ရက္ခိတ တပ်တော် အရေးတကြီး ဖြေရှင်းရမည့် ပြဿနာ

by Hla Soewai - May 23 2024

ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများ ပြင်းထန်လာနေပြီး ရက္ခိတ တပ် သည် ဘူသီးတောင် မြို့လယ်တွင် အလံလွှင့်ထူ နိုင်ခဲ့ခြင်းဖြင့် စစ်ကောင်စီ အား ထပ်၍ အလဲထိုး နိုင်ခဲ့ပြန်သည်။

 

သို့သော် မြို့တွင်း မီးတင်ရှို့ ခံခဲ့ရ၍ ပြာပုံ နီးနီး ဖြစ်ကျန်ခဲ့မှု နှင့် အတူ ရိုဟင်ဂျာ တသိန်းခန့်သည် ပြေးစရာ မြေမရှိ ဖြစ်လာနေသည့် သတင်းများသည် နိုင်ငံတကာ သတင်း စာမျက်နှာ များ တွင် နေရာယူလာပြီ ဖြစ်သည်။

 

ထို့အတွက် AA သည် စစ်ရေး တွင် အောင်ပွဲရလာမှု နှင့် အတူ ဖြေရှင်းရမည့် ပြဿနာ များ ထွက်ပေါ်လာနေပြီ ဖြစ်သည်၊ ထိုအရေး ကို သေချာစွာ ကိုင်တွယ် နိုင်ခြင်း မရှိက နိုင်ငံတကာ၏ အမြင် မကြည်လင် မှု နှင့် အတူ AA ၏ ကွန်ဖဒေးရှင်း အိမ်မက်များ ထိခိုက်သွားနိုင်ဖွယ် ရှိနေသည်။

 

စစ်တပ်သည် မြို့ရွာ များကို မီးတင်ရှို့တတ်သည် ဆိုသော နာမည် ဆိုးဖြင့် ကျော်ကြားနေ၍ ခံသာသော်လည်း နောက်ပိုင်းတွင် ရိုဟင်ဂျာ အရေး နှင့် ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက စစ်တပ် နှင့် တတန်းစားထဲ ရှူမြင် ခံရမည့် အရေး နှင့် ကြုံလာရနိုင်သည်။

 

တနင်္ဂနွေ နေ့ ည တွင် ကုလ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ‌ဗော်ကာ တပ်ခ် မှ နှစ်ဖက်စလုံး အပစ်အခတ် ရပ်စဲပြီး လူသားချင်းစာနာသည့် အကူအညီများ ပေးနိုင်ရန် လမ်းဖွင့်ပေးဖို ကြေညာချက် ထုတ်ပြန် တောင်းဆိုလာခဲ့သည်။ အထူးသဖြင့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ရမှု အတွက် စိုးရိမ်မကင်း ဖြစ်ရကြောင်းလည်း ကြေညာချက်တွင် ပါရှိလာခဲ့သည်။

 

၎င်းက ရိုဟင်ဂျာ များ နှင့် ရခိုင်တိုင်းရင်းသားများ အကြား လူမျိုးရေး တင်းမာမှု များ ဖြစ်သည်ထက် ဖြစ်လာရန် စစ်တပ်က သွေးထိုးလှုံ့ဆော်ထားပြီး ဖြစ်၍လည်း နောက်ထပ် အကြမ်းဖက်မှု များ ဖြစ်လာနိုင်သည့် အန္တရာယ် ကြီး နှင့် ကြုံရတော့မည့် အလွန် စိုးရိမ်ဖွယ်ရာ ကောင်းသည့် အချိန်လည်း ဖြစ်သည်ဟု ဆိုသည်။

 

ရက္ခိတ တပ်တော်သည် ယခုအခါ ပလက်ဝ နှင့် မြို့ပေါင်း ၇ မြို့၊ စစ်စခန်းပေါင်း ၁၈၀ ခန့်အား ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

 

ရခိုင်မြောက်ပိုင်းရှိ ကုလ အေဂျင်စီများ အပါအဝင် ကယ်ဆယ်ရေး အဖွဲ့များလည်း ထွက်ခွာကုန်ကြပြီ ဖြစ်သည်ဟု သိရသည်။

 

ဘူသီးတောင် မီးရှို့ခံရမှု နှင့် ပတ်သက်ပြီး AA တပ်များ၏ လက်ချက် ဖြစ်သည်ဟု လွတ်လပ်သော ရိုဟင်ဂျာ ညွှန်ပေါင်း အဖွဲ့ မှ မျက်မြင်သက်သေ များ ရှိကြောင်း ‌စွပ်စွဲလာခဲ့သည်။ လွတ်ရာ လွတ်ကြောင်း အဖြစ် မောင်းတောသို့ ထွက်ပြေးလာသူများအား AA က ပိတ်ဆို့ထားသည်ဟု ဆိုသည်။ ယခုအခါ AA သည် မောင်းတောကို အပြင်းအထန် ထိုးစစ်ဆင်နေပြီး မောင်းတော ကို သိမ်းနိုင်ခဲ့လျှင် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ထိန်းချုပ် နိုင်တော့မည် ဖြစ်သည်။

 

AA ပြောခွင့်ရ ဦးခိုင်သုခ မှ အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး မိမိတပ်များမှ မူဆလင်များကို အကူအညီ ပေးနေသည်ဟု ပြောသည်။ စစ်လေယာဉ်များ နှင့် ၎င်းတို့နှင့် မဟာမိတ် ပြုထားသော မူဆလင် သောင်းကျန်းသူများက ဘူသီးတောင် အား မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

AA သည် ဘူသီးတောင် အား မသိမ်းပိုက်မီ တရက် အလိုတွင် မြို့တွင်း နေသူ များ ထွက်ခွာကြရန် သတိပေးထားခဲ့သည်။

 

မိမိတို့သည် လူမျိုး ဘာသာ မခွဲခြားပဲ ရခိုင်တွင် နေထိုင်သူများ အားလုံးကို တပြေးညီ ကာကွယ် စောင့်ရှောက်သွားမည်ဟု ဆိုရှယ်မီဒီယာမှ တဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော် မကြာသေမီးက AA ခေါင်းဆောင်ပိုင်းမှ ရိုဟင်ဂျာများ နှင့် ပတ်သက်၍ တင်းတင်းမာမာ ပြောဆိုမှု များ ရှိခဲ့ပြီး စစ်တပ် နှင့် ပူးပေါင်းပြီး ရခိုင်လူမျိုးများကို သစ္စာဖေါက်ခဲ့သည်ဟု စွပ်စွဲခဲ့ကြောင်း နစ်ကီ အေးရှား ရီဗြူး တွင် ဖေါ်ပြထားသည်။ 

 

မြန်မာ အရေး အထူး အကြံပေး ကောင်စီ အဖွဲ့ဝင် ယန်ဟီလီး မှ AA သည် ရိုဟင်ဂျာများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ယုံကြည်ရသော သတင်း အချက်အလက်များ ရရှိထားပြီး ဖြစ်သည်ဟု ပြောကြောင်း အယ်ဂျာဇီယား သတင်းက ဆိုသည်။

 

ထိုသို့ အပြောများက AA အတွက် မည်သို့မျှ အကျိူးများလာဖို့ မရှိနိုင်ပေ။ နောက်ပိုင်း နိုင်ငံတကာ တရားရုံး များ တွင် စစ်ဗိုလ်ချုပ်များ နှင့် အတူ ထပ်တိုး တရားခံများ အဖြစ် ရင်ဆိုင်ရနိုင်သည့် အလားအလာ များ အထိ ဖြစ်လာနိုင်သည်။

 

မြန်မာ စစ်တပ်မှ ရိုဟင်ဂျာ လူငယ်များ အား အသက် ၁၄ နှစ် အရွယ်ပါ မကျန် အတင်းအဓမ္မ စစ်ထဲ ဆွဲသွင်းနေသည့် သက်သေ အထောက်အထားများလည်း အတိအကျ ရရှိထားသည်ဟု နစ်ကီ သတင်းတွင် ဖေါ်ပြထားသည်။

 

ဘူသီးတောင် မြို့အား မီးမြိုက်ခဲ့မှု အပေါ် အပြည့်အဝ စုံစမ်း အရေးယူပေးရန် အမျိုးသား ညီညွတ်ရေး အစိုးရ လူ့အခွင့် အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက တောင်းဆိုလိုက်သည်။

 

AA မှ ကူမင်းဆွေးနွေးပွဲတွင် တပ်များအားလုံး ရခိုင် ပြည်နယ်မှ ရုပ်သိမ်းသွားရန် စစ်ကောင်စီ အား တောင်းဆိုမှု နှင့် အတူ ဆွေးနွေးပွဲ ရပ်ဆိုင်းသွားခဲ့ပြီး ဖြစ်သည်။

 

နောက်ထပ် စစ်ရေး သတင်းတရပ် အဖြစ် ကေအင်ယူ၏ တပ်မဟာ (၆) နယ်မြေ ကော့ကရိတ် အနီးရှိ စစ်ကောင်စီ ၏ ခမရ ၅၅၈၊ ခမရ ၅၆၁ နှင့် ခမရ ၉၉၃ မှ အင်အား ၁၀၀ ခန့်ရှိ ပူချီမူး စစ်စခန်းအား တော်လှန်ရေး ပူးပေါင်းတပ်များက လပေါင်းများစွာ ပိတ်ဆို့ထားခဲ့ပြီးနောက် သောကြာနေ့က အပြီးအပိုင် တိုက်ခိုက် သိမ်းပိုက်နိုင်လိုက်ပြီဟု သိရသည်။

 

ချင်းအမျိုးသား တပ်ဦး မှ တွန်းဇံ မြို့အနီးရှိ ကျီခါး မြို့ငယ်အား သိမ်းပိုက်နိုင်ခဲ့ပြီး တွန်းဇံ ကို ဆက်လက် ထိုးစစ်ဆင်လျက် ရှိနေပြီး စစ်တပ်မှ လည်း လေကြောင်းမှ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေသည်ဟု သတင်းများက ဆိုသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!