သူတို့ ခမျာ လည်း အပူမီးတောက်

by Hla Soewai - May 27 2024

တော်လှန်ရေး တပ်ဖွဲ့များသည် ယခုအခါ မြိုပြများကို သိမ်းပိုက်နိုင်ရန် ရည်မှန်း ချက်ထား လှုပ်ရှားလာကြပြီ ဖြစ်သည်။ နေပြည်တော်ရှိ စစ်အာဏာပိုင်များကလည်း ၎င်းတို့၏ အသက် အိုးအိမ် စည်းစိမ် ကို ကာကွယ် နိုင်ဖို့ မြေလှန် ဗုံးကြဲ မီးတင်ရှိုသည့် ဗျူဟာ သုံးကာ ကြမ်းပေ့ရမ်းပေ့ ဆိုသည့် နည်းလမ်းများဖြင့် လူ့အသက်ကို ဖက်ရွက်လေးမျှပင် သဘောမထားပဲ လက်တုန့်ပြန်လာကြပြီ ဖြစ်သည်။

 

ထိုသို့ စစ်မီးကြီး တဟုန်ထိုး တောက်လာနေမှု ကြောင့် လာမည့် အောက်တိုဘာလ အတွင်း မြန်မာတွင် ကျင်းပရန် ရှိနေသည့် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲ Miss Grand International ကို လာရောက်ယှဉ်ပြိုင်သူ လွန်စွာ နည်းပါးပုံရ၍ လော မသိ ပွဲစီစဉ်သူများက ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

 

ဆုံးရှုံးသွား‌ သော မြို့များ၊ စစ်စခန်းများကို သာလွန် အင်အားဖြင့် ပြန်၍ တိုက်ယူရန် ကြံရွယ်ထားပုံရ‌ သော စစ်ကောင်စီ အဖို့လည်း ၎င်းတို့၏ စစ်သားစုဆောင်ရေးသည် အဆင်မပြေ ဖြစ်လာနေသည်။ စစ်ကောင်စီ၏ ကာကွယ်ရေး ဝန်ကြီး ဆိုသူ တင်အောင်ဆန်းမှ လိုအပ်သည့် အရည်အတွက်ရရန် မညှာတမ်း လုပ်ဖို့ နှင့် ငြင်းဆန်သူများကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ဗြောင်ကျကျ ထုတ်ပြောလာခဲ့ရပြီ ဖြစ်သည်။ 

 

၎င်းတို့၏ မရှိမဲ့ ရှိမဲ့ ဂျက် တိုက်လေယာဉ်များသည် တော်လှန်ရေး တပ် များ ရှေ့ဆက် မတိုးနိုင်အောင် ဟန့်တားရေးအတွက်သာ အသုံးဝင်ပြီး နယ်မြေများ ပြန်သိမ်းနိုင်ဖို့က ကြည်းတပ် အင်အား ကို အသုံးမချ ပဲ မရ၊ လက်ရှိ တိုက်ရည် ခိုက်ရည် ပြည့်ဝ လှပါသည် ဆိုသော ၎င်းတို့၏ သစ္စာခံ တပ်များသည်ပင် လက်နက်ချသူချ၊ ခြေဦးတည့်ရာ ပြေးသူ ပြေး ဖြစ်နေကြသည်၊ စခန်းစွန့်ခွာ ထွက်ပြေးသူ များသည်ထက် များလာနေ၍ အရေးမယူနိုင်ပဲ ရှေ့တန်းသို့ ပြန်ပို့နေရပြန်သည်၊ ထိုအနေအထားကို ရိပ်စားမိ၍ ရှေ့လျောက် ပြေးကြမည့်သူ များသည်ထက် များလာမည့် မုန့်လုံး စက္ကူကပ် အဖြစ် ရောက်လာနေပေသည်။

 

ယခုအခါ တော်လှန်ရေး တပ်များအား ပြည်ပမှ စစ်မှုထမ်းဟောင်းများက ကူညီ လေ့ကျင့် ပေးနေကြပြီ ဖြစ်သည်။ ထိုစစ်မှုထမ်းဟောင်းများက တော်လှန်ရေး တပ်ဖွဲ့များသည် ထိုးစစ် ဆင်လာနေပြီ ဖြစ်‌၍ မီးခိုးဗုံးများ သုံးနိုင်လျှင် တပန်းသာလာနိုင်သည်ဟု ပြောကြောင်း နစ်ကီအေးရှား ရီဗြူးတွင် ရေးသားထားသည်၊ မီးခိုးဗုံး ဆိုသည်က ရန်သူမှ မမြင်ရအောင် အကာအကွယ် ပေးခြင်းမျိုးသာ ဖြစ်၍ အသက် အန္တရာယ် မထိခိုက်နိုင်သည့် အမျိူးအစား ဟု အဓိပ္ပါယ် ဖွင့်ဆို နိုင်ပေသည်။ လက်နက် တွင် ခဲယမ်း ပြတ်လတ်နေမှု က အမြဲလို ကြုံနေရသည်ဟု ဆိုသည်။ (ပုံတွင် ရှု)

 

အမေရိကန် ကြည်းတပ် မှ အငြိမ်းစား ဒုဗိုလ်မှုးကြီး ဟောင်း ဒေါ်မီမီဝင်းဘတ်မှ နိုင်ငံခြားသားများ ကူညီရန် ရောက်လာ၍ တော်လှန်ရေး အတွက် စိတ်ဓါတ် ရေးရာအရ အားတက်ဖွယ် ဖြစ်သည်ဟု ပြောခဲ့သည်။

 

တနိုင်ငံလုံး အတိုင်းအတာဖြင့် တိုက်ခိုက်ရေး နှင့် ထောက်လှန်းရေး ပိုင်းတွင် ပို၍ ညှိညှိနှိုင်းနှိုင်း လုပ်သွားဖို့ လိုပြီး ပြည်သူ များကို အကာအကွယ် ပေးနိုင်ရန် စီမံ ဆောင်ရွက်ရမည်ဟု ထောက်ပြသွားခဲ့သည်။

 

ဘန်ကောက်တွင် အခြေစိုက်သည့် မြန်မာ လုံခြုံရေး ရာ သုတေသီ အန်တနီ ဒေဗီစ် မှ လက်ရှိ တဒါဇင်ခန့်သာ ရှိသေးသည့် ပြည်ပ စစ်ပြန် အရည်အတွက်သည် ကိုယ်ပိုင် သီးသန့် တပ်ဖွဲ့ အဖြစ် ဖွဲ့စည်း နိုင်လာသည် အထိ တိုးပွားလာမည်ဟု ယုံကြည်ကြောင်း၊ သီးသန့် တပ်ဖွဲ့ ဖွဲ့စည်းခြင်းသည်လည်း ဘာသာစကား အခက်အခဲများ ရှိနေသောကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။

 

ထိုသို့ ဖြစ်လာခဲ့က တရုတ်သည် ၎င်းတို့ အား ခြိမ်းခြောက်လာနေပြီဟု ယူဆလာနိုင်စရာ ရှိနေသည်ဟုလည်း ပြောသွားခဲ့သည်။

 

မိမိ အမြင်အရမူ တရုတ်သည် မြန်မာနိုင်ငံ အား တစိတ်တဒေသ ကျူးကျော်လာခဲ့လျင်ပင် ဒေသ အတွင်း အထိတ်တလန့် ဖြစ်လာပြီး အာဆီယံ နိုင်ငံများ နှင့် ဆက်ဆံရေး ပျက်ပြားကာ အမေရိကန် ဖက် မရောက်ရောက်အောင် တွန်းပို့လိုက်သလို ဖြစ်သွားမည့် အရေးကြောင့် စွန့်စားလာဖို့ မရှိပေ။ အနည်းဆုံး အခြေအနေများကို အဖတ်ဆယ်၍ ရလို ရငြား နေပြည်တော် တွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ရန်သာ ကန်လန့်ကာ နောက်ကွယ်မှ ကြိုးစားကောင်း ကြိုးစားလာနိုင်ပေသည်။

 

သို့သော် စစ်အာဏာပိုင်များကမူ အရေးအကြောင်း ရှိက ၎င်းတို့အား ကူညီ လာစေရန် မျှော်လင့်ချက် ဖြင့် တရုတ် အမြင်တွင် မြန်မာအား လက်လွှတ်ဆုံးရှုံးခံ၍ မဖြစ်ဟု ယူဆလာအောင် သွေးဆောင်လာမှု အဖြစ် မြစ်ဆုံ စီမံကိန်းကို ပြန်စရန် ဦးဆောင်မှု ပေးနိုင်မည့် အဖွဲ့ကို လျပ်စစ် ဒုဝန်ကြီး အေးကျော် ဆိုသူ အား ခေါင်းဆောင်တင်ကာ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်ဟု အေပီ သတင်းတွင် ဖေါ်ပြထားသည်။ ယင်းအား အစိုးရ သတင်း မီဒီယာ များ တွင် ဖေါ်ပြခြင်း မရှိပဲ အင်္ဂါနေ့က ထုတ်ပြန်သော အစိုးရ ပြန်တမ်းတွင် မသိမသာ ထည့်သွင်း လာခဲ့သည်ဟု ဆိုသည်။

 

၎င်းတို့သာ ထိုသို့ ကြံရွယ်နေသော်လည်း ကချင်လွတ်လပ်ရေး တပ်ဖွဲ့များသည် ယခု အခါ မြို့တော် မြစ်ကြီးနားသို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်။ ဝိုင်း‌မော် ကို သိမ်းနိုင်ရန် ခလရ ၅၈ တပ်စခန်းတခုသာ ရှင်းလင်းရန် ကျန် တော့သည်ဟု ပြောခွင့်ရ ဗိုလ်မှုးကြီး နောဘူးက အတည်ပြုခဲ့သည်။

 

စစ်အာဏာရှင်များသည် မြို့ရွာများ မီးတိုက်ခြင်း၊ လူငယ်လေးများကို မိဘရင်ခွင်မှ ဆွဲထုတ်ကာ စစ်ထဲ ဆွဲသွင်းနေခြင်း၊ တတိုင်းပြည်လုံးက ဆန့်ကျင်နေသည့် မြစ်ဆုံ စီမံကိန်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းနေခြင်း များကို ကြည့်လျင် ရှေ့လျောက် တိုင်းပြည်ကို သေနတ်ပြ၍ ဖက်ဆစ်ပုံစံ အုပ်ချုပ်သွားရန် စိတ်ပိုင်းဖြတ် ထားကြပြီး ဖြစ်သည်ကို သိသာ ထင်ရှားစွာ တွေ့မြင်လာရပြီ ဖြစ်သည်။

 

လက်ရှိ တော်လှန်ရေး အောင်မြင်မှသာ လူပီပီသသ နေထိုင် နိုင်ခွင့် ရတော့မည် ဆိုသည်ကို စိတ်ထဲ နှလုံးသွင်းထားရတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!