နိုင်ငံသား များ၏ ပြည်ပ ထွက်ခွာခွင့် နှင့် ပြည်တွင်း ဝန်ဆောင်မှု လုပ်ငန်း များ အတွက် ဘိုင်အိုမက်ထရစ် ခေါ် ဇီဝ အချက်အလက် မှတ်တမ်း ကပ် ပြား မရှိမဖြစ် လိုအပ်သည် ဆိုကာ စတင် မှတ်တမ်း ကောက်ယူလာနေပြီ ဖြစ်သည်။ ထိုအကြောင်း အပြည့် အစုံကို ဖေါ်ပြထားသည့် Frontier Myanmar ဆောင်းပါး ကို ပြန်လည် ကောက်နှုတ် တင်ပြလိုက်ပါသည်။
ယခုအခါ နေ့စဉ်လိုလို ရန်ကုန်ရှိ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံးများ ရှေ့တွင် မနက် အာရုံ မတက်မီကပင် လူငယ်အများစု ပါဝင်သော လူတန်းရှည်ကြီး ကို တွေ့လာရသည်။ ဝီရိယ ကောင်းကောင်း ဖြင့် လာရောက် ခဲ့ကြသော်လည်း တနေ့လျှင် လူ ၁၂၀ သာ လက်ခံမည် ဆို၍ လှည့်ပြန်သွားရသူများ က ဒု နှင့် ဒေး ပင် ဖြစ်သည်။
စစ်ကောင်စီ ၏ အမိန့်ဖြင့် အသက် ဆယ်နှစ် ကျော် နိုင်ငံသားမှန်သမျှ ၎င်းတို့၏ လက်ဗွေရာများ၊ မျက်နှာ နှင့် မျက်ဆံ များကို မှတ်တမ်းတင်ခံရရန် လာရောက် တန်းစီ နေကြရခြင်းလည်း ဖြစ်သည်။ အားလုံး၏ စိတ်ထဲတွင် တော့ လောလောဆယ် ၎င်းတို့ အပေါ် ဓါးမိုးထားသလို ဖြစ်နေသည့် စစ်မှုထမ်း ဥပဒေ နှင့် စစ်ကောင်စီ အား ဆန့်ကျင် နေကြသူများ အား ခြေရာခံရာတွင် သုံးလာနိုင်သည်ဟု စိုးရိမ်စိတ်များ ရှိနေကြပြီး လည်း ဖြစ်သည်။
တဖက်တွင်လည်း စစ်ကောင်စီ အမိန့် မနာခံက နိုင်ငံကူး လက်မှတ် လုပ်၍ မရတော့မည့် အရေး နှင့် ဆေးရုံ၊ ဆေးပေးခန်း များ တွင် ပြသခွင့်၊ ကျောင်းအပ်နှံခွင့်၊ လက်ကိုင်ဖုန်း များ အတွက် ဆင်းကပ်များ မှတ်ပုံတင်ခွင့်၊ ဘဏ်ငွေစာရင်း ဖွင့်ခွင့်၊ ယာဉ်မောင်းလိုင်စင် ရရှိရေး၊ အလုပ်သမား ကပ် ရရှိရေး အစရှိသည်တို့ ဆုံးရှုံးသွားရတော့မည် ဖြစ်သည်။
သို့သော်လည်း ကျယ်ပြောလှသည့် လုပ်ငန်းစဉ်များ ဖြစ်၍ မည်သည့် အရာကိုမျှ အဆင်ပြေအောင် စီမံနိုင်စွမ်း မရှိသော စစ်ကောင်စီ ၏ အစဉ်အလာများ ကြောင့် လဒ်ပေးလဒ်ယူ များ နှင့် ကြားပွဲစား များ အတွက် လမ်းဖွင့်ပေးသလိုသာ ဖြစ်သွားပေတော့မည်။ သို့သော် စစ်ကောင်စီ အဖို့က အောက်တိုဘာလ တွင် သန်းကောင်စာရင်း စတင် ကောက်ယူမည် ဟု ရည်မှန်းထားသဖြင့် ခဲတလုံး နှင့် ငှက်နှစ်ကောင် ပစ်နိုင်မည့် အခွင့်အရေး က မက်လောက်စရာ ဖြစ်လာသည်။
ထိုသို့ လူဝင်မှု ရုံးရှေ့တွင် တန်းစီ နေရသူများ အား Unique Identification Number (UIC) ဆိုသည့် ပတ်စ်ပို့ ဆိုက် ဓါတ်ပုံ၊ QR Code၊ အမည် နှင့် ဂဏန်း ဆယ်လုံးပါ မှတ်ပုံတင် နံပတ်၊ အဖ အမည်၊ မွေးသက္ကရာဇ်၊ သွေး အမျိုးအစား၊ ဖုန်းနံပတ် နှင့် လက်ရှိ နေရပ်လိပ်စာ ပါ စာရွက်တရွက်ကိုသာ ယာယီ ထုတ်ပေးမည် ဖြစ်သည်။ ထို့နောက် တာရှည် ခံမည့် ချစ်ပ် ပြား ထည့်သွင်းထားသည့် အမျိုးသား မှတ်ပုံတင် ကပ်ပြား ကို ထပ် ထုတ်ပေးမည်ဟု ဆိုသည်။
သို့သော် ၎င်းတို့ အနေဖြင့် ထိုသို့သော ကပ်ပြား များ နိုင်ငံ အနှံ့ ထုတ်ပေးရန် နည်းပညာ နှင့် ငွေကြေး များ လိုအပ်နေ၍ အဆောတလျှင် ဖြစ်လာနိုင်ဖွယ် မရှိဟု လေ့လာသူများက သံသယ ရှိနေကြသည်။ ယမန်နှစ် အောက်တိုဘာလ တွင် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန မှ ဘိုင်အို မက်ထရစ် အချက်အလက်များ နှင့် UIC စာရွက်အား လူပေါင်း ၂.၂ သန်း ကို ထုတ်ပေးပြီး ဖြစ်သည်ဟု ဆိုသည်။
UIC ကပ် ရရှိရန် လာရောက် ကြသူများ သည် နိုင်ငံသား စီစစ်ရေး ကပ်၊ အိမ်ထောင်စုစာရင်း စာရွက်များ ယူလာရမည် ဖြစ်ပြီး ပထမဦးဆုံး ကိုယ်ရေး အချက်အလက် ဖေါင် ဖြည့်ရမည် ဖြစ်သည်၊ ပြီးလျှင် ဖြည့်ထားသော အချက်အလက်များကို လဝက အရာရှိက ကွန်ပြူတာ နှင့် တိုက်ဆိုင် စစ်ဆေးပြီး မှန်ကန်ပါက ဘိုင်အိုမက်ထရစ် အချက်အလက် ယူရန် ထပ်၍ တန်းစီ ရပြန်သည်၊ အဆိုပါ လုပ်ငန်းစဉ်သည် သာမန်ဆိုလျှင် လွယ်ကူသယောင် ရှိသော်လည်း မည်သို့မျှ ယုံကြည်စိတ်ချ၍ မရ သော လဝက ရုံး ၏ မှတ်တမ်း မှတ်ရာ ထည့်သွင်း ထိန်းသိမ်း နိုင်မှု ပေါ် မူတည်၍ ကြန့်ကြာသွားဖို့ ရှိနေသည်။
အချက်အလက် တိုက်ဆိုင်မှု မရှိက ပြန်လည် ပြင်ဆင်ဖို့ နောက်ထပ် အနည်းဆုံး တလ ခန့် စောင့်ဆိုင်းခဲ့ရသည်ဟု ကိုယ်တွေ့ကြုံသူများက ပြောပြခဲ့ကြသည်။ ထိုအခါ တွင်တော့ ကြားပွဲစားများ အလုပ် ဖြစ်လာကြသည်။
စစ်ကောင်စီ သည် စစ်ထဲဆွဲသွင်းနိုင်ရန် သတ်မှတ်ချက်များ နှင့် ပြည့်စုံသူများ စာရင်းကို မြို့နယ် တိုင်း လိုက်လံကောက်ယူနေပြီ ဖြစ်၍ ထိုင်းဖက်သို့ တရားမဝင် တိမ်းရှောင်သူများ များသည်ထက် များလာနေသည်ဟု ဆိုသည်။
စစ်ကောင်စီသည် စမတ်ကပ်များ ထုတ်ပေး နိုင်ရန် အိန္ဒိယ နှင့် တရုတ် တို့ ထံ အကူအညီ တောင်းထားသော်လည်း ထိထိရောက်ရောက် အကူအညီ ပေးမည် မပေးမည် ဆိုသည်က ရှင်းလင်းစွာ မသိရသေးဟု ဆောင်းပါး တွင် ဖေါ်ပြထားသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!