နိုင်ငံ တွင်း အိုးအိမ်မဲ့ သုံးသန်း ရှိလာနေပြီဟု ကုလ ဆို

by Hla Soewai - May 21 2024

မြန်မာ သည် ယခုအခါ ‌ချောက်ကမ်းပါး ထိပ်သို့ ရောက်ရှိနေပြီး လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ အပူတပြင်း လိုအပ်နေသည်ဟု ကုလ သမဂ္ဂ ဌာနေ ညှိနှိုင်းရေး တာဝန်ခံ မှ မေလ ၆ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိလာခဲ့သည်။

 

ယခုအခါ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရသူ ပေါင်း ၃ သန်းခန့် ရှိလာနေပြီ ဖြစ်ပြီး ထိုအထဲတွင် သုံးပုံတပုံသည် ကလေးသူငယ်များ ဖြစ်သည်ဟုလည်း ဆိုသည်။

 

ယခုလာမည့် မေ-ဇွန် ဆိုင်ကလုံး ရာသီ အတွင်း ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်း များ ပို၍ လိုအပ်နေသည်ဟုလည်း တောင်းဆိုထားသည်။

 

နောက်ထပ် ရရှိသော သတင်းများအရ စစ်ကောင်စီ သည် တရုတ်မှ ကြားဝင်စေ့ဆပ် ပေးထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ထပ်တလဲလဲ ချိုးဖောက်နေပြီး‌၊ နောက်ဆုံး အနေဖြင့် မိုးကုတ် မြို့နယ် အတွင်းရှိ ၎င်းတို့၏ ညောင်ကုန်းရွာ စခန်းကို လက်နက်ကြီး ကျည် လေးချက် ထိမှန်အောင် ပစ်ခတ်ခဲ့သည်ဟု TNLA ပြောခွင့်ရ လွေးရေဦး က ပြောခဲ့သည်၊ မိမိတို့မှ လိုအပ်လျှင် လိုအပ်သလို တုန့်ပြန်သွားမည်ဟု ဆိုသည်။

 

စစ်ကောင်စီ သည် ယခုအခါ TNLA ၏ ခြိမ်းခြောက် ကြိမ်းမောင်းခြင်းကို ခံနေရပြီ ဖြစ်သည်။

 

မိုးမောက် နှင့် မံစီ မြို့များ တွင် တိုက်ပွဲများ ပြင်းထန်လာ‌နေ၍ စစ်အာဏာ ပိုင်များသည် မြစ်ကြီးနား ကို ကာကွယ်နိုင်ရန် ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်ရှိ တံတား တစင်းကို မိုင်းခွဲဖျက်ဆီးလိုက်ကြသည်ဟု ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးက ပြောခဲ့သည်။

 

ဗန်းမော် မြို့ပေါ် သို့ စစ်ဘေးရှောင် များ ရာပေါင်းများစွာ ရောက်ရှိလာကြပြီး ၎င်းတို့အား ခရစ်ယာန် ဘုရားကျောင်းဝင်းများ အတွင်း နေရာချပေးထားသည်ဟု သိရသည်။

 

ကချင်ပြည်နယ် တဝှမ်း တိုက်ပွဲများ တွင် ကစင်ကလျား ဆုတ်ခွာလာသော စစ်ကောင်စီ တပ်များသည် ဗန်းမော် အား ခုခံ ကာကွယ်နိုင်ရန် မြို့တွင် ပြန်လည် စုရုံးနေသည်ဟု သတင်းများက ‌ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိူးမင်းသည် နယူးဇီလန်သို့ ရောက်ရှိနေပြီး ပါလီမန် သို့ သွားရောက်ပြီး လွှတ်တော် အမတ်များ၊ တာဝန်ရှိသူများ နှင့် တွေ့ဆုံခဲ့သည်၊ ၎င်းမှ NUG သည် ယခုအခါ နယ်မြေများကို ပိုမို ထိန်းချုပ်လာနိုင်ပြီ ဖြစ်၍ နိုင်ငံရေး အရ ထိတွေ့ဆက်ဆံမှုများ နှင့် တရားဝင် အသိအမှတ် ပြုရန် အချိန်ရောက်ပြီဟု တိုက်တွန်း ပြောဆိုသွားခဲ့သည်။

 

နေပြည်တော်ရှိ စစ်အာဏာပိုင်များကမူ ၎င်းတို့ မည်သည့် အခြေအနေ ဆိုက်နေပြီ ဆိုသည်နှင့် နိုင်ငံတကာ မှ မည်သို့ ရှူမြင်နေကြပြီ ဆိုသည်ကို ယခု အထိ သဘောပေါက် နိုင်စွမ်း မရှိ ဖြစ်နေသည့် လက္ခဏာ အဖြစ် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ လုပ်မည်ဟု ပြောဆိုနေဆဲပင် ဖြစ်သည်။

 

၎င်း၏ စိတ်တော်သိ ဗောင်းတော်ညိမ့် ဇော်မင်းထွန်း မှ လည်း ဟွန်ဆန်မှ ‌ လုပ်ဖေါ်ကိုင်ဖက် ဖြစ်ခဲ့သူ နိုင်ငံတော် အတိုင်ပင်ခံ အား အွန်လိုင်းမှ နှုတ်ဆက် စကား ပြောခွင့်ပေးရန် တောင်းဆိုမှု အား တရားဝင် ပယ်ချလိုက်သည်။ မင်းအောင်လှိုင်သည် ၎င်းနှင့် တွေ့ဆုံစဉ်က ထိုတောင်းဆိုချက်အား ဦးစားပေး စဉ်းစားပါမည်ဟု ကတိပေးသွားခဲ့ပြီး လည်း ဖြစ်သည်။ ဇော်မင်းထွန်းကမူ "လောလောဆယ် တွင် ထိုသို့ စီစဉ်ပေးရန် အကြောင်း မရှိသေး" ဟု ပြောခဲ့သည်။

 

၎င်းတို့ဖက်မှ စိတ်ရင်းကောင်း ဖြင့် အကူအညီ ပေးလိုသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သာစင် ရှင်နာဝါထွာ၏ ကြားဝင် စေ့စပ်ပေးခဲ့မှု အားလည်း "နိုင်ငံ၏ အကျိုးစီးပွား ကို ဖျက်လိုဖျက်ဆီး လုပ်နေသည့် အကြမ်းဖက်သမားများကို အားပေးအားမြှောက် ပြုသည့် လုပ်ရပ်မျိုးသည် လျှော်ကန် သင့်မြတ်မှု မရှိ" ဟု သွယ်ဝိုက် ပြောဆိုသွားပြန်သည်။

 

သာစင်သည် KNU, KNPP, KIO, RCSS, NUG မှ ကိုယ်စားလှယ် များ နှင့် ချင်းမိုင်တွင် မတ်လ နှင့် ဧပြီလ အတွင်း သီးခြားစီ တွေ့ဆုံခဲ့သည်။

 

သာစင်မှ ၎င်းတို့ ကိုယ်စား စစ်ကောင်စီ နှင့် ဆွေးနွေးပေးရန် ခွင့်ပြုမည့် ကိုယ်စားလှယ် လွှဲစာကို တပါတည်း ယူလာခဲ့သော်လည်း မည်သူမျှ လက်မှတ်ထိုးပေးခဲ့ခြင်း မရှိဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ဘန်ကောက်ပို့စ် တွင် မူ မြန်မာ အာဏာပိုင်များက သာစင်အား အကူအညီ ‌ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီး မာစိစ် ဆမ်ဂီပေါင်ဆာက ပြောကြောင်း ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!