မကြာမီ မှာပင် ပွင့်လင်းရာသီ ကုန်ဆုံးတော့မည် ဖြစ်သော်လည်း စစ်ကောင်စီ တပ်များ အတွက်မူ ပြီးခဲ့သည့် ခြောက်လ အတွင်း ဆုံးရှုံးသွားခဲ့သည့် အခြေအနေများကို ပြန်လည် ပြင်ဆင် နိုင်ခြင်း မရှိပဲ နောက်သို့သာ ဆုတ်ပြီးရင်း ဆုတ်နေရသည်။ ထိုသို့ အကျပ်အတည်း ကျလာနေသော စစ်အာဏာပိုင်များ အဖို့ ပို၍ ရှေ့တိုး တိုက်ခိုက်လာဖို့ ရှိနေသည်။
တရားဝင် မိုးလေဝသ ခန့်မှန်းချက်များအရ မိုးရာသီ သည် ဇွန်လ အလယ်တွင် စတင်တော့မည် ဖြစ်သည်။ မိုးရာသီ သည် တော်လှန်ရေး တပ်ဖွဲ့ များ အတွက် အားသာ လာနိုင်သည်ကို သိထားပြီး ဖြစ်သော စစ်ကောင်စီသည် ရှေ့အပတ်များ အတွင်း ၎င်းတို့၏ အားနည်းနေပြီ ဖြစ်သော ထောက်ပို့ နှင့် တပ်များ ရွှေ့ပြောင်းနိုင်မှု အပိုင်း ကို ပို၍ နှောင့်နှေး ခြင်း မဖြစ်ရန် အတွက် ဦးစားပေး မဟာဗျူဟာ ၆ ရပ် ကို ရွေးချယ် ကျင့်သုံးသွားမည်ဟု မြန်မာ စစ်ရေး သုံးသပ်နေသူ ဝါရှင်တန် ရှိ အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခ ဇာခါရီ အဘူဇာ မှ RFA တွင် ထောက်ပြ သုံးသပ်သွားခဲ့သည်။
မကြာမီ က စစ်တပ်သည် မြဝတီအား ပြန်လည် ထိန်းချုပ်သွားနိုင်ခဲ့သော်လည်း မြောက်ပိုင်း ညီနောင် သုံးဖေါ်၏ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း ဆုံးရှုံးသွားသော နယ်မြေ အမြောက်အမြားကို မူ ပြန်လည် သိမ်းပိုက် နိုင်စွမ်း မရှိ ဖြစ်နေသည်။
ပထမ ဆုံး ဦးစားပေး အဖြစ် ရန်ကုန် နှင့် ဆက်သွယ်ထားသော အာရှ အဝေးပြေး လမ်းမ အမှတ် (၁) ကို ပြန်လည် ထိန်းချုပ် နိုင်ရန် ဖြစ်သည်။ ထိုလမ်းမကြီးသည် နှစ်စဉ် ထိုင်း နှင့် နယ်စပ် ကုန်သွယ်ရေး မှ ဒေါ်လာ တစ် ဘီလီယံ ကျော် ရရှိနေ၍ စီးပွားရေး အရ ၎င်းတို့ အတွက် အသက်သွေးကြောကြီး ဖြစ်နေသည်။
စစ်ကောင်စီ သည် မူဆယ် ကဲ့သို့ မြို့ကိုသာ ထိန်းချုပ်ထားနိုင်သော်လည်း TNLA တပ်များက လားရှိုး အထိ လမ်းမကြီး တလျောက် အခွန်များ ကောက်ယူ နိုင် နေသည့် အဖြစ်မျိုး ထပ်ပြီး အရောက်ခံ၍ မဖြစ်ဟု ခံယူထားသည်။
လာရှိုး လမ်း အား တိုက်မည် ဆိုက အောင်မြင်နိုင်ဖွယ် မရှိသည်သာမက တပ်များကိုလည်း အခြားနေရာများသို့ စေလွှတ်နိုင်စွမ်း ရှိမည် မဟုတ်တော့။
ဒုတိယ ဦးစားပေး အဖြစ် အမ်း မြို့ကို ထိန်း ထားနိုင်ဖို့ ဖြစ်သည်။ ရက္ခိုင် တပ်တော်သည် နှစ်လ ကြာ တိုက်ပွဲ များ ဖြစ်ပွားပြီးနောက် မြို့ ကို အကာအကွယ် ပေးထားသည့် မဟာဗျူဟာမြောက် စစ်စခန်း နှစ်ခု ကို သိမ်းယူ နိုင်ခဲ့သည်။ အမ်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ လည်း ဖြစ်၍ ယင်းကို လက်လွှတ်လိုက်ရမည် ဆိုက ၎င်းတို့ အတွက် အရှက်တကွဲ ဖြစ်ရမည့် ကိန်း ဆိုက်လာပေတော့မည်။
ထို့အပြင် အမ်းသည် မြောက်ပိုင်း ရှိ မြို့တော် စစ်တွေ နှင့် ကျောက်ဖြူရှိ တရုတ်စီးပွားရေး ဇုံများ အကြား လမ်းဆုံ လမ်းခွ တွင် ရှိနေပြန်၍ သယ်ယူ ပို့ဆောင်ရေး နှင့် ထောက်ပို့ ပိုင်း အတွက် အဓိက ကျသည့် အပြင် တရုတ်၏ ရေနံ နှင့် ဓါတ်ငွေ့ ပိုက်လိုင်း များ ဖြတ်သန်းသွားရာ မြို့လည်း ဖြစ်နေသည်။
ရက္ခိုင် တပ်တော်သည် ယခုအခါ မြောက်ပိုင်းသာမက တောင်ပိုင်း အထိ ပါ ထိုးစစ် ဆင်လာနေပြီး မြို့ ရှစ် မြို့ကို သိမ်းယူ နိုင်ခဲ့ပြီး ဖြစ်သည်။ နောက်ဆုံး ထွက်ပေါ်လာသော သတင်းများအရ မောင်းတောကို ရရှိသွားပြီး ဘူးသီတောင် ကို ဝိုင်း ပတ် ပိတ်ဆို့ ထားသည်ဟု သိရသည်။
ရက္ခိုင်တပ်တော်သည် စစ်တွေ နှင့် ကျောက်ဖြူ ကို သိမ်း ရန် ရည်ရွယ်ထားပုံ မတွေ့ရပဲ ထို မြို့ နှစ်မြို့ ကို ဆက်သွယ်ထားသည့် လမ်းများကို အခိုင်အမာ ထိန်းချုပ်ထားနိုင်ရန် လုံးပမ်းနေသည်။ အမ်း ကို သိမ်းနိုင်ပြီ ဆိုက စစ်အာဏာပိုင်များ အဖို့ ရခိုင် ပြည်နယ် ရှိ ၎င်းတို့ ထိန်းချုပ်ထားသော ဒေသများ အား ထောက်ပို့ နိုင်ရန် ပင်လယ် ရေလမ်းကြောင်း သို့မဟုတ် တောင်ဖက် ပိုင်း ရှိ တောင်ကုတ် မှ ကုန်းလမ်းသာ အားကိုးအားထား ပြုရတော့မည် ဖြစ်သည်။
အချုပ်အားဖြင့် ဆိုလျှင် အမ်းကို လက်လွှတ်လိုက်ရမည် ဆိုက ၎င်းတို့ အတွက် ရခိုင် တွင် တန်ပြန် ထိုးစစ် ဆင်နွှဲ နိုင်ဖို့ လွန်စွာမှ ခက်ခဲလာ ပေတော့မည်။ ထို့အတွက် အမ်းသို့ စစ်ကူ များ စေလွှတ်ပြီး လေကြောင်း တိုက်ခိုက်မှု များ တိုးမြှင့် ပြုလုပ်လာနေခြင်းလည်း ဖြစ်သည်။
တတိယ ဦးစားပေး အဖြစ် ညီနောင် သုံးဖေါ် အဖွဲ့၊ ကချင် လွတ်လပ်ရေး အဖွဲ့ တို့ နှင့် နောက်တကြိမ် အပစ်အခတ် ရပ်စဲရေး ရရှိအောင် တွန်းတွန်းတိုက်တိုက် ကြိုးစား လာဖို့ ရှိနေသော်လည်း တရုတ်ကို စည်းရုံး ရဦးမည် ဖြစ်သည်။
ဘီဂျင်းသည် ၎င်း၏ နယ်စပ်တွင် အပစ်အခတ် ရပ်စဲချင် နေသည်မှာ အငြင်းပွားဖွယ် မရှိပေ၊ နှစ်နိုင်ငံစလုံးက နယ်စပ် ကုန်သွယ်ရေး အား စစ်မတိုင်မီ ကာလ အနေအထား ပြန်ရောက်စေချင်နေကြသည်။ စစ်အာဏာပိုင်များသည် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများ နှင့် နယ်စပ် ကုန်သွယ်ရေး စခန်း ပေါင်း ၁၇ ခု ရှိသည့် အနက် လက်ရှိတွင် ၁၁ ခုသာ ထိန်းချုပ်ထားနိုင်စွမ်း ရှိနေသည့် အတွက် ကုန်စည်စီးဆင်းမှု နှောင့်နှေးလာပြီး ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
တရုတ် သည် ကျောက်ဖြူရှိ စီမံကိန်းများ အရှိန်အဟုန် မြှင့်တင် နိုင်ရန် မကြာသေးမီက အတတ်ပညာရှင် ၃၀၀ ခန့် စေလွှတ်လာခဲ့ပြီး စစ်ကောင်စီ နှင့် ရက္ခိုင်တပ်တော် အကြား အပစ်အခတ် ရပ်စဲရန် ဖုတ်ပူ မီးတိုက် ကြိုးစားလာနေသည်။ ထိုသို့ သဘောတူညီချက်ချိုး ထွက်ပေါ်မလာမီ လေကြောင်း တိုက်ခိုက်မှု များ နှင့် မြေပြင် တိုက်ပွဲများ ဆက်လက် ပြင်းထန် လာနေဦးမည်သာ ဖြစ်သည်။
ကချင် လွတ်လပ်ရေး တပ်ဖွဲ့ ကေအိုင်အေ သည် စစ်တပ်၏ ဗျာများနေမှုကို အခွင့်ကောင်းယူ အသုံးချမည် ဖြစ်၍ ညီနောင် သုံးဖေါ် ကဲ့သို့ အပစ်အခတ် ရပ်စဲရေး ကို လက်ခံမည် မဟုတ်ဟု ယူဆရသည်။
ရက်သတ္တပေါင်းများစွာ ငြိမ်သက်နေပြီးနောက် ကေအိုင်အေ သည် ဒုတိယ လှိုင်း ကို စတင်လာခဲ့ပြီး မြစ်ကြီးနား-လိုင်ဇာ လမ်းပေါ်ရှိ စစ်စခန်းများ နှင့် မြစ်ကြီးနား နှင့် ပူတာအို ကြားရှိ ဆွမ်ပရာဘွမ် ကို သိမ်းယူနိုင်ခဲ့သည်။ ပြီးခဲ့သည့် လေးရက် အတွင်းလည်း စခန်းများကို ထပ်မံ သိမ်းပိုက် နိုင်ခဲ့ပြန်သည်။
စတုတ္ထ ဦးစားပေး အဖြစ် စစ်တပ်သည် ၎င်းတို့ ဖြန့်ချထားသော တပ်များကို အားဖြည့်ပေးရန် ရည်ရွယ်ထားသည်။ အောက်တိုဘာလ မှ စ၍ ၎င်းတို့ တပ်များ လက်နက်ချ သည် အထိ ဖြစ်လာခဲ့ခြင်း၏ အဓိက အကြောင်းရင်းသည် စစ်ကူ၊ ရိက္ခာ၊ ဆေးဝါး၊ လက်နက်ခဲယမ်းများ ပံ့ပိုး မပေးနိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။
စစ်ပွဲကို ရေရှည် ဆင်နွှဲသွားဖို့ က ၎င်းတို့ အတွက် ခက်ခဲ လာနေပြီ ဖြစ်သည်။ အနည်းငယ်မျှသာ ရှိသော ရဟတ်ယာဉ်များ ထဲမှ အတော်များများ ဆုံးရှုံးသွားခဲ့သည်။ ယခု အပတ် အတွင်းမှာပင် ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များက စစ်ရဟတ်ယာဉ်တစင်းကို ပစ်ချနိုင်ခဲ့သည်။
လမ်း တံတား များအားလည်း မိုင်း များ ထောင်ထား၍ စစ်ယာဉ်တန်းများသည် တဖြေးဖြေး နှင့် အကာအကွယ် မဲ့လာပြီး ထိခိုက်ပျက်စီးမှုများ နှင့် ရင်ဆိုင်လာရသည်။ တော်လှန်ရေး တပ်ဖွဲ့များက ၎င်းတို့ ထံမှ လက်နက်များ သိမ်းယူနိုင်ခဲ့မှုကလည်း စစ်ယာဉ်တန်းများကို ပို၍ ထိရောက်စွာ ချေမှုန်းလာနိုင်ခဲ့သည်။
စစ်ကောင်စီ အနေဖြင့် လာမည့် ၆ ပတ်အတွင်း ခြေမြန်တပ်များ အား ပံ့ပိုး မပေးနိုင်ဟု ဆိုက တိုင်းရင်းသား တပ်များ နှင့် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များသည် မိုးရာသီ အတွင်း ၎င်းတို့အား တဖွဲ့ပြီး တဖွဲ့ အမှည့်ခြွေ ခြွေပစ်နိုင်တော့မည် ဖြစ်မည်။
ပဉ္စမ ဦးစားပေးကား စစ်ကိုင်း နှင့် မကွေး ဒေသများတွင် ဆက်လက် ထိုးစစ်ဆင်သွားနိုင်ရေးပင် ဖြစ်သည်။ ဗမာ အများစု နေထိုင်ရာ နိုင်ငံ အလယ်ပိုင်း သည် ၎င်းတို့ အဖို့ စစ်ရေး ထက် စိတ်ဓါတ်ရေးရာ အရ ပို၍ အရေးပါနေသည်။ ထိုဒေသများကို အပြည့်အဝ မထိန်းချုပ်နိုင်က ထောက်ပို့ လမ်းကြောင်းများ အတွက် စိုးရိမ်စရာ ဖြစ်လာပြီး ၎င်းတို့ တခါက အပြည့်အဝ ချုပ်ကိုင်ထားနိုင်သော နယ်မြေ များ လက်လွှတ်ရမည့် အရေး ကို စစ်ဗိုလ်ချုပ် များ မခံစားနိုင် ဖြစ်လာပေတော့မည်။
၎င်းတို့ အဖို့က နယ်မြေ များ မထိန်းချုပ် နိုင်ပါကလည်း ထိုဒေသများရှိ အရပ်သားများအား တော်လှန်ရေး တပ်ဖွဲ့များအား ထောက်ခံရမည်လား ဆိုကာ လေကြောင်း မှ၎င်း၊ လက်နက်ကြီးများ ဖြင့် ၎င်း ပစ်ခတ် ဒဏ်ခတ်ကြဦးမည်သာ ဖြစ်သည်။
ဆဌမ ဦးစားပေးသည် လက်နက် ခဲယမ်းများ တိုး၍ ထုတ်လုပ်သွားရန် ဖြစ်သည်။ စစ်ကောင်စီသည် ဘဏ္ဍာရေး အရ ချွတ်ခြုံ ကျနေပြီး ပြည်ပ မှ လိုသလောက် ဝယ်ယူ တင်သွင်း နိုင်ခြင်း မရှိ တော့၍ လက်ရှိ ပြည်တွင်း ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများကိုသာ အတင်းအကျပ် ထုတ်လုပ် ခိုင်းတော့မည် ဖြစ်သည်။ စစ်လေယာဉ်များလည်း အလွန်အကျွံ အသုံးပြုထား၍ ပြင်ဆင် မွမ်းမံမှု များ ပြုလုပ်ရတော့မည် ဖြစ်ပြီး အပို ပစ္စည်းများလည်း အလုံအလောက် မရှိတော့၍ ဒရုန်းများ တိုး၍ ထုတ်လုပ် နိုင်ရန် ဦးလှည့်လာနေသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ တပ်များ နှင့် တိုင်းရင်းသား လက်နက်ကိုင်များသည် ဒရုန်းများကို မယုံကြည်နိုင်လောက်အောင် အစွမ်းပြ သုံးလာနိုင်ခဲ့သည်။ ၎င်းတို့ လို ဈေးပေါပေါ နှင့် ရသော ဒရုန်းများ အတုခိုး အသုံးပြုလာမည့် အရေးကို NUG သည် စိုးရိမ်မကင်း ဖြစ်လာနေသည်။ ယခုအခါ စစ်တပ်သည် မော်တာ အမြှောက်ဆံများထက် ဒရုန်း နှင့် ပစ်ခတ်၍ ရမည့် ဗုံးသီးများ စတင် ထုတ်လုပ် အသုံးပြုလာနေပြီ ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးသည် စစ်တပ် အတွက် တပမ်းသာ သော ပွင့်လင်း ရာသီ တွင် စတင်ခဲ့သော်လည်း နယ်မြေ အမြောက်အမြား လက်လွှတ်ပေးခဲ့ရသည် အဖြစ်က ထူးခြားလှပေသည်။
စစ်တပ်သည် မိုးရာသီ မဝင်မီ ဆုံးရှုံးသွားသော နယ်မြေများ နှင့် ထောက်ပို့ လမ်းကြောင်း များ ပြန်လည် ထိန်းချုပ် နိုင်ဖို့ ဂမူးရှုးထိုး နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လာကြတော့မည်သာ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!