နိုင်မြင်းကို မလောင်းမိခဲ့သည့် ရုရှား

by Hla Soewai - May 27 2024

မော်စကို နှင့် နေပြည်တော်ကြား ဆက်ဆံရေးသည် ၂၀၂၁ အာဏာသိမ်းပြီးချိန် နှင့် ရုရှားမှ ယူကရိန်း အား ကျုးကျော် ခဲ့ပြီးချိန်မှစ၍ ပို၍ တိုးတက် ခိုင်မာ လာခဲ့သည်။ အနောက်တိုင်း နိုင်ငံများသည် နိုင်ငံ တွင်း အခြေအနေများ ပိုမို ဆိုးဝါးလာစေရန် ရည်ရွယ်ချက် ဖြင့် အကြမ်းဖက် အစွန်းရောက် ပြည်သူ့ကာကွယ်ရေး တပ်များကို ပံ့ပိုးပေးလာခြင်းဖြင့် ၎င်းတို့၏ ကိုလိုနီ လက်သစ် ဝါဒကို အကောင်အထည် ဖေါ်နေခြင်း ဖြစ်သည်ဟု စွပ်စွဲသည်၊ ယင်းသည် အာဏာရှင်တိုင်းလိုလို အား ထောက်ခံနေသော ရုရှား၏ လက်သုံးစကားလည်း ဖြစ်သည်။

 

ရုရှားသည် ယခုအခါ ဆိုဗီယက် ခေတ်က ထက် ပို၍ ကြောက်စရာ ကောင်းလာနေသည်ကို အားလုံးက လက်ခံထားကြသည်။ ဆိုဗီယက် တွင် ကွန်မြူနစ် ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ နှင့် စုပေါင်း ဆုံးဖြတ် ဆောင်ရွက်ကြသည်။ ကွန်မြူနစ် ပါတီ တွင်းလည်း ဂိုဏ်းဂဏ များ ကွဲနေ၍ အင်အားသာသည် ဖက်က အနိုင်ရစမြဲ ဖြစ်သည်။ ကျူးဘား ဒုံးပျံ အရေးအခင်း နောက်ပိုင်း တွင် ကရူးရှက် ပြုတ်ကျသွားခဲ့သည်က အထင်အရှားပင် ဖြစ်သည်။

 

ယခုအခါ ပူတင်သည် သူ့သဘော နှင့် သူ လုပ်ချင်ရာ လုပ်ခွင့်ရှိနေပြီ ဖြစ်သည်။ ရုရှား၏ နိုင်ငံခြားရေး မူဝါဒ ကိုလည်း စေလိုရာ စေ နေပြီ ဖြစ်သည်။

 

ဗလာဒီဗော့စတော့ စီးပွားရေး ဖိုရမ်တွင် ရုရှား သမ္မတ ပူတင် နှင့် တွေ့ဆုံခွင့် ရခဲ့သော မင်းအောင်လှိုင်သည် “နိုင်ငံတကာ တွင် တည်ငြိမ်ရေး အတွက် အထူး ကြိုးပမ်းဆောင်ရွက်နေသော ကမ္ဘာခေါင်းဆောင်ကြီး” ဟူ၍ အရှက်ကင်းမဲ့စွာ ဖားဖားယားယား ပြောဆိုသွားခဲ့ပြီး ဖြစ်သည်။

 

ရုရှားသည် တရုတ်၊ ဘဲလာရုစ်၊ မြောက်ကိုရီယား တို့နှင့် အတူ စစ်ကောင်စီ အား လက်နက် ထောက်ပံ့နေသည့် နိုင်ငံလည်း ဖြစ်သည်။ ယခုအခါ ရုရှား ထံမှ လက်နက်များ တရုတ်ထံမှ ဝယ်ယူသည်ထက်ပင် ပို၍ ဝယ်ယူ လာနေပြီ ဖြစ်သည်။ ရုရှားကလည်း မြန်မာထံမှ ယခင် ၎င်းတို့ ထောက်ပံ့ပေးခဲ့သည့် ၁၂၀ မမ အမြှောက်ဆံများကို ပြန်ဝယ်ယူခဲ့သည်။ ထိုအမြှောက်ဆံများ ထုတ်လုပ်သည့် စက်ရုံများ သည် မြန်မာ တွင် ရှိနေဆဲ ဖြစ်၍ ရုရှား နည်းပညာရှင်များ လာရောက် ကူညီပေးနေကြသည်။

 

ယခုအခါ စစ်ကောင်စီ သည် လူသိရှင်ကြား အရေးနိမ့် လာနေသည်မှာ တနှစ် နီးပါး ရှိလာနေပြီ ဖြစ်သည်။ ယင်းနှင့် အတူ နယ်မြေ အမြောက်အမြားကို လည်း စွန့်လွှတ်ခဲ့ရသည်။ ကြံရာမရ ဖြစ်လာသည့် အဆုံး စစ်မှုထမ်း ဥပဒေ အား ပြန်လည် အသက်သွင်းလာခဲ့ရသည်။

 

ရုရှားသည် လက်ရှိ မြေပြင် သရုပ်မှန် များကို မျက်ကွယ်ပြုကာ စစ်ကောင်စီ အား ပို၍ ပင် ထောက်ခံမှု ပေးလာခဲ့သည်၊ မြန်မာ စစ်တပ်နှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု များ အပြင် ခရီးသွား လုပ်ငန်းများ တိုးမြှင့်နိုင်ရန်၊ နည်းပညာ ပိုင်း နှင့် ယဉ်ကျေးမှု ဖလယ်နိုင်ရေး အတွက်ပါ စီစဉ်လာကြသည်။

 

ပူတင်သည် ၎င်းအတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်နိုင်သည့် အခြေအနေ များ ရှိနေသည်ဟု တွက်ဆထားခဲ့၍ ဖြစ်ပုံရကြောင်း ဘာလင် အခြေစိုက် BNE Intellinews တွင် ယခုလို သုံးသပ်ထားသည်။

 

ပထမ အချက် အနေဖြင့် ၎င်းတို့ အကျ နှေးသွား အောင် လုပ်ပေးထားခြင်း ဖြင့် ရုရှား အတွက် ဆက်၍ အကျိုး ရှိနိုင်သည်။

 

ဒုတိယ အချက်သည် မတော်တဆ စစ်ကောင်စီ ဖက်က အနိုင်ရသွားခဲ့လျှင် အာရှ တွင် အမာခံ မဟာမိတ် တဦး ရလာပြီး အမေရိကန် မူဝါဒ များကို အနှောက်အယှက် ပေး၍ ရနိုင်သည်။

 

တတိယ အချက် သည်ကား စစ်ကောင်စီ အရေးနိမ့်သွားခဲ့လျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်း စစ်ပွဲများ ဖြစ်လာနိုင်ပြီး နိုင်ငံတွင်း ခြေကုပ်ရထားပြီး ဖြစ်သော ရုရှား အဖို့ တဖက်ဖက် ကို လက်နက်များ ဆက်၍ ရောင်းချ နိုင်ဦးမည် ဖြစ်သည် အစရှိသဖြင့် ပူတင် တွက်ဆခဲ့သည်ဟု ရေးသားထားသည်။

 

ပူတင်သည် မည်သို့ပင် တွက်ဆ ခဲ့စေကာမူ လက်ရှိတွင် မြန်မာ စစ်တပ်သည် နိုင်ငံတကာ အလယ်တွင် အရှက်တကွဲ အရေးနိမ့်လာနေပြီး မကြာမီကပင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မှ မြဝတီ အနီးရှိ ပူချီမူး စစ်စခန်း အား သိမ်းယူခဲ့သည့် တိုက်ပွဲ အတွင်း စစ်ကောင်စီ တပ်သား ၃၁ ဦး ထိုင်းနိုင်ငံဖက်ခြမ်း သို့ ထွက်ပြေး ဝင်ရောက်သွားခဲ့သဖြင့် ထိုင်းစစ်တပ် မှ ဖမ်းဆီး ထိန်းသိမ်း လိုက်သည်ဟု ထိုင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။ သို့သော် ထိုသို့ ထွက်ပြေးသွားရာ လမ်းတလျှောက်တွင် ရွာသား ၃ ဦး နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အား သတ်ဖြတ်သွားခဲ့သည်ဟု ကရင် စစ်ဖက်မှ တာဝန်ရှိသူ တဦးက ထိုင်းဖက်သို့ အကြောင်းကြားခဲ့သည်။

 

မြန်မာ နိုင်ငံ၏ ဆိုးဝါးလာနေသော အခြေအနေ များ ကြောင့် မေလ ၂၄ ရက်နေ့တွင် ဗြိတိန်၊ ဩစတေးလျှ၊ အီးယူ၊ တောင်ကိုရီယား၊ မောလ်တာ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန် နှင့် အမေရိကန် ပြည်ထောင်စု တို့မှ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

 

ထိုကြေညာချက် ထဲတွင် စစ်ကောင်စီသည် ပြည်သူများအား တိုး၍ အန္တရာယ် ပြုလာနေခြင်း၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ၊ ဆေးရုံများအား ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်မှုထမ်းရမည် ဟု အတင်းအကျပ် လုပ်လာကြခြင်း၊ ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာများအား နှစ်ဖက်စလုံးမှ ပစ်မှတ်ထားလာသည့် အခြေအနေများ အစရှိသည်တို့ ကို ဖေါ်ပြထားပြီး လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ အား လိုက်နာရန်နှင့် နိုင်ငံများ အနေဖြင့် လေယာဉ်ဆီ အပါအဝင် လက်နက်‌ရောင်းချမှု များ ပိတ်ပင်ကြရန် တောင်းဆိုထားသည်။

 

ထိုကဲ့သို့သော ကြေညာချက်ကြောင့် စစ်ကောင်စီ အတွက် ကမ္ဘာ အလယ်တွင် ခေါင်း မဖါ်ဝံ့ အောင် ဖြစ်သွားရသော်လည်း အဆုံးတွင် ပါရှိလာသည့် “ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်‌ရေး အတွက် ကြိုးပမ်းမှု မှန်သမျှ ‌ထောက်ခံသည်” ဆိုသော စကားရပ် သည်ကား အာဏာ ဆုပ်ကိုင်ထားနိုင်ဖို့သာ ရည်ရွယ် လုပ်ဆောင်နေသည့် စစ်အာဏာရှင်များ အတွက် လုပ်ချင်ရာ ဆက်လုပ်နိုင်ရန် ခွင့်ပေးလိုက်သလို မျိုး ဖြစ်သွားခဲ့ပေသည်။

 

ကျပ်ငွေတန်ဖိုးသည်လည်း ဒလဟော ကျဆင်းလာနေပြီး ယခုအခါ တ‌ဒေါ်လာလျှင် ၄,၁၃၀ ကျပ် အထိ ဖြစ်လာ၍ တန်ဖိုး မရှိတော့သော ပိုက်ဆံ ဟူ၍ ခေါင်းစဉ် တပ်ကာ မြန်မာ နောင်း တွင် ရေးသားလာသည်။ နိုင်ငံတွင်း ရှိ စီးပွားရေး သုတေသီ တဦးက လူများသည် ငွေများကို လက်ထဲတွင် ကြာကြာ ကိုင်မထားရဲတော့ပဲ ဈေးများ ထပ်မံ မြင့်တက်မသွားခင် ဝယ်စရာ ရှိသည်များကို အမြန် ဝယ်ယူကြရသည် ဟု ထောက်ပြခဲ့သည်။

 

ရွှေတန်ဖိုးသည် လည်း ဒေါ်လာတန်ဖိုး မြင့်တက်လာမှု နှင့် ဝယ်လိုအား များလာခြင်းကြောင့် မြင့်တက်လာနေပြီး ရွှေတကျပ်သားသည် ယခုအခါ ၁,၂၇၄ ဒေါ်လာ (ကျပ်ငွေ ၅၂ သိန်း တသောင်း) အထိ ရောက်လာခဲ့သည်။

 

တနေ့တာ အနိမ့်ဆုံး လုပ်ခအား ၅,၈၀၀ ကျပ် သတ်မှတ်ထား၍ လက်ရှိ ဒေါ်လာ ပေါက်ဈေးနှင့် ဆိုလျှင် ၁.၄ ဒေါ်လာ သာ ရှိလာပြီး ရှေ့လျောက် လျော့နည်းသည်ထက် လျော့နည်း လာဖို့သာ ရှိသည်။

 

ကုလ သမဂ္ဂ၏ ခန့်မှန်းချက်များအရ လူဦးရေ တဝက် နီးပါးသည် ဆင်းရဲကြပ်တည်းစွာ နေထိုင် စားသောက် လျက် ရှိနေသည်ဟု ဖေါ်ပြထားသည်။

 

တရုတ် နှင့် နယ်စပ် ကုန်သွယ်ရေး ကို ပြန်လည် စတင်ရန် ညီနောင်သုံးဖေါ်က အဆင်သင့် ဖြစ်နေသော်လည်း တရုတ်ဖက်မှ စစ်ကောင်စီ ၏ တရားဝင် ခွင့်ပြုချက် ကို ရဖို့ လိုနေသေးသည်ဟု အကြောင်းပြန်လာခဲ့ကြောင်း TNLA ပြောခွင့်ရမှ ဆိုသည်။

 

ပို၍ စိုးရိမ်စရာ ကောင်းလာရသည်က မင်းအောင်လှိုင်သည် ထိုသို့ သော အနေအထား ရောက်လာသည့် တိုင် တိုင်းပြည် စီးပွားရေးသည် ဦးမော့လာနေသယောင် ပြောဆိုနေခြင်းပင် ဖြစ်သည်။ စစ်ဗိုလ်ချုပ်များ နှင့် ဝန်ကြီး ဆိုသူတို့ ၏ မျက်နှာ များ တွင်လည်း ၎င်းတို့ကြောင့် လူထုတရပ်လုံး ကြိမ်မီးအုံးသလို ဖြစ်နေရမှု အပေါ် အားနာ သည့် အရိပ်အယောင် မျှပင် မတွေ့ရပဲ အမှန်တရား နှင့် ကင်းလွတ်သော စာရင်းဇယားများ ထုတ်ပြန်ကာ မောက်မာစွာ ပြောချင်ရာ ပြောနေကြဆဲ ဖြစ်နေသည်များကို တွေ့နေရ၍ လူထု အဖို့ အနာဂတ် အတွက် မျှော်လင့်ချက်များ ကုန်ခမ်းလုမတတ် ဖြစ်လာနေပေပြီ။

 

ပြည်သူ တို့၏ ခုခံ တွန်းလှန်စစ် မုချ ‌အောင်ရမည်!!!

 

Illustration - bne IntelliNews