၈ တွင် ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ ပီအယ်အို ခေါင်းဆောင် ယာဆာ အာရာဖတ်သည် ၁၉၆၇ ခြောက်ရက်စစ်ပွဲ မတိုင်မီ အာရပ်နိုင်ငံများက သတ်မှတ်ပေးထားသော နယ်နမိတ်ကို အခြေပြု၍ ပါလက်စတိုင်းအား နိုင်ငံ အဖြစ် ကြေငြာခဲ့သည်။
ထိုအချိန်က အီဂျစ်သည် ဂါဇာ ကို ထိန်းချုပ်ထားပြီး အနောက်ဖက် ကမ်းပါး နှင့် အရှေ့ ဂျေရုဆလင်သည် ဂျော်ဒန် ပိုင်နက်ထဲတွင် ရှိနေသည်။ သို့သော် ခြောက်ရက် စစ်ပွဲ အတွင်း အစ္စရေးသည် အဆိုပါ နယ်မြေများ အားလုံးကို သိမ်းယူ နိုင်လိုက်သည်။
၁၉၈၈ နှစ်ကုန်ပိုင်း တွင် အာရာဖတ်၏ နိုင်ငံ အဖြစ် ကြေညာခဲ့ခြင်းကို ကုလအဖွဲ့ဝင် နိုင်ငံပေါင်း တဝက်နီးပါး ခန့်က အသိအမှတ် ပြုလာကြသည်။ ယခုအခါ နိုင်ငံပေါင်း ၁၄၀ ရှိနေပြီ ဖြစ်ပြီး မေလ ၂၈ ရက်တွင် အိုင်ယာလန်၊ နော်ဝေး နှင့် စပိန်တို့ ပါဝင်လာကြမည် ဖြစ်သည်။
လက်ရှိတွင် အနောက်နိုင်ငံ အများစုက ပါလက်စတိုင်း အား နိုင်ငံ အဖြစ် အသိအမှတ် မပြုဘဲ ရှိနေချိန်တွင် ထိုသုံးနိုင်ငံ ပါဝင်လာမှုသည် အရေးပါလာသည်ဟု ဆိုရမည် ဖြစ်သည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နှင့် ဂျာမဏီ သည် အစ္စရေးဖက်က သဘောတူ လာမည့် ပါလက်စတိုင်း နိုင်ငံကိုသာ အသိအမှတ် ပြုမည် ဆိုသည့် မူ ကို စွဲကိုင်ထားကြသည်။
အစ္စရေး က အခြားနိုင်ငံများ၏ လုပ်ရပ်အား တဖက်သတ် ဆန်မှု ဟု ဆိုကာ ပယ်ချခဲ့သည်။ တရားဝင်အားဖြင့် ပါလက်စတိုင်းသည် ထိုသို့ နိုင်ငံတနိုင်ငံ အဖြစ် ရပ်တည်နိုင်အောင် အစ္စရေး နှင့် စေ့စပ်ညှိနှိုင်းရမည် ဖြစ်သည်ဟု ပြောထားခဲ့သည်။ သို့သော် လက်ရှိ ဝန်ကြီးချုပ် ဘင်ဂျမင် နာသန်ယာအူးက မူ နှစ်နိုင်ငံ အဖြစ် ရပ်တည်သွားရမည့် two-state solution ကို အဖန်တလဲလဲ ပယ်ချခဲ့ပြီးလည်း ဖြစ်သည်။
ပါလက်စတိုင်းကို အသိအမှတ် မပြုသော နိုင်ငံ အများ အပြား ရှိနေဆဲ ဖြစ်သည့်အပြင် ကုလသမဂ္ဂ ကလည်း တစိတ်တပိုင်းသာ အသိအမှတ် ပြုထားဆဲ ဖြစ်သည်။ ၁၉၇၄ တွင် ပီအယ်အိုအား လေ့လာသူ အဆင့်အတန်း ဖြင့် ကုလ သို့ ဝင်ခွင့်ရလာခဲ့သည်။ ၂၀၁၂ တွင် ကုလ အထွေထွေ ညီလာခံမှ ပါလက်စတိုင်းအား အဖွဲ့ဝင် မဟုတ်သော လေ့လာသူ နိုင်ငံ အဖြစ် မြှင့်တင်ပေးလာ၍ ဗာတီကန် နှင့် အဆင့်တူ ဖြစ်လာခဲ့သည်။
တင်းပြည့်ကျပ်ပြေ့ နိုင်ငံ အဖြစ် အသိအမှတ် ပြုခံရရန် အတွက် ကုလ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံမှ သဘောတူရမည် ဖြစ်သည်။ ယခု နှစ် အတွက် လုံခြုံ ရေး ကောင်စီ အဖွဲ့ဝင် ဖြစ်လာသည့် အယ်ဂျီးရီယားသည် ဧပြီလ အတွင် ပါလက်စတိုင်း အား နိုင်ငံ အဖြစ် အသိအမှတ် ပြုရေးကို တင်ပြလာခဲ့ရာ ပြင်သစ် အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုလသမဂ္ဂ မှ အသိအမှတ် ပြုရေးကို ထောက်ခံခဲ့ကြသည်။ အမေရိကန် မှ ဗီတို ဖြင့် ပယ်ချခဲ့ပြီး ဗြိတိန် နှင့် ဆွစ်ဇာလန် တို့ ကြားနေခဲ့ကြသည်။
ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်မှ ပါလက်စတိုင်းများသည် ၎င်းတို့ နိုင်ငံ ဖြစ်ရမည့် နယ်မြေများကို ထိန်းချုပ်ထားနိုင်ခြင်း မရှိပဲ ဟာမားစ်များက အတော်များများ သိမ်းပိုက်ထားပြီး ဖြစ်သည်ဟု စောဒက တက်လာခဲ့သည်။
ပါလက်စတိုင်း များ အဖို့က ၎င်းတို့အား နိုင်ငံအဖြစ် အသိအမှတ် ပြုခြင်းကြောင့် သင်္ကေတ အထိမ်းအမှတ် အဖြစ်သာ ဂုဏ်ယူ၍ ရပြီး အခြား မည်သည့် အကျိူးကျေးဇူးမျှ ထွက်လာမည် မဟုတ်ပေ။ လက်တွေ့ လုပ်၍ ရနိုင်သည်က ၎င်းတို့အား နိုင်ငံ အဖြစ် အသိအမှတ် ပြုသော နိုင်ငံများတွင် သံရုံး များ ဖွင့်လှစ် နိုင်ခြင်းပင် ဖြစ်သည်။
သို့သော် အစ္စရေး က လက်သင့် မခံမချင်း ပါလက်စတိုင်း တို့ အနေဖြင့် နိုင်ငံတနိုင်ငံ၏ အခွင့်အရေးများ အပြည့်အဝ ရရှိ ခံစားနိုင်ကြမည် မဟုတ်ပေ။
အစ္စရေး နှင့် ၂၀၁၄ တွင် နောက်ဆုံး အကြိမ် တိုက်ရိုက် ဆွေးနွေး နိုင်ခဲ့သော်လည်း ပျက်ပြားသွားခဲ့သည်။ လက်ရှိ အနေအထား တွင် ဆွေးနွေးပွဲ ပြန်စ နိုင်ဖို့ အရေးတကြီး လိုအပ်နေသော်လည်း မည်သို့မျှ ဖြစ်နိုင်ခြေ မရှိသေးပေ။
(၂၀၂၄ မေလ ၂၂ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "What does it mean to recognise Palestinian statehood?" ဆောင်းပါးအား ပြန်လည် တင်ပြသည်။)