စစ်ကောင်စီ၏ Do or Die ထိုးစစ်ကြီး

by Hla Soewai - May 21 2024

ရက္ခိုင်တပ်တော် အေအေ မှ ယမန်နေ့က ထုတ်ပြန်လိုက်သော ဗီဒီယို ဖိုင် တွင် စစ်တွေ နှင့် ကီလိုမီတာ ၉၀ အကွာ တွင် ရှိ ဘူးသီးတောင် ဒေသ စစ်ဆင်ရေး ကွပ်ကွဲမှု တပ်မ ဌာနချုပ် အမှတ် (၁၅) အား အောင်မြင်စွာ တိုက်ခိုက် သိမ်းယူ နိုင်ခဲ့မှု နှင့် အတူ မင်းအောင်လှိုင် သစ္စာခံ တပ်များ ရာနှင့် ချီ ၍ လက်နက် ချသည့် မြင်ကွင်း များ ပါဝင်လာခဲ့သည်။ (ပုံတွင် တွေ့နိုင်သည်)

 

ဘူသီးတောင်ရှိ စကစ ၁၅ ဒုတပ်မမှုး အပါအဝင် တပ်ဖွဲ့ဝင် ရာချီ ပြီး လက်နက်ချခဲ့ရာတွင် စစ်ယူနီဖောင်းများ ဝတ်ဆင်ထားသူ၊ ဘောင်းဘီတို တီရှပ် နှင့် ခြေညှပ်ဖိနပ် ပင် မပါသော လူတန်းရှည်ကြီး ကွင်းပြင် တခုသို့ ဖြတ် လျှောက်လာနေပုံ၊ အချို့ပုံများ တွင် အိမ်ထောင်သည် အမျိုးသမီးများ၊ ကလေးများ ပါ တွေ့ရပုံ၊ ထမ်းစင်များ ဖြင့် ဒဏ်ရာရသူများ သယ်လာပုံ များ တွေ့နေရသည့် ဗီဒီယို ဖိုင်သည် ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

 

အဆိုပါ ဗီဒီယို ဖိုင်သည် နိုင်ငံတကာ သတင်းဌာန များသို့ ပျံ့နှံ့သွား ခဲ့သည်၊ မြဝတီ နယ်စပ် မြို့အား ပြန်လည် သိမ်းပိုက် ရန် တရွေ့ရွေ့ နှင့် ရှေ့သို့ တိုးလာနေသော စစ်ကြောင်းများ အတွက်လည်း ထိုသတင်းဖြင့် စိတ်ဓါတ်ရေးရာ အရ အကြီးအကျယ် ထိုးနှက်ခံခဲ့ရပြန်သည်။

 

သို့သော် စစ်ကောင်စီ သည် ၎င်းတို့ အတွက် ဂုဏ်သိက္ခာအရရော၊ ဝင်ငွေလည်း ဖြောင့်နေသော မြဝတီ နယ်စပ် စခန်း အား မရမက ပြန်သိမ်း နိုင်ရန် သာ အာရုံစိုက်လျက် ရှိနေသည်။

 

အဆိုပါ စစ်ဆင်ရေး နှင့် ပတ်သက်၍ ပြည်ပမှ စစ်ရေး လေ့လာသူ အန်သနီ ဒေးဗီးစ်က အေးရှားတိုင်းမ် စာစောင်တွင် အင်အား ချိနဲ့လာနေသော စစ်ကောင်စီ၏ Do or Die ထိုးစစ် ခေါင်းစဉ်ဖြင့် ယခုလို သုံးသပ်လာခဲ့သည်။

 

ခြောက်လနီးပါး အရှုံးများ နှင့် ဆက်တိုက်ရင်ဆိုင်လာခဲ့ရသော မြန်မာ စစ်တပ်သည် အောင်မြင်မည်လော၊ ကျရှုံးမည်လော ဟု ရေရေရာရာ မသိနိုင်သော ၎င်းတို့ အတွက် အရင်းအနှီးများလှသည့် ထိုးစစ်ကြီးကို မဖြစ် ဖြစ်အောင် ဆင်နွှဲလာခဲ့သည်။ ယင်းသည် ဆယ်စုနှစ် များစွာ အတွင်း စစ်တပ် ၏ အကြီးမား ဆုံး ထိုးစစ်ကြီးဟု လည်း ပြော၍ရပေသည်။ သို့သော်လည်း လွတ်လပ်ရေး ရပြီး ချိန်မှစ၍ စစ်တပ်အတွက် အဆိုးဝါးဆုံး ကံကြမ္မာ နှင့် ကြုံနေရသော အချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။

 

စောချစ်သူ ဦးဆောင်သော နယ်ခြား ကာကွယ်ရေး တပ်ဖွဲ့ နှင့် လည်း ဆက်ဆံရေး မဆင်မပြေ ဖြစ်လာနေသည်၊ စောချစ်သူ သည် နယ်ခြား ကာကွယ်ရေး တပ် ဖွဲ့ မှ ကရင် အမျိုးသား တပ်အဖြစ် အမည်ပြောင်းလိုက်သော်လည်း အဓိက အားဖြင့် ထိုဒေသ ရှိ ကာဆီနိုများ နှင့် တရုတ် မာဖီယားများ ဦးစီးနေသော အွန်လိုင်း ငွေလိမ် ဂိုဏ်းများမှ ရနေသော အကျိုး အမြတ်များကို ဆက်၍ ကာကွယ်သွားနိုင်ရန် အတွက် ဖြစ်သည်။

 

ယခု အောင်ဇေယျ ဟု အမည်ပေးထားသော နိုင်ငံတော် အဆင့် ထိုးစစ်ကြီးသည် ကျဆင်းလာနေသော စစ်တပ်၏ စွမ်းဆောင်ရည် နှင့် ဆက်၍ ရှင်သန် နိုင်ဦးမည်လော ဆိုသည်အား အပြီးသတ် တိုင်းတာ နိုင်မည့် ပွဲလည်း ဖြစ်သည်။

 

စစ်ဆင်ရေး၏ ကနဦး ရည်မှန်းချက် ကော့ကရိတ် နှင့် ဂျိုင်းမြစ် ကမ်းရှိ မွန် တော်လှန်ရေး အဖွဲ့များ လက် ကျရောက်သွားသည့် ကော့ဘိန်း စခန်းအား ပြန်လည် သိမ်းပိုက် နိုင်ရန် ဖြစ်သည်။ ကော့ဘိန်း စခန်းသည် မော်လမြိုင် နှင့် ကီလိုမီတာ ၃၀ သာ ဝေး၍ လွန်စွာမှ အန္တရာယ်ပေးနိုင်သော စခန်းလည်း ဖြစ်နေသည်။

 

ကော့ဘိန်းစခန်း အား ကြည်းတပ်၊ ရေတပ် ပေါင်း၍ ဧပြီ ၂၅ ရက်နေ့တွင် ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီး ကော့ကရိတ်အားလည်း အခိုင်အမာ ထိန်းချုပ်နိုင်ခဲ့သည်။ ယခုအခါ ဒေါန တောင်တန်း တဖက်ရှိ ကြားနေသည် ဆိုသော အခွင့်အရေးသမား စောချစ်သူ လက်ထဲ ရောက်နေသော မြဝတီ အား ပြန်လည် သိမ်းယူရန် ဦးတည်လာခဲ့သည်။

 

ထိုစစ်ဆင်ရေး အား စစ်ကောင်စီ ၏ ဒု ခေါင်းဆောင် စိုးဝင်း ကိုယ်တိုင် ကြီးကြပ်နေ၍ ၎င်းတို့ အတွက် မည်မျှ အထိ အရေးကြီး နေကြောင်း ပေါ်လွင်နေပြီး စစ်အင်အား ကိုလည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များ အပြင် အခြား ဒေသများမှ လည်း ထုတ်နှုတ် အသုံးပြုလာခဲ့သည်။ ရှမ်းပြည်တောင်ပိုင်းရှိ တပ်မ ၅၅၊ ဖားအံ အခြေစိုက် တပ်မ ၂၂ နှင့် သထုံရှိ တပ်မ ၄၄ တို့မှ တပ်များ ပါဝင်လာခဲ့သည်။

 

ကော့ကရိတ် ရှိ အင်အား ချိနဲ့နေပြီ ဖြစ်သော စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် (၁၂) မှ တပ်ကြွင်းတပ်ကျန် များလည်း ပါဝင်လာဖွယ် ရှိနေသည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံ အပြည့် တပ်ရင်း ကိုးရင်းစာ (အင်အား ၁၀၀၀ မှ ၁၃၀၀ ထိ ရှိနိုင်သည်။)

 

မော်လမြိုင်ရှိ သံချပ်ကာ တပ်ရင်း မှ ယူကရိန်းလုပ် BTR-3U အမျိုးအစား စစ်သည်တင် သံချပ်ကာ ကား အစီး ၂၀၊ ရုရှားလုပ် BRDM ကင်းထောက်ကား အချို့၊ ထရပ်ကားပေါ်တင် ၍ တပြိုင်တည်း ၄၀ ကီလိုမီတာ အကွာအဝေး ထိ ပစ်ခတ်၍ ရသော မြောက်ကိုရီယား စတိုင် ၁၂၀ နှင့် ၂၄၀ မမ Multiple Launch Rocket System (MLRS) လက်နက်ကြီးများ သယ်ဆောင်လာသည်။ 

 

လေတပ်မှလည်း ရုရှားလုပ် Yak-130 အပေါ့စား တိုက်လေယာဉ်များ၊ MI-35 ဟိုင်း တိုက်ခိုက်‌ရေး ရဟတ်ယာဉ် များ၊ Mig-29၊ စက် ချို့ယွင်းမှု ကြောင့် ရပ်နားထားရသော တရုတ်-ပါကစ္စတန် လုပ် JF-17 တိုက်လေယာဉ်များ ပါ မကျန် ထုတ်နှုတ် အသုံးပြုလာသည်။ နောက်ဆုံး ကြံရာမရ ဖြစ်လာသည့် လက္ခဏ အဖြစ် တရုတ်လုပ် စက်နှလုံး တပ် Harbin Y-12 ‌ပို့ဆောင်ရေး အမျိုးအစား လေယာဉ်ကိုပါ တံခါးမှနေ၍ ၈၂ နှင့် ၁၂၀ မမ မော်တာ အမြှောက်ဆန်များ အောက်သို့် လက်နှင့် ကိုင် ပစ်ချနိုင်ရန် အတွက်ပါ ထည့်သွင်းလာခဲ့သည်။

 

ထိုစစ်ဆင်ရေး ၏ ဒုတိယ မှတ်သားစရာ ကောင်းသည်က နှေးကွေးစွာ ရွေ့ရှားနေရခြင်းပင် ဖြစ်သည်။ ဒေါန တောင်ခြေသို့ စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ချည်းကပ်လာခဲ့သည်။ ပထမ စစ်ကြောင်းသည် ၂၀၁၅ တွင် အပြီးသတ်ခဲ့သော အာရှ အဝေးပြေး လမ်းမကြီးမှ ဖြစ်ပြီး၊ ဒုတိယ စစ်ကြောင်းသည် တောတောင်များကို ဖြတ်၍ ဖေါက်လုပ်ထားသော လမ်းကြမ်းမှ ဖြစ်သည်။ အဆိုပါ လမ်းကြမ်းသည် ခြေလျင်တပ်များ အတွက် မည်မျှ အထိ အသုံးဝင်မည် ဆိုသည်ကား စောင့်ကြည့်ရဖို့ ရှိနေသည်။ နှစ်ပတ်ကြာပြီး နောက် တွင်ပင် လမ်းတဝက် ဖြစ်သော တောနော ရေတံခွန် အနီး သို့သာ ရောက်လာနိုင်သည်ဟု သတင်းများက ဆိုသည်။

 

ယခုထိ စစ်တပ် သည် ဆက်တိုက် ဆိုသလို နိုင်ငံ အနှံ့အပြား တွင် အရေးနိမ့်လာနေ၍ စိတ်ဓါတ် အင်အား ချွတ်ခြုံကျနေပြီ ဖြစ်သော တပ်များကို အသုံးပြု တိုက်ခိုက်နေရပြီ ဖြစ်သည်။

 

လက်နက်လူသူ အင်အား အကြီးအကျယ် ထုတ်နှုတ် အသုံးပြုလာသော်လည်း သုံးပတ်အတွင်း စစ်ကောင်စီ ဖက်မှ သေဆုံး ဒဏ်ရာရသူ ၃၀၀ ခန့် ရှိနေသည်မှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။ အာဏာမသိမ်းမီကတည်းက မင်းအောင်လှိုင် တတွတ်တွတ် ပြောနေသည့် စတန်းဒတ် အာမီ ဆိုသည့် အဆင့်သို့လည်း အနားသို့ပင် မကပ်နိုင်သေးသည်မှာလည်း စစ်တပ်အတွက် နောက်ထပ် စိန်ခေါ်မှု ကြီး ဖြစ်လာခဲ့သည်။

 

စစ်တပ်၏ သမိုင်းတလျှောက်တွင် ခြေမြန်တပ်များ ဖြင့် နယ်မြေ ရှင်းလင်းရေး ဆိုသည့် စစ်ဆင်ရေး များကို သာ ဆင်နွှဲခဲ့ပြီး၊ အများအားဖြင့် ပေါ်တာများ၊ လားများ ဖြင့် သယ်ဆောင်လာသည့် လက်နက်ကြီးများကိုသာ အားပြုခဲ့ရသည်ကများသည်။

 

အများ အထင်ကြီးအောင် ခေတ်မီ လက်နက်ကြီးများ ထည့်သွင်း ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင်မှု များသည်လည်း မြေပြန့်ဒေသများတွင်သာ ဖြစ်၍ တောတောင်ထူထပ်သော ကရင်ပြည်နယ်အတွက် အသုံးမတည့်လှပေ။

 

အောင်ဇေယျ စစ်ဆင်ရေး တွင် ထူးထူးခြားခြား ကွယ်ပျောက်နေသည်က တိုက်ပွဲဝင် တင့်ကား Main Battle Tanks (MBTs) များပင် ဖြစ်သည်။

 

တတိယ ပြဿနာ တခုက မိုးရာသီ နား ချည်းကပ်လာနေ၍ မိုးတိမ်များ နိမ့်ဆင်း ထူထပ်လာနေသဖြင့် လေကြောင်းပစ်ကူ၊ ထောက်ပို့ နှင့် လမ်းကြမ်းများ မှ ချီတက်နေရသော တပ်များ အစရှိသည်တို့ တွင် အခက်အခဲများ တွေ့လာတော့မည် ဖြစ်သည်။ လာမည့် အပတ်အတွင်း ဒေါနတောင်၏ အရှေ့ဖက်ခြမ်း သို့ မရောက်နိုင်က စစ်ဆင်ရေး တခုလုံး ရပ်တန့်ပစ်ရမည့် အရေး နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

 

မေလ အကုန် ပိုင်း တွင် တော့ အောင်ဇေယျ စစ်ဆင်ရေး သည် ဖြစ်နိုင်ချေ သုံးခုထဲမှ တခုခု ဖြင့် အဆုံးသတ် သွားရတော့မည် ဖြစ်သည်။

 

ပထမ ဖြစ်နိုင်ချေ သည် စစ်တပ်သည် ဒေါနတောင်တန်း ကို ဖြတ်၍ သင်္ကန်းညီနောင် ဗျုဟာကုန်းများကို ပြန်လည် သိမ်းပိုက် နိုင်ခြင်း ဖြစ်သည်။ ထိုမှတဆင့် ၁၀ ကီလိုမီတာ သာ ကွာဝေးသည့် မြဝတီ အား သိမ်းယူနိုင်မည် ဖြစ်သည်။

 

ဒုတိယ အနေဖြင့် ဒေါနတောင်ခြေ တဝိုက်တွင် အကျအဆုံးများစွာ ဖြင့် စစ်ဆင်ရေး ကို တဝက်တပျက် နှင့် ရပ်ဆိုင်းလိုက်ရပြီး ကောကရိတ်သို့ ပြန်ဆုပ်ကာ မိုးရာသီ ကုန်အောင် စောင့်ဆိုင်းရဖို့ ဖြစ်လာနိုင်သည်။

 

တတိယ အနေဖြင့် KNLA နှင့် PDF များက ၎င်းတို့၏ ထိုးစစ် ကို တွန်းလှန်နိုင်ယုံမက ကော့ကရိတ်မှသည် ဖားအံ့အထိ ပင် မောင်းထုတ် ပစ်လာနိုင်ခြင်းပင် ဖြစ်သည်။

 

ပထမ ဖြစ်နိုင်ခြေသည် စစ်တပ် အတွက် စိတ်အား တက်ကြွ လာပြီး အသက်ရှု ခွင့် ရရှိသွားမည် ဖြစ်သည်။ ၎င်းတို့ အသက်ဆက် နိုင်မည်လောဟု သံသယ ရှိနေသည့် အိန္ဒီယ၊ တရုတ် နှင့် ထိုင်း တို့၏ ယုံကြည်မှု ကိုလည်း ကျားကန်ပေးနိုင်မည် ဖြစ်သည်။ ထိုအခါတွင်တော့ စစ်တပ်သည် စောချစ်သူ နှင့် ပိုနေမြဲ ကျားနေမြဲ နေ၍ မရတော့ပဲ တရုတ်တို့၏ ဖိအားပေးမှုဖြင့် စောချစ်သူ အတွက် ဝင်ငွေ ရနေသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို နှိမ်နှင်းရတော့မည် ဖြစ်သည်။ စောချစ်သူ နှင့် ထိတ်တိုက် ရင်မဆိုင်ချင်ပါက တဖက်လှည့် နှင့် ထိုင်း ကို ပိတ်ဆို့ခိုင်းနိုင်သည်။ နောက်တချက် အဖြစ်နိုင်ဆုံးက စောချစ်သူ လုပ်ကြံခံရမည့် အရေးပင် ဖြစ်သည်။ စောချစ်သူ သည် ဘက်ပေါင်းစုံအား သစ္စာဖေါက်ခဲ့၍ ၎င်း အား အန္တရာယ်ကောင်းကောင်း ပေးနိုင်မည့် ရန်သူ များ ဖန်တီးထားခဲ့ပြီး ဖြစ်သည်။

 

ဒုတိယ ဖြစ်နိုင်ခြေ အဖြစ် ကော့ကရိတ်သို့ ပြန်ဆုပ်ပေးရမည် ဆိုက စစ်ကောင်စီ အပေါ် ယုံကြည်မှု ကျဆင်းသွား နိုင်ပြီး ထိုင်း နှင့် နယ်စပ်ကုန်သွယ်ရေးသည်လည်း ရပ်ဆိုင်းသွားမည့် အပြင် ကော့ကရိတ် နှင့် ဖားအံသို့ သွားသည့် လမ်းများကိုပါ ကာကွယ်ထားရဖို့ ဖြစ်လာပေတော့မည်။

 

တတိယ ဖြစ်နိုင်ခြေ သည်သာ အမှန်တကယ် ဖြစ်ပွားလာပါက စစ်တပ်အဖို့ လွန်စွာ ဆိုးဝါးသော အကျိုးဆက်များ နှင့် ရင်ဆိုင်ရပေတော့မည်။ ထိုအခါတွင် စက်ခုံး လို ဖြစ်နေသည့် ရန်ကုန် အဝေးပြေး လမ်းပေါ်ရှိ ဖားအံ့၊ တောင်ဖက်ရှိ ကော့ဘိန်း နှင့် လှိုင်းဘွဲ့မြို့များပါ ခြိမ်းခြောက်ခံလာရတော့မည် ဖြစ်သည်။

 

စစ်တပ်သည် တစစီ ပြိုကွဲသွားမည်လော၊ သို့မဟုတ် ဗဟိုမှ နေ၍ ပေါက်ကွဲ ထွက်လာမည်လော၊ သို့မဟုတ်လည်း ၂၀၂၅ အထိ စစ်ပွဲများ ဖြင့် နပမ်းလုံးနေရဦးမည်လော ဆိုသည်က ခန့်မှန်းဖို့ မဖြစ်နိုင်သော်လည်း အောင်ဇေယျ စစ်ဆင်ရေး သည် ၎င်းတို့ မည်သို့ မည်ပုံ အဆုံးသတ်သွားမည် ဆိုသည် ကို အဆုံးအဖြတ် ပေးလာတော့မည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!