သာစင်မှ တော်လှန်ရေး အဖွဲ့ များ နှင့် တွေ့၊ ဟွန်ဆန် မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အွန်လိုင်းမှ တွေ့ဆုံခွင့်တောင်း

by Hla Soewai - May 21 2024

ထိုင်းဝန်ကြီး ချုပ် ဟောင်း သာစင် ရှင်နာဝါထွာသည် မကြာမီက ကချင် လွတ်လပ်ရေး အဖွဲ့၊ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ရှမ်းလက်နက်ကိုင် အဖွဲ့ များ မှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံခဲ့သည် ဆိုသော VOA သတင်းအား ထိုင်းအစိုးရ ဖက်မှ အတည်ပြုခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီး မာရိစ် ဆမ်ဂီရမ်ပေါင်း မှ ယင်းသည် ၎င်း၏ ပုဂ္ဂိုလ်ရေး အလွတ်သဘော တွေ့ဆုံခြင်း ဖြစ်ကြောင်း နှင့် ထိုင်း အစိုးရ၏ ပေါ်လစီ နှင့် သက်ဆိုင်ခြင်း မရှိဟု ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာ တွင် ဖေါ်ပြထားသည်။

 

ထိုတွေ့ဆုံခဲ့မှု များသည် စစ်အာဏာပိုင်များ မြဝတီ ကို လက်လွှတ်ခဲ့ရပြီး နောက် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

 

ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်း နှင့် လက်ရှိ အထက်လွှတ်တော် ဥက္ကဌ ဖြစ်သူ ဟွန်ဆန်သည် မေလ ၇ ရက်နေ့တွင် မင်းအောင်လှိုင် နှင့် လက်ရှိ အခြေအနေများ အပေါ် တွေ့ဆုံ ဆွေးနွေး ခဲ့ရာတွင် ၎င်း အနေဖြင့် လုပ်ဖေါ်ကိုင်ဖက်လည်း ဖြစ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား အွန်လိုင်း မှ တွေ့ဆုံ နှုတ်ဆက်လိုကြောင်း ပြောခဲ့သည်ဟု ဖနွမ်ပင် ပို့စ် သတင်းစာ တွင် ရေးသားထားသည်။ 

 

လက်ရှိ တွင် မြဝတီ အပါအဝင် နိုင်ငံ အတွင်းရှိ အခြား မဟာဗျူဟာ ကျသော နယ်မြေများ တွင် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားနေ၍ သုံးနှစ် ကျော် ကြာလာခဲ့ပြီ ဖြစ်သည့် ပဋိပက္ခ သည် မည်သို့ မည်ပုံ ထွက်ပေါ်လာတော့မည် ကို အဆုံးအဖြတ် ပေးမည့် အဆင့် ရောက်လာတော့မည်ဟု စင်္ကာပူ၏ အစိုးရ အာဘော် တပိုင်း ဖြစ်သည့် စထရိတ်တိုင်းမ် သတင်းစာတွင် ရေးသားခဲ့သည်။

 

မိုးရာသီ ဝင်ရောက်လာပြီ ဖြစ်၍ စစ်တပ် ၏ လေကြောင်း အားသာနေမှု လျော့ကျသွားဖို့ ရှိနေပြီး နိုင်ငံ အရှေ့တောင်ပိုင်း၊ အနောက်ပိုင်း၊ အလယ်ပိုင်း နှင့် မြောက်ပိုင်း တို့တွင် စစ်မျက်နှာ မျိုးစုံ ဖွင့် တိုက်နေရသည့် စစ်ကောင်စီ တပ်များ အတွက် အခက်အခဲများ ကြုံလာရဖွယ် ရှိနေသည်ဟု ဆိုသည်။

 

အချို့ နယ်မြေ များအား စစ်ကောင်စီ အနေဖြင့် မိုးမဝင်ခင် တိုက်ခိုက် သိမ်းပိုက် နိုင်မှ ဖြစ်ပေမည်။ ၎င်းတို့ အတွက် မဟာဗျူဟာမြောက် ရည်မှန်းချက် အဖြစ် သိမ်းယူမှ ရမည့် လွန်စွာ အရေးပါသော နယ်မြေများ ရှိနေသည်ဟု ဝါရှင်တန် အမျိုးသား စစ်ကောလိပ်ရှိ အရှေ့တောင်အာရှ ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ဇါခါရီ အဘူဇာ က ထောက်ပြခဲ့သည်။

 

ထိုင်း အရာရှိကြီး တဦး နှင့် သံတမန် သတင်းရပ်ကွက် တခု မှ လက်ရှိ စစ်ရေး အခြေ အနေကို သုံးသပ်ရာတွင် ရှေ့လာမည့် ၆ လ အတွင်း စစ်တပ်သည် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အိန္ဒိယ၊ တရုတ် တို့ နှင့် ထိစပ်နေသော နယ်မြေများ ရှိ စစ်စခန်းများ အားလုံး လက်လွှတ်ရတော့မည် ဟု ဆိုသည်။

 

ထို့အတွက် စစ်တပ်သည် ၎င်းတို့ရှိ အရင်းအမြစ်များကို စုစည်းပြီး အဓိက ကျသည့် နေရာများကို ဦးစားပေး ထိုးစစ် ဆင်လာဖွယ် ရှိနေသည်။ လောလောဆယ်တွင် စစ်ကို မျှင်း တိုက် နိုင်သည့် အနေအထား ရှိနေသော်လည်း ရေရှည် လုပ်သွားနိုင်ဖို့က အစွမ်း မရှိဟု ဘန်ကောက်ရှိ ဒေသရေး ရာ လေ့လာသုံးသပ်သူ သီတီနန် ပွန်ဆူဒီရတ် က ပြောသည်။

 

စစ်မြေပြင်တွင် ဆက်တိုက်ဆိုသလို အရေးနိမ့်လာနေမှု များ၊ ပို၍ ရဲတင်းလာနေသော တော်လှန်ရေး တပ်များ နှင့် လူထု ထောက်ခံ မှု မရရှိမှု များ ကြောင့် ရှေ့လျောက် အခြေအနေများသည် ၎င်းတို့ အတွက် ခက်ခဲ ပြီး သက်သာ လာဖွယ် မရှိဆိုသည့် လက္ခဏများ အထင်အရှား ပြလာနေပြီ ဖြစ်သည် ဟု ထောက်ပြသွားခဲ့သည်။

 

မြဝတီ ကို ပြန်သိမ်း ရန် ဆိုက တရွေ့ရွေ့ ချည်းကပ်လာနေသော စစ်ကောင်စီ၏ ထိုးကျွေးခံ တပ်များ နှင့် နေ့စဉ်လို တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိနေသည်။

 

မြဝတီ၏ အနောက်ဖက် မိုင် ၆၀၀ ခန့် အကွာရှိ ရခိုင် ပြည်နယ် ဖက်တွင်လည်း ရက္ခိုင်တပ်တော်သည် ၎င်းတို့ ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက် ရာ အမ်း မြို့ ကို သိမ်းယူ နိုင်ရန် ထိုးစစ်ဆင်လျှက် ရှိနေသည်။

 

အရှည် ၄၉၁ မိုင် ရှိ တရုတ်-မြန်မာ ဓါတ်ငွေ့ ပိုက်လိုင်းသည် အမ်း မြို့ကို ဖြတ်သွားသည့်အပြင် ဓါတ်ငွေ့များကို မောင်းနှင် ပို့လွှတ်ပေးနေသည့် ပန့် များ ထားရှိရာ စခန်းကြီးလည်း မြို့ အနီးတွင် ရှိနေ၍ စစ်ကောင်စီ သည် ကျားကုတ် ကျားခဲ ခုခံ ဖို့ ရှိနေသည်။

 

နိုင်ငံတကာ အကျပ်အတည်း များ လေ့လာရေး အဖွဲ့ ICG ၏ မြန်မာ အရေး တာဝန်ခံ ရစ်ချတ် ဟို‌စေး က ၎င်းတို့ အတွက် အဓိက အားသာ သည် လေကြောင်းပစ်ကူသည် မိုးရာသီ နှင့် အတူ မိုးတိမ်များ ထူထပ်လာ၍ အထိန်းအကွပ် မရှိ ပစ်ခတ်နေမှု များ ကို ထိခိုက်လာတော့မည် ဖြစ်သည်ဟု ဆိုသည်။ ရဟတ်ယာဉ်များ အတွက်လည်း တပ်များ သယ်ယူပို့ဆောင်ရေး၊ အဝိုင်းခံနေရသော စစ်စခန်းများ အတွက် ရိက္ခာ ချပေး‌ရေးနှင့် လေကြောင်းပစ်ကူ များ အတွက် အန္တရာယ်ပိုများပြီး ခက်ခဲလာတော့မည် ဖြစ်သည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် လများ အတွင်း စစ်ကောင်စီတပ်များသည် လက်နက်ခဲယမ်း၊ ရေ၊ ရိက္ခာ နှင့် ဆေးဝါးများ ပံ့ပိုးပေးနိုင်ခြင်း မရှိတော့၍ စိတ်ဓါတ်များ ပြိုလဲကာ အစုလိုက် အပြုံလိုက် လက်နက်ချခြင်းများ ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်ပေသည်။

 

မိုးရာသီ သည် တော်လှန်ရေး တပ်များ အတွက် အားသာချက် ဖြစ်လာနေသော်လည်း ၎င်းတို့အကြား ညှိညှိနှိုင်းနှိုင်း နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မရှိက အောင်ပွဲများ ရလာသည်က လွဲ၍ မည်သို့မျှ ထူးလာမည် မဟုတ်ဟု သုတေသီများက သုံးသပ်လျက် ရှိသည်။

 

သေနင်္ဂ ဗျူဟာ မြောက် ညှိနှိုင်း ဆောင်ရွက်သွားနိုင်ဖို့သည် အချိန်ယူရဦးမည် ဖြစ်သော်လည်း ယင်းသည် တော်လှန်ရေး ၏ လားရာ ကို အဆုံးအဖြတ် ပေးမည့် အဓိက အကြောင်းခြင်းရာ ဖြစ်သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု USIP ၏ မကြာမီက ထုတ်ပြန်သော အစီရင်ခံစာ တွင် ဖေါ်ပြထားသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ပြောခွင့်ရ ဦးကျော်ဇော က စစ်ကောင်စီသည် မြို့ကြီးများကို ထိန်းချုပ်ထားနိုင်သည် ဆိုသော်လည်း ကျီးလန့်စာစား အနေအထားမျိုး ရောက်အောင် ခြိမ်းခြောက်ခံနေရသည်ဟု ပြောကြောင်း စထရိတ်တိုင်း သတင်းစာမှ ရိုက်တာ သတင်း ကို ကိုးကား ဖေါ်ပြထားသည်။

 

ဧရာဝတီ သတင်းအရ ကချင် လွတ်လပ်ရေး တပ် နှင့် ကချင် ပြည်သူ့ကာကွယ်ရေး တပ်များ ပူးပေါင်းပြီး မံစီ၊ မိုးမောက် နှင့် ဧရာဝတီ မြစ်ကူး တံတား ရှိရာ စင်းခန်း ရွာသို့ ထိုးစစ်ဆင်ပြီး မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲလျှက် ရှိသည်ဟု သိရသည်။ လက်ရှိတွင် မံစီ နှင့် မိုးမောက် မြို့မ ရဲစခန်းများကို သိမ်းယူနိုင်ခဲ့ပြီး ဖြစ်သည်ဟု ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးက အတည်ပြုခဲ့သည်။

 

ယခုအခါ ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ အမှတ် (၁၂) အခြေစိုက်ရာ ဗန်းမော် မြို့ကို သိမ်းပိုက်ရန် ဦးတည်နေပြီး မြစ်ကြီးနား၊ ပူတာအို၊ ဖားကန့်ကို ပိတ်ဆို့ထားသည့် သေနင်္ဂဗျူဟာ မြောက် စစ်ဆင်ရေး ပုံ ပေါ်လာနေပြီ ဖြစ်သည်ဟု စစ်ရေး လေ့လာသုံးသပ်နေသူ တဦး က မှတ်ချ ချခဲ့သည်။

 

စစ်ကောင်စီသည် ယခင် က ၎င်းတို့ တသက်လုံး တဖွဖွ ပြောခဲ့သည့် တံတား ဖျက် မိုင်းထောင်၊ လူ ပြန်ပေးဆွဲ ဆိုသည့် သောင်းကျန်းသူ များ ဘဝ ရောက်နေရှာပြီ ဖြစ်သည်။

 

ဘူးသီးတောင်ရှိ စကခ (၁၅) အပါအဝင် တပ်ရင်းဌာနချုပ် ၅ ခု အား ရက္ခိုင်တပ်တော်က သိမ်းပိုက် အပြီး မြို့အဝင် တံတားကြီးအား စစ်ကောင်စီ တပ်များက တနင်္လာနေ့က ဖေါက်ခွဲ ဖျက်ဆီး ပစ်လိုက်သည်ကို ပုံတွင် တွေ့နိုင်မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!