AA နှင့် TNLA တို့၏ ဗျူဟာ အသစ်သည် အနိုင်ရနေပြီလော

by Hla Soewai - Feb 25 2020

(ဘာတေး လစ်တနာ ရေးသည်)

အစိုးရမှ ငြိမ်းချမ်းရေး ကို အားသွန်ခွန်စိုက် ကြိုးပမ်းနေချိန်တွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိထားသော တပ်မတော်အဖို့ ၎င်းတို့မည်သို့မျှ ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း မရှိ သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၏ နည်းဗျူဟာ အသစ် နဲ့ ရင်ဆိုင်နေရပါတယ်။

ယခင် မျိုးဆက်ဟောင်း လက်နက်ကိုင် အဖွဲ့များလို အမြဲတန်း စစ်စခန်းများ၊ ခံတပ်များ
ဖြင့် အကျအန တပ်စွဲထားခြင်းမျိုး မဟုတ်ပဲ အသစ် ပေါ်ပေါက်လာသော လက်နက်ကိုင်
အဖွဲ့များသည် လျှင်မြန်စွာ ရွှေ့ပြောင်းနိုင်မှုကို အခြေပြုပြီး ထိတွေ့ ရှောင်ပြေး ပုံစံကို
ကျင့်သုံးလာနေတဲ့ အတွက် အစဉ်အလာ စခန်းသိမ်းတိုက်ပွဲများကို ဆင်နွှဲခဲ့တဲ့ တပ်
မတော်ရဲ့ နည်းဗျူဟာသည် ထိရောက်မှု မရှိ ဖြစ်နေရပါတယ်။

လက်ရှိ အနေအထားသည် ဗီယက်နမ် စစ်ပွဲအတွင်း အမေရိကန် တပ်များ ရင်ဆိုင်ခဲ့ရ
သည့် အမှောင်ထဲ က ရန်သူ ပုံစံမျိုးနဲ့ အတော်များများ ဆင်တူနေပါတယ်။ အမေရိကန်တို့ တန်ပြန် တိုက်ခိုက်မှုများသည် ရန်သူထက် အရပ်သားများကိုသာ ပိုပြီး အထိနာစေခဲ့ပါတယ်။

ယခင်က နယ်မြေ အမြောက်အမြားကို ခြေကုပ်ယူပြီး ဒေသခံများရဲ့ ထောက်ခံမှု နဲ့အတူ
စစ်အခြေစိုက် စခန်းများနဲ့ အခိုင်အမာ လှုပ်ရှားခဲ့သော လက်နက်ကိုင်များ အပေါ် တပ်မတော်ရဲ့ အားသာခဲ့ရမှုမျိုး ယခုအခါ မရရှိနိုင်တော့တဲ့ အနေအထား ရောက်
လာပါတယ်‌။


ထိုင်းနယ်ခြားတလျောက်တွင် ကာလကြာမြင့်စွာခြေကုပ်ယူထားပြီး မိုးရေး မြစ်ကမ်းပါး
တလျောက် စစ်အခြေစိုက် စခန်းပေါင်းများစွာနဲ့ အတူ အခိုင်အမာ တည်ဆောက်ထားသည့်
စစ်ဌာနချုပ်ကြီး ရှိခဲ့တဲ့ ကေအင်ယူ အဖို့လည်း နောက်ဆုံးမှာ တပ်မတော်ရဲ့ အလွယ်
တကူ ချေမှုန်းခံ ဘဝ ရောက်သွားခဲ့ရပြီး ၁၉၈၀ နှစ်များ အကုန်ပိုင်းနဲ့ ၁၉၉၀ နှစ် အစ
ပိုင်းလောက်မှာ စခန်း တခုပြီး တခု ကျဆုံးသွားခဲ့ရပါတယ်‌။

နိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ ကေအိုင်အေ လည်း မြိုတွေကလွဲလို့ နယ်မြေ အတော်များ
များကို ထိန်းချုပ်ထားပြီး ကိုယ်ပိုင် အုပ်ချုပ်ရေး ရုံးများ၊ စာသင်ကျောင်းများ၊ ဆေးပေးခန်းများ အပါအဝင် စစ်စခန်းများ အခိုင်အမာ တည်ဆောက်ပြီး အုပ်ချုပ်ခဲ့သူများ ဖြစ်ပါတယ်။
စခန်း အတော်များများ ဆုံးရှုံးသွားပြီးတဲ့နောက် ၁၉၉၄ ဖေဖေါ်ဝါရီလမှာ တပ်မတော်
နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးနောက် စစ်ဌာနချုပ်
အသစ်များဖြင့် အခိုင်အမာ အားဖြည့်လာကာ လိုင်ဇာ ဆိုသော မြို့ကိုပင် တည်ထောင်လာ
နိုင်ခဲ့ကြပါတယ်။

တခါတုံးက အင်အား အတောင့်တင်းဆုံးလို့ ပြောနိုင်တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီသည်
လည်း စတုရန်း ကီလိုမီတာ ၂၀,၀၀၀ အထိ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ယခုအခါတော့
ဒီနယ်မြေတွေ အားလုံး ဝ တပ်မတော်လက်ထဲ ကျရောက်သွားခဲ့ရပြီ ဖြစ်ပါတယ်။

ယခုအခါ အသစ် ဖွဲ့စည်း ပေါ်ပေါက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကတော့ ရခိုင်ပြည်နယ် အနောက်ပိုင်းတွင် လှုပ်ရှားနေတဲ့ Arakan Army (AA) နဲ့
ပလောင်တိုင်းရင်းသားများရဲ့ Ta'ang National Liberation Army (TNLA)
တို့ ဖြစ်ပါတယ်။ ဒီနှစ်ဖွဲ့ စလုံးကို ကေအိုင်အေ က လေ့ကျင့်ပေးခဲ့တာ ဖြစ်ပေမယ့် စစ်မြေပြင်မှာတော့ ကေအိုင်အေ နဲ့ မတူတဲ့ နည်းဗျူဟာတွေကို ကျင့်သုံးလာခဲ့တာ ‌တွေ့ရပါတယ်‌။

AA နှင့် TNLA နှစ်ဖွဲ့စလုံးသည် လောလောဆယ်တွင် လျှင်မြန်စွာ ရွေ့လျားနိုင်မှု ကို အဓိကထား လှုပ်ရှားနေကြပြီး နယ်မြေစိုးမိုးမှု ရယူဖို့ မကြိုးစားတာ တွေ့နေရပါတယ်။ ရန်သူကို စိတ်ဓါတ် ပျက်ပြားစေနိုင်တဲ့ပျောက်ကြား စစ်ဆင်ရေး မျိုး နဲ့သာ တိုက်ခိုက်ပြီး ရည်မှန်းချက် အောင်မြင်သည်နှင့်
ပြန်လည် ဆုတ်ခွာသွားကြပါတယ်။

နှစ်ဖွဲ့စလုံးမှာ အမြဲတမ်း စစ်စခန်းရယ်လို့ အခြေတကျ မထားရှိပဲ ပုန်းလျိုးကွယ်လျိုး လှုပ်ရှားလို့ရမယ့် ယာယီစခန်းများမှ တပ်မတော်ကို မထင်မှတ်တဲ့ နေရာများကနေ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြပါတယ်။

AA သည် ယခုအခါ နိုင်ငံတွင်းမှာ အလှုပ်ရှားဆုံးနဲ့ အန္တရာယ် အများဆုံး ပေးနိုင်တဲ့ လက်
နက်ကိုင် အဖွဲ့ ဖြစ်လာနေပါတယ်။ ၎င်းတို့ရဲ့ အမာခံနယ်မြေ များ ရှိရာ ရခိုင်မြောက်ပိုင်း
ဒေသများ ကို ကျော်လွန်ပြီး ရခိုင် ပြည်နယ်နဲ့ ပြည်မကို ဆက်သွယ်ထားတဲ့ အဝေးပြေး
လမ်းမရှိရာ အမ်း မြို့အထိ ခြေဆန့်လာနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဩဂုတ်လထဲမှာပဲ TNLA, AA နဲ့ ကိုးကန့်တပ်ဖွဲ့ ပူးပေါင်းပြီး မန္တလေးနဲ့ ၆၇ ကီလိုမီတာသာ ကွာဝေးသော ပြင်ဦးလွင်ရှိ ကာကွယ်ရေး နည်းပညာ တက္ကသိုလ် ကို တိုက်ခိုက်ခဲ့ကြပါတယ်‌။

TNLA ကို ၂၀၀၉ ခုနှစ်မှာ စတင် ဖွဲ့စည်းပြီး ယခုအခါ လက်နက်ကိုင် အင်အား ၅,၀၀၀ အထိ ရှိနေပြီလို့ ဆိုပါတယ်။ AA ကိုလည်း ထိုနှစ်ထဲမှာပဲ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အင်အား ၃,၀၀၀ ထက် မက ရှိနေပြီလို့ သိရပါတယ်။

အစိုးရတပ်တွေကို ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ရည် ဝနေယုံသာမက စီးပွားရေး လုပ်ငန်းများကိုပါ ထူထောင်ထားကြတဲ့ တိုင်းရင်းသား လက်နက်
ကိုင် "လူဟောင်း" ကြီးများလို မဟုတ်ပဲ TNLA နဲ့ AA ခေါင်းဆောင်များသည် တက်
ကြွလှုပ်ရှားနိုင်စွမ်း ရှိတဲ့ လူငယ်များ လည်း ဖြစ်နေပါတယ်။

TNLA နဲ့ AA နှစ်ဖွဲ့စလုံးသည် ပထမဆုံး တိုက်ပွဲ အတွေ့အကြုံကို ကိုးကန့် တွင် ၂၀၁၅ မှာ MNDAA နဲ့

‌ပေါင်းပြီး တပ်မတော်ကို တိုက်ခိုက်ခဲ့ကြစဉ်က ရရှိလာခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စစ်ဆင်ရေးသည် မြန်မာတပ်မတော် ရဲ့ တိုက်ပွဲများထဲတွင် အပြင်းထန်ဆုံးတခု
အဖြစ် လေ့လာသူများက သုံးသပ်ခဲ့ကြပါတယ်။ တပ်မတော်က လေကြောင်းမှရော၊ လက်နက်ကြီး ပြစ်ကူမှုတွေကို မကြုံစဖူးလောက်တဲ့ အတိုင်းအတာ နဲ့ ချေမှုန်းခဲ့တာကို
တွေ့ခဲ့ကြရလို့ပဲ ဖြစ်ပါတယ်။

AA သည် နောက်ပိုင်းတွင် လက်နက်ကိုင် လှုပ်ရှားမှု အား ၎င်းတို့ဒေသဖြစ်သည့် ရခိုင်
ပြည်နယ်အတွင်းသို့ ရွှေ့လာခဲ့ကြသဖြင့် ဒေသခံ ရခိုင် တိုင်းရင်းသားတို့၏ ထောက်ခံ
မှု ကို ရရှိလာခဲ့ပါတယ်။

AA သည် ၎င်းတို့၏ လူမျိုးစု အမျိုးသားရေး ဝါဒကို ဒီဂျစ်တယ် မီဒီယာ ကို အသုံးချကာ
ပြည်နယ်ပြင်ပတွင် ဝါဒဖြန့်လာနိုင်ခဲ့ပြန်ပါတယ်။ ခေါင်းဆောင်ဖြစ်သူ ထွန်းမြတ်နိုင်
၏ အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြော ဆိုနေသည့် အင်တာနက် ဗီဒီယို ဖိုင်များကို
အများအပြားတွေ့ရပြီး သူ့ကိုယ်သူလည်း စည်းကမ်း‌တကျ ရှိသည့် ပရော်ဖက်ရှင်နယ် စစ်
သားတဦးလို ပုံဖေါ် နိုင်ခဲ့ပြန်ပါတယ်။

AA သည် အရှိန်အဟုန် မြင့်တက်လာနေတဲ့ ရခိုင် အမျိုးသားရေး ဝါဒ ကို အားပြုပြီး ပေါ်
ထွန်းလာခဲ့တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ပေါ်ပေါက်လာနေတဲ့ စစ်ပွဲ အသစ်အတွက် တပ်မတော်ဖက်မှ တုန့်
ပြန်လာမှုကတော့ ချင်းပြည်နယ် တောင်ပိုင်း အပါအဝင် မြို့ ငါး မြို့မှာ အင်တာနက်ကို
ရပ်ဆိုင်းပြစ်လိုက်တာပဲ ဖြစ်ပါတယ်။ လေကြောင်းမှကော လက်နက်ကြီး ပြစ်ကူမှု
များကိုပါ သုံးပြီး တိုက်ခိုက်ဖို့ ကြိုးစားနေပါတယ်။ သို့သော်လည်း မှောင်ရိပ်ခို လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်တာမို့ တိကျသေချာတဲ့ ပြစ်မှတ်ရယ်လို့ မယ်မယ်ရရ မရှိတာကြောင့် ထိရောက်မှု မရှိ ဖြစ်နေရပြန်ပါတယ်။

တပ်မတော် "အဟောင်း" သည် စစ်လက်နက်အင်အား မပြည့်စုံခဲ့သော်ငြားလည်း ကြောက်
မက်ဖွယ် ကောင်းလောက်အောင် အမြဲလို ရွေ့လျားနိုင်တဲ့ ခြေမြန်တပ်ရင်းတွေနဲ့ ဖွဲ့စည်းထားနိုင်ခဲ့ပါတယ်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်း နှစ်ဒါဇင်ကျော်ခန့်
နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရလာခဲ့တဲ့ ၁၉၉၀ နှစ်များ နောက်ပိုင်း
မှာတော့ ပြောင်းလဲသွားခဲ့ရပါတယ်။

ထိုကာလအတွင်းမှာပင် တပ်မတော် အင်အားသည် စစ်သည် နှစ်သိန်းခန့်မှ ယခုလက်ရှိ ငါးသိန်းခန့်အထိ တိုးမြှင့်လာခဲ့ပါတယ်။

မကြာသေးခင်ကပင် တိုက်လေယာဉ် အသစ်များနဲ့ လက်နက်ကြီးများကို တရုတ်မှ ၎င်း၊
ခေတ်မီ လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ရုရှားမှ ၎င်း၊ ထရပ်ကား
ပေါ်မှ ပစ်ခတ်နိုင်သည့် ထိပ်ဖူးမျိုးစုံပါ ရော်ကက် လောင်ချာများကို မြောက်ကိုရီယားမှ ၎င်း၊ အသီးသီး ဝယ်ယူ အားဖြည့်လာခဲ့ပါတယ်။

ထိုသို့ လက်နက် အပြည့်အစုံအပြင် ထပ်မံအင်အား ဖြည့်တင်းစုဆောင်းခဲ့သည့် စစ်သည်
များသည် ကေအိုင်အေ နှင့် အပစ်အခတ်ရပ်စဲရေး များ ပြိုလဲသွားပြီး တိုက်ပွဲများ အသစ်တဖန် ဖြစ်ပွားလာသည့် ၂၀၁၁ အထိ တိုက်ခိုက်ရေး ‌ဖက်တွင် အတွေ့အကြုံ မရှိ သလောက် ဖြစ်လာခဲ့ကြပါတယ်။

ကချင်၊ ရှမ်း နှင့် ရခိုင်ဒေသများတ္ငင် အကျအဆုံးများ လာ ခဲ့သဖြင့် အတွေ့အကြုံမရှိ
သော ခြေလျှင်တပ်များကို ပြန်ရုပ်သိမ်းရန်ဆုံးဖြတ်ခဲ့ပြီး လေကြောင်းနှင့် လက်နက်ကြီး
ပြစ်ကူများကို ပိုပြီး အားထားလာခဲ့ကြပါတယ်။

ယင်းသည် ကေအိုင်အေ တို့အား စစ်ဆင်ရာတွင် ပိုမိုထိရောက်စွာ အသုံးချနိုင်ခဲ့ပါတယ်။
ကေအိုင်အေ စခန်းများသည် အတည်တကျ ရှိနေပြီးသား ဖြစ်နေသော်လည်း ရခိုင်ပြည်နယ်အတွင်း လေကြောင်းပြစ်ကူ၊ လက်နက်ကြီး ပြစ်ကူ နှင့် ရော်ကက် လောင်ချာများ ဖြင့် ပစ်ခတ်နေမှုများသည် AA လက်နက်ကိုင်များထက် အရပ်သားများသာ ထိခိုက် သေကြေ ခဲ့ကြရပါတယ်။

ဥပမာဆိုရက ဖေဖေါ်ဝါရီလလယ်ပိုင်းတွင် ရခိုင်ပြည်နယ်အတ္ငင်း စာသင်ကျောင်း
တကျောင်းအား အမြှောက်ဆံများ လာရောက်ထိမှန်သဖြင့် ကျောင်းသား ၁၉ ဦး ဒဏ်ရာရရှိ
သွားခဲ့ရပါတယ်။ တပ်မတော်နှင့် AA တို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် အရပ်သား တသိန်းခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။

ဖေဖေါ်ဝါရီ ၁၈ ရက်နေ့တွင်လည်း လူကယ်ပြန် ဝန်ကြီး ဦးဝင်းမြတ်အေးနှင့် ရခိုင်ပြည်
နယ် ဝန်ကြီးချုပ် ဦးညီပုတို့ လိုက်ပါလာသော စစ်ရဟတ်ယာဉ်အား ပစ်ခတ် တိုက်ခိုက်ခဲ့ကြ
ရာ အထိအခိုက် မရှိ‌ခဲ့သော်လည်း AAသည် လုံခြုံရေး ကောင်းစွာရယူထားသည့် အစိုးရ အရာရှိကြီးများကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိသည်ကို ပေါ်လွင်စေခဲ့ပါတယ်။

ရှမ်းပြည် မြောက်ပိုင်းတွင်လည်း တပ်မတော်သည် ၎င်းတို့နှင့် NCA လက်မှတ်ထိုးထား
သော RCSS အား ကြားခံအဖြစ် သုံးကာ TNLA ကို တိုက်ခိုက်နေကြပါတယ်။

၂၀၁၅ အတွင်း NCA လက်မှတ်ထိုးပြီး ရက်အနည်းငယ်အကြာမှာပင် ရှမ်းပြည်တောင်
ပိုင်း ထိုင်းနယ်ခြား တလျောက်ရှိ ၎င်းတို့၏တပ် သား ထောင်ပေါင်းများစွာကို ရှမ်းပြည်
မြောက်ပိုင်းသို့ စေလွှတ်နိုင်ခဲ့ခြင်းကြောင့် NCA လက်မှတ်ထိုးခဲ့မှုသည် လူ ရီစရာ ဖြစ်
သွားခဲ့ရပါတယ်။

၁၉၈၀ နှစ်များ ကုန်ပိုင်းနှင့် ၁၉၉၀ နှစ်များ အတွင်း NCA သဘောတူညီချက်ပေါင်း ၂၀
ကျော် လက်မှတ်ထိုးခဲ့ပြီး အချို့လည်း ပျက် ပြားသွားပြန်သဖြင့် တိုင်းရင်းသား နယ်မြေ
များရှိ စစ်မျက်နှာပြင်သည် ရှုပ်ထွေးပြီး သပွတ်အူ လိုက်လာရသည့် အခြေအနေများ
ဖြစ်လာခဲ့ရပြန်ပါတယ်။

လက်ရှိတွင် AA နှင့် TNLA တို့၏ ထိတွေ့ ဆုတ်ပြေး နည်းဗျူဟာဖြင့် တိုက်ခိုက်နေမှုများကြောင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာနေသဖြင့် နိုင်ငံတွင်းရှိ ခနော်နီ ခနော်နဲ့
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ပျက်စီးလု နီးပါး ဖြစ်လာနေပါတယ်။

အစိုးရသည် NCA လက်မှတ်ထိုးထားသူများနှင့် နောက်တကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
များကို ဧပြီလအတွင်း ကျင်းပရန် ညွှန်းဆိုမှုများ ရှိနေသော်လည်း ယင်းသည် နိုင်ငံတွင်း
ရှိ တိုင်းရင်းသား လက်နက်ကိုင် အရည် အတွက်၏ ၂၀% ခန့်သာ ကိုယ်စားပြုနေပြန်
ပါတယ်။

ယခုနှစ် နိုဝင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲကြီး ရှိနေပြန်သဖြင့် အစိုးရသည်
ငြိမ်းချမ်းရေး ရအောင် ကြိုးစား‌‌ နေဆဲ ဆိုသည့် သဘောဖြင့် NCA လက်မှတ်မထိုးရသေးသူများ ပါဝင်လာစေရန် စည်းရုံးဖို့ ရှိနေပါတယ်။

သို့သော်လည်း AA နှင့် TNLA တို့ အဖို့ ၎င်းတို့၏ လျှင်မြန်ဖြတ်လတ်စွာ ရွေ့လျားနိုင်မှု
ဖြင့် တိုက်ပွဲများတွင် အသာစီး ရနေသည်ဟု ရှုမြင်နေသမျှ နိုင်ငံတွင်းရှိ လူမျိုးစု စစ်ပွဲ
များ အဆုံးသတ်သွားရေး ဆိုသည်မှာ အလှမ်းဝေးနေဦးမှာ သာဖြစ်ပါတယ်။

(Asia Times online တွင် ပါရှိသည့် ဘာတေး လစ်တနာ၏ New age rebels
winning the fight in Myanmar ဆောင်းပါးကို ပြန်ဆိုသည်။)