ဆိုက်ဘာ လူလိမ်ဂိုဏ်များ ၏ ဗဟိုချက်မ တွင် ရှိနေသော စောချစ်သူ အဖွဲ့ အကြောင်း အစီရင်ခံစာ ထွက်ရှိ

by Hla Soewai - May 23 2024

နယ်ခြားစောင့် တပ်ဖွဲ့ ဟု အမည်ပေးထားသော စောချစ်သူ ဦးဆောင်သည့် လက်နက်ကိုင် အဖွဲ့သည် တရားမဝင် ကာဆီနို ဝိုင်းများ၊ အွန်လိုင်း လူလိမ်ဂိုဏ်းများ အခြေပြုရာ ကွန်ယက်များ၏ အချက်အခြာ အဖြစ် အွန်လိုင်းမှ တဆင့် ငွေများ လိမ်လည်နိုင်ရန် လူများ အား လှည့်ဖျား ခိုင်းစေလျက် ရှိသည် အစရှိသဖြင့် ၎င်းတို့၏ ရာဇဝတ်မှု များ နှင့် မကင်းရာ မကင်းကြောင်း လုပ်ငန်း အသေးစိတ်အား Justice for Myanmar (JFM) အဖွဲ့၏ ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာ တွင် အသေးစိတ် ပါရှိလာခဲ့သည်။

 

အဆိုပါ အစီရင်ခံစာထဲတွင် ၎င်းတို့ နှင့် ဆက်နွယ်နေသော ဆောက်လုပ်ရေး၊ သတ္တုတူးဖေါ်ရေး နှင့် စွမ်းအင် အစရှိသည့် လုပ်ငန်းများ တွင် ပါဝင် ပတ်သက်နေသူများအား ရုပ်ပုံ ကားချပ် များ နှင့် အသေးစိတ် ‌ဖေါ်ပြထားပြီး ဆက်လက် လေ့လာလိုသူများ အနေဖြင့် JFM ဝက်ဆိုဒ်တွင် ဖတ်ရှုနိုင်သည်။ 

 

ထို့အတွက် BGF ခေါ် နယ်ခြားစောင့် တပ်ဖွဲ့အား ဘက်ပေါင်းစုံ မှ အပြည့်အဝ ပိတ်ဆို့ ဒဏ်ခတ်ရန် တောင်းဆိုထားသည်။ “တရားမဝင် အာဏာရယူထားသော စစ်ဗိုလ်ချုပ်များသည် ၎င်းတို့ အား အကာအကွယ် ပေးထား ယုံမက အကျိုးအမြတ်များလည်း ရရှိနေ၍ ပြည်သူများ အပေါ် ဆက်၍ စစ်ခင်းနေနိုင်ခြင်း လည်း ဖြစ်သည်ဟု JFM ၏ ပြောခွင့်ရ ဒေါ်ရတနာမောင်၏ ထုတ်ပြန်ချက် ထဲတွင် ပါရှိလာခဲ့သည်။ BGF သည် ရွှေကုက္ကိုလ် စီမံကိန်း မှ နှစ်စဉ် ရရှိသော ဒေါ်လာ ၁၉၂ သန်းထဲမှ တဝက်အား စစ်တပ်အား ခွဲဝေပေးရသည်၊

 

လက်ရှိတွင် ဗြိတိန်မှ BGF ခေါင်းဆောင် ဗိုလ်မှုးကြီး စောချစ်သူ ခေါ် စံမြင့် နှင့် စောမင်းမင်းဦး တို့အား ဒဏ်ခတ် အရေးယူ ထား ပြီး ဖြစ်သည်။ စောမင်းမင်းဦးသည် ယခင် DKBA မှ တပ်မှုး တဦး ဖြစ်ပြီး ယခုအခါ BGF ကုမ္ပဏီများ၏ ရှယ်ယာများ ပိုင်ဆိုင်ထားပြီး စီမံခန့်ခွဲ လုပ်ကိုင်ပေးနေသူ ဖြစ်သည်။

 

စောချစ်သူ ၏ မိသားစု ဝင်များသည် BGF ပိုင် လုပ်ငန်း (၆) ခု အား ထိန်းချုပ်ထားကြသည်။ စောချစ်သူ ခေါ် စံမြင့် တွင် သား နှစ်ယောက်၊ သမီး တယောက် ရှိပြီး အားလုံးသည်လည်း ၎င်း၏ လုပ်ငန်းများအား ထဲထဲဝင်ဝင် စီမံခန့်ခွဲ လုပ်ကိုင်နေကြသည်။ သားများသည် BGF တွင် ဗိုလ်မှုး ရာထူး များ ရယူထားကြသည်။

 

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆန် ဝာာဝါ မှ BGF ထိန်းချုပ်ထားသော ဝင်းအတွင်း ဝင်ရောက်လုပ်ကိုင်နေသော တရုတ် နိုင်ငံသားများ၏ ဝင်ငွေသည် တနှစ်လျှင် ဒေါ်လာ ၃.၈ ဘီလီယံ ရှိနေပြီး ထိုအထဲမှ BGF သည် သန်း ၇၀၀ ခန့် ရရှိနေဖွယ် ရှိသည်ဟု ဆိုသည်။ 

 

ထိုအထဲတွင် နာမည်ဆိုး ဖြင့် ကျော်ဇောနေသည်က ရွှေကုက္ကူ ရှိ ယာတိုင်း မြို့သစ် ဖြစ်ပြီး ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြုပ်နှံထားပြီး တရားမဝင် ကာဆီနို လောင်းကစားဝိုင်းများ၊ အွန်လိုင်း လိမ်လည်မှုများ၏ ဗဟိုချက်မ ဖြစ်သည်ဟု JFM အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ယင်းအား ဦးစီးဦးဆောင် ပြုနေသူ သည် She Zhijiang ဖြစ်ပြီး ကမ္ဘောဒီယား နိုင်ငံသား တရုတ် အမျိုးသား ဖြစ်သည်၊ ၎င်းသည် ယခုအခါ ထိုင်း တွင် အကျဉ်းကျနေပြီး တရုတ်သို့ ပြန့်ပို့ခံရန် စောင့်ဆိုင်းနေသည်။ လူထောင်ပေါင်း များစွာလည်း ၎င်း၏ ယာတိုင်း သို့ လာရောက် အလုပ်လုပ်ရန် သွေးဆောင် ဖျားယောင်းခြင်း ခံခဲ့ရပြီး ဖြစ်သည်။ ရောက်လာသည့် လူများ အား အကျဉ်းချ နှိပ်စက် ပြီး အတင်းအကျပ် စေခိုင်းခံရပြီး အမျိုးသမီးများ ဖြစ်က လိင်ဖျော်ဖြေရေး လုပ်ငန်းများထဲ သွတ်သွင်း ခံခဲ့ရသည်။

 

အဆိုပါ ကုမ္ပဏီ၏ လုပ်ငန်းများအား ၂၀၁၈ တွင် မြန်မာ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ထံမှ တန်ဖိုးကြီး စံအိမ်များ ဆောက်လုပ် ရင်းနှီး မြုပ်နှံရန် ဒေါ်လာ ၂၂.၅ သန်း ဖြင့် ခွင့်ပြုချက် ရရှိခဲ့သည်။ ယင်း မှတ်တမ်းမှတ်ရာ များကို စစ်တပ် အာဏာမသိမ်းမီ JFM က ထုတ်ယူ ကြည့်ရှုနိုင်ခဲ့သည်။ ထိုသို့ ခွင့်ပြုချက် ရရှိရန် She Zhijiang နှင့် စောမင်းမင်းဦးတို့မှ ပူးတွဲ လျှောက်ထားခဲ့ခြင်းလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!