အိုင်စီစီ မှ အစ္စရေး ဝန်ကြီးချုပ် အား တရားစွဲဆို တော့မည် ‌လော

by Hla Soewai - May 21 2024

ယခုအခါ နိုင်ငံတကာ ရာဇဝတ်မှု ခင်း များ ဆိုင်ရာ တရားရုံးချုပ် အိုင်စီစီ မှ အစ္စရေး ဝန်ကြီးချုပ်အား ဖမ်းဝရမ်း ထုတ်တော့မည် ဆိုသော ကောလဟသ များ ပျံ့နှံ့ လာနေပြီ ဖြစ်သည်။

 

ဟိဂ်ရှိ အိုင်စီစီ မှ ဂါဇာ စစ်ပွဲ နှင့် စပ်လျှင်းပြီး အစ္စရေး ထိတ်တန်း အရာရှိကြီးများအား ဖမ်းဝရမ်း ထုတ်လာမည့် အရေး အပေါ် အစ္စရေး အစိုးရမှ စိုးရိမ် မကင်း ဖြစ်လာနေသည်။ ထိုအထဲတွင် ဝန်ကြီးချုပ် ဘင်ဂျမင် နသန်ယာအူး၊ ၎င်း၏ အစိုးရ အဖွဲ့ဝင်များ နှင့် ဗိုလ်ချုပ်ကြီးများ ပါဝင်နေသည်။

 

အိုင်စီစီမှ ထိုသို့ လုပ်မည်ဟု တရားဝင် ပြောဆိုခြင်း မရှိသေးသော်လည်း နာသန်ယာအူး က ထ

 ခြိမ်းခြောက်ခံနေရပြီဟု ယူဆလာသဖြင့် ဧပြီ ၃၀ ရက် နေ့တွင် မည်သို့သော ဝရမ်း မျိုး ဖြစ်စေ "သမိုင်း တွင်ကျန်ရစ်မည့် အတိုင်းအတာဖြင့် စော်ကားမော်ကား လုပ်ရပ် ဖြစ်သွားလိမ့်မည်" ဟု ထုတ်ဖေါ် အသိပေးလိုက်သည်။

 

အိုင်စီစီ၏ ရှေ့နေချုပ် ကာရင် ခန် မှ ထိုသို့ တရားရုံးတော်အား "လက်တုန့်ပြန်" ရန် ခြိမ်းခြောက်မှု မျိုးသည် သမာသမတ် ကျစွာ ဆုံးဖြတ်နိုင်မှု ကို ထိခိုက်သွားနိုင်သည်ဟု သတိပေး လိုက်သည်။

 

အိုင်စီစီ သည် မည်သို့သော အနေအထား ပေါ် မူတည်ပြီး ဖမ်းဝရမ်း ထုတ်လာမည်နည်း နှင့် မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်မည်နည်းဟု မေးစရာ ရှိလာသည်။

 

ဂါ‌ဇာ စစ်ပွဲ အတွင်း အစ္စရေး သည် စစ်ရာဇဝတ်မှု များ ကျူးလွန်နေသည်ဟု စွပ်စွဲမှု အမြောက်အမြား ထွက်ပေါ်လာခဲ့ပြီး ဖြစ်သည်။ အိုင်စီစီ နှင့် ဆက်နွယ်မှု မရှိသော နိုင်ငံတကာ တရားရုံးချုပ် အိုင်စီဂျေ မှ အစ္စရေးသည် ဂါဇာ တွင် ဂျီနိုဆိုက် ကျုးလွန်ခြင်း ရှိမရှိ ဆိုသည်ကို ကြားနာ စစ်ဆေးခဲ့ပြီး ထိုသို့ မဖြစ်ရန် ၎င်း၏ တပ်ဖွဲ့ဝင်များအား အထူးစီမံ ကြပ်မပ်ပေးရမည်ဟု သော မတင်မကျ ဆုံးဖြတ်ချက်မျိုးကို သာ ဇန်နဝါရီ ၂၆ ရက်‌ နေ့က ချမှတ်ခဲ့သည်။ 

 

အိုင်စီစီ သည် အိုင်စီဂျေ ကဲ့သို့ နိုင်ငံများ နှင့် သက်ဆိုင်ခြင်း မရှိပဲ လူပုဂ္ဂိုလ် တဦးချင်းစီပေါ် အရေး ယူရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

 

အိုင်စီစီ ဖွဲ့စည်းပြီး ဆယ်စုနှစ် နှစ်စု အတွင်း လစ်ဗျား ခေါင်းဆောင် ကဒါဖီ အပါအဝင် လူပေါင်း ၅၄ ဦး အား တရားစွဲဆို ခဲ့ပြီး ဖြစ်သည်၊ ကဒါဖီ အား ၎င်း မသေဆုံးမီ ငါးလ အလို တွင် လူသားများ အပေါ် ကျုးလွန်သော ရာဇဝတ်မှု များ နှင့် စွဲချက်တင်ခဲ့သည်။

 

ဆူဒန် အာဏာရှင် အိုမာ ဘာရှီရားအား ၂၀၀၉ တွင် စွဲချက် တင်ခဲ့သော်လည်း ယခုအချိန်ထိ "လွတ်မြောက်နေဆဲ" ဖြစ်သည်ဟု အိုင်စီစီ ဝက်ဆိုက် တွင် ဖေါ်ပြထားသည်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင် အား ၂၀၂၃ မတ်လ တွင် ယူကရိန်း မှ ကလေးသူငယ်များအား ရုရှားသို့ တရားမဝင် ခေါ်ထုတ်ခဲ့မှု ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။

 

အိုင်စီစီ သည် ဟာမားစ် ခေါင်းဆောင် ကိုလည်း ရုံးတင် တရားစွဲဆိုလာနိုင်သည့် အတွက် နာသန်ယာအူးသည် ထိုစာရင်းထဲတွင် အတူတူ ပါရမည့် အရေးကို ပို၍ပင် ခါးခါးသီးသီး ဖြစ်လာခဲ့သည်။

 

အစ္စရေး ဥပဒေ ပညာရှင်များက အိုင်စီစီသည် ဂါဇာသို့ ကယ်ဆယ်ရေး ပစ္စည်များ မရောက်ရှိအောင် ဟန့်တားနေမှု ကြောင့် ငတ်မွတ် ခေါင်းပါးလာတော့မည်ဟု နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ၏ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနေသည်ဟု သံသယ ရှိနေကြသည်။ ထိုသို့ အငတ်ဘေး ‌ဆိုက်ရန် တမင်တကာ ဖန်တီးလာမှု ကို စစ်ရာဇဝတ်မှု အဖြစ် စွဲချက်တင်ရန် စဉ်းစားလာနိုင်သည်။ အစ္စရေး ဝန်ကြီး အချို့မှ ဂါဇာ အား ဝိုင်းပတ် ပိတ်ဆို့ထားသင့်သည်ဟု အကြံပေးလာခဲ့မှုများကိုလည်း တစိတ်တပိုင်းအားဖြင့် အခြေခံ လာခဲ့ခြင်းလည်း ဖြစ်ဖွယ် ရှိသည်။

 

အစ္စရေးသည် အိုင်စီစီအား လုပ်ပိုင်ခွင့် အာဏာ ပေးထားသည့် ရောမ စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသဖြင့် တရားစွဲဆို ခံထားရသူများကို အိုင်စီစီသို့ လွှဲပြောင်း ပေးဖွယ် မရှိပေ။ သို့သော်လည်း ဖမ်းဝရမ်းများကြောင့် အစ္စရေးသည် နိုင်ငံတကာ တွင် အပယ်ခံ ဘဝ ရောက်သွား နိုင်သည်ဟု အစ္စရေး အရာရှိတဦးက မှတ်ချက်ချခဲ့သည်။

 

၎င်းတို့အားလုံးသည် အိုင်စီစီ၏ တရားစီရင်ပိုင်ခွင့်ကို သဘောတူ ထားပြီး ဖြစ်သည့် နိုင်ငံ ၁၂၄ နိုင်ငံထဲမှ တနိုင်ငံသို့ သွားမည် ဆိုလျှင်ပင် ဖမ်းဆီးခံရ နိုင်သည်။ အိုင်စီစီ တွင် မပါဝင်သည့် အမေရိကားပင်လျှင် လိုလိုလားလား လက်ခံချင်တော့မည် မဟုတ်။

 

ထိုသို့ ရုံးတင်တရားစွဲရန် ခြိမ်းခြောက်ယုံမျှနှင့်ပင် လွန်စွာ အစွမ်းထက် နေပြီ ဖြစ်သည်။ အစ္စရေး အရာရှိများသည် မကြာမီက အိုင်စီစီ ၏ ဝရမ်းကို ကြောက်လာသဖြင့် ဂါဇာသို့ အကူအညီ ပေးလာမှုများကို တိုး၍ လက်သိပ်ထိုး လက်ခံပေးလာခဲ့သည်။

 

ထိုသို့ စိုးရိမ်မကင်း ဖြစ်လာခြင်းကြောင့်လည်း အစ္စရေး သည် နောက်တဆင့် တက်ပြီး ရာဖာ မြို့ရှိ ဟာမားစ် တို့၏ နောက်ဆုံး ခံစစ် စခန်းကို မြေပြင် ထိုးစစ်ဆင်ရန် ရက်သတ္တပတ် ပေါင်းများစွာ ရွှေ့ဆိုင်းလာခဲ့ခြင်း ဖြစ်သည်။

 

မေလ ၇ ရက် နေ့တွင် ဂါဇာသို့ ကယ်ဆယ်‌ ရေး ပစ္စည်း များ ပေးပို့ရာ တွင် အရေးပါသည့် လမ်းကြောင်း ဖြစ်သော ရာဖာ မြို့ စပ်ကို ဖြတ်ကျော်သည့် လမ်းအား ထိန်းချုပ် ထားနိုင်ခဲ့ပြီဟု အစ္စရေး စစ်တပ်က ဆိုသည်။

 

အစ္စရေး အား ထောက်ခံသူများ ကမူ အစ္စရေး တွင် အစိုးရ အား တာဝန်ခံစေသည့် အထိ စီရင်ပိုင်ခွင့် ရှိသော လွတ်လပ်သည့် တရားစီရင်ရေး စနစ် ရှိနေ၍ နိုင်ငံတကာ တရားရုံး မှ ဝင်ရောက် စွက်ဖက်ရန် မလိုဟု ငြင်းချက် ထုတ်လာခဲ့သည်။ လောလောဆယ် တွင် လူ့အခွင့်အရေး အဖွဲ့ ငါးဖွဲ့ မှ ဂါဇာသို့ ကယ်ဆယ်ရေး ပစ္စည်းများ ပို၍ တင်သွင်းခွင့်ပေးရန် အစိုးရ အား တောင်းဆိုလာမှုကို အစ္စရေး တရားရုံးချုပ်မှ လက်ခံ ကြားနာလျက် ရှိနေသည်။

 

အစ္စ‌ ရေး အစိုးရသည် ယခင်က တရားရုံးတွင် ကတိပေးခဲ့သလို အကူအညီများ ပို၍ တင်သွင်း ခွင့် ပြုမည်ဟူသော ကတိကဝတ်အား ဖြည့်ဆည်းခဲ့ခြင်း မရှိဟု အယူခံလွှာ တင်သွင်းသူများက မေလ ၃ ရက်နေ့တွင် ပြောလာခဲ့သည်။

 

၎င်းတို့အဖို့က အစ္စရေး တရားရုံး၏ ဆုံးဖြတ်ချက်ကို အစိုးရမှ မလိုက်နာလျှင် လိုက်နာအောင် လုပ်နိုင်မည့် နိုင်ငံတကာ တရားရုံးသို့ တက်ကြတော့မည် ဖြစ်သည်။

 

(၂၀၂၄ မေလ ၇ ရက် အီကော်နောမစ် မဂ္ဂဇင်းပါ "Could the International Criminal Court indict Binyamin Netanyahu?" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)