နိုင်ငံတကာ ရေးရာ မိတ်ဆက်(70)

by Hla Soewai - May 21 2024

သက်သာရာ သက်သာကြောင်း လုပ်နိုင်မည့် နည်းလမ်းများထဲတွင် ‌ကာဘွန်ဒိုင် အောက်ဆိုဒ် နှင့် အခြား ‌ဓါတ်ငွေ့များ လေထုထဲသို့ အနည်းငယ် သို့မဟုတ် လုံးဝကင်းစင်မည့် အစားထိုး လောင်စာမျိုး ပြောင်းလဲ အသုံးပြုခြင်းလည်း ပါဝင်သည်။ ထို အထဲတွင် လေအား၊ ရေအားလျပ်စစ် နှင့် ယခုအခါ ပြန်လည် အားဖြည့် စွမ်းအင်ဟု ခေါ်ကြသည့် နေရောင်ခြည် သုံး ဆိုလာ သည် ယခုအခါ နျူကလီယား စွမ်းအင်ကဲ့သို့ပင် ထိတ်တန်း ရောက်လာပြီ ဖြစ်သည်။

 

ဓါတ်ဆီ ထည့်မောင်းစရာ မလိုသည့် လျ‌ပ်စစ် ကား များ တီထွင် အသုံးပြုခြင်းသည်လည်း ရာသီဥတု အပြောင်းအလဲ ကို လျော့ပါးစေနိုင်မည့် နည်းလမ်းလည်း ဖြစ်သည်။၊ ဤနေရာတွင် လျပ်စစ်ကားများကို အားဖြည့်ရန် လိုအပ်သည့် စွမ်းအင်ကို greenhouse ခေါ် ကာဘွန်ဒိုင်အောက်ဆိုဒ် နှင့် အခြား ဓါတ်ငွေ့များ ထုတ်လွှတ်သည့် လောင်စာ မှ ထုတ်ယူမှ ရသည်ဟူ၍တော့ ပြော၍ ရပေသည်။ သို့သော် ခြုံကြည့်မည် ဆိုလျင် ယခင်ကထက် လျော့နည်း ရာ လျော့နည်းကြောင်း ဖြစ်လာသည်ကတော့ အမှန်ပင် ဖြစ်သည်။

 

နောက်ထပ်နည်းလမ်း တခုသည်က ကျောက်မီးသွေး အစား သဘာဝ ဓါတ်ငွေ့ ဖြင့် အစားထိုး အသုံးပြုခြင်းဖြစ်သည်။ ယင်းသည် greenhouse ဓါတ်ငွေ့ ထွက်ရှိမှု ကို လည်း လျော့ကျသွားစေမည့် အပြင် လိုအပ်သော စွမ်းအင် ပမာဏကိုလည်း ထုတ်ယူနိုင်သည်။

 

န့ည်းပညာ အသစ်များ တီထွင် အသုံးချ ခြင်းဖြင့်စွမ်းအင် ကို ထိထိရောက်ရောက် တိုး၍ အသုံးချ နိုင်မည့် အပြင် ကုန်စည် ထုတ်လုပ်မှု နှင့် စွမ်းအင် အသုံးပြုမှု အကြား ဆက်စပ်ထားသည် energy intensity စွမ်းအင် အား အလွန်အမင်း သုံးစွဲမှု ကို လည်း လျော့ကျစေသည်။

 

သစ်ဝောာများ ရှင်သန် ကြီးထွားရေးကို အားပေးခြင်း၊ သစ်တောများ ပျက်စီးစေမှု များကို တားမြစ်ခြင်းများသည်လည်း ထိရောက်မှု ရှိသော မဟာဗျူဟာလည်း ဖြစ်သည်။ သစ်ပင်များသည် ကာဘွန်ကို စုပ်ယူ နိုင်စွမ်း ရှိသည့်အတွက် ရာသီဥတု ပြောင်းလဲလာမှု လျော့ပါးသွားအောင် အထောက်အကူ ပေးနေ၍ ဖြစ်သည်။

 

သို့သော်လည်း ထွက်ပေါ်လာမည့် ရလဒ်များကို အလွန် အကျွံ ချဲ့ကား ပြောဆိုခြင်းမျိုးတော့ မဖြစ်သင့်ပေ။ ရှေ့လျောက် ကမ္ဘာလူဦးရေ နှင့် အတူ စီးပွားရေးသည်လည်း ယခုထက်ပို၍ တိုးပွားလာဦးမည် ဆိုသည့် အချက်ကို ထည့်သွင်းစဉ်းစားမည် ဆိုလျှင် ဇီဝရုပ်ကြွင်း လောင်စာများမှ စွမ်းအင် ထုတ်လုပ်နေရမှု ကို လျော့ချနိုင်ဖို့ ဆိုသည်က လွန်စွာမှ ခက်ခဲနေဦးမည် ဖြစ်သည်။

 

နိုင်ငံ တကာ စွမ်းအင် အေဂျင်စီ မှ တွက်ချက်မှု များအရ ကျောက်မီးသွေးမှ ထုတ်လွှတ်သော ကာဘွန်‌ဒိုင် အောက်ဆို‌ဒ် ပမာဏ တခုတည်း နှင့်ပင် နှစ်စဉ် ပျမ်းမျှ ကမ္ဘာ အပူချိန် 1°C တိုးမြင့်လာမှု အတွက် သုံးပုံ တပုံခန့် တာဝန် ရှိနေသည်ဟု သိရသည်။ ယခုအခါ အနောက်ဥရောပ နှင့် မြောက်အမေရိကား တွင် ကျောက်မီးသွေး အသုံးပြုမှု ကျဆင်းလာခြင်း ကြောင့် အာရှဖက်တွင် တိုး၍ သုံးစွဲလာမှု ကို ထေမိစေယုံသာ ရှိနေပေသေးသည်။

 

တရုတ်ပြည်၏ လက်ရှိ ကျောက်မီးသွေး အသုံးပြုနေမှု သည် တကမ္ဘာလုံး အတိုင်းအတာ ဖြင့် ဆိုလျှင် ထက်ဝက်ကျော်ခန့် ရှိနေသည်။ တရုတ် နှင့် အိန္ဒိယ သည် စည်းမျဉ်းစည်းကမ်း များ ချမှတ်၍ ထိန်းချုပ် လာခြင်းမျိုး မရှိပဲ ယခုအတိုင်း ဆက်သွားနေမည် ဆိုလျင် လက်ရှိ ကျောက်မီးသွေး မှ စွမ်းအင် ထုတ်ယူနေမှု ၂၇ ရာနှုန်း မှ ၂၀၄၀ တွင် ၂၀ ရာနှုန်းအထိ လျော့ချပစ်ရန် ရည်မှန်းထားမှု ပြည့်မီဖို့ ဝေးကွာနေဦးမည်သာ မက အများဆုံး အသုံးပြုနေသည့် လောင်စာ အဖြစ် ဆက်ရှိနေမည်သာ ဖြစ်သည်။

 

ပြည်လည် အားဖြည့် စွမ်းအင်များ ဖြစ်သည် လေ၊ နေရောင်ခြည်၊ ဒီရေ၊ geothermal ခေါ် ဘူမိ မြေလွှာ မှ ထုတ်လုပ်သော အပူစွမ်းအင် အစရှိသည် တို့သည် ၂၀၄၀ တွင် အသုံးပြုနေသော စွမ်းအင် ပမာဏ ၏ ၁၅ ရာနှုန်းအထိ မြင့်တက်လာမည်ဟု မျှော်လင့်နေကြသော်လည်း ကျောက်မီးသွေး နှင့် သဘာဝ ဓါတ်ငွေ့ များ၏ နောက်တွင် ရှိနေဆဲပင် ဖြစ်သည်။

 

နျူကလီယား စွမ်းအင်သည် ကနဦး ကုန်ကျစရိတ် များခြင်း၊ နိုင်ငံရေး အရ ဆန့်ကျင် ကန့်ကွက်မှု များ ကြောင့် စွမ်းအင် ထုတ်လုပ်မှု၏ ၅ ရာနှုန်းသာ ဆက်ရှိနေဦးမည် ဖြစ်သည်။

 

အတိုချုပ်အားဖြင့် ဆိုရလျင် လောင်စာများကို အရည်အသွေး ကောင်းကောင်း တီထွင် ထုတ်လုပ်လာနိုင်စွမ်း ရှိသော်လည်း တကမ္ဘာလုံး အတိုင်းအတာ ဖြင့် စွမ်းအင် သုံးစွဲနေမှု သည် ဆက်၍ မြင့်တက်နေဦးမည် သာ ဖြစ်၍ အနာဂတ် တွင် ရာသီ‌‌ဥတု ပြောင်းလဲလာသည့် အရေး နှင့် ဆက်၍ ရင်ဆိုင်နေရဦးမည်သာ ဖြစ်သည်။

 

လက်ရှိတွင်လည်း ထိုအရေး ကို လျော့ပါးသက်သာ အောင် အာဏာဖြင့် ကြပ်မပ်ပေးနိုင်မည့် ကမ္ဘာအဖွဲ့အစည်း သို့မဟုတ် လုပ်ထုံးလုပ်နည်းများဟူ၍ မရှိသေးပေး။ လက်ရှိ နိုင်ငံ အလိုက်၊ ဒေသ အလိုက်လျော့ပါးအောင် ကြိုးပမ်းအားထုတ်နေမှု များသည် ကိုယ်ပိုင် အသိစိတ် ဖြင့် သာ ဆောင်ရွက်နေကြခြင်း မျိုး ဟု ဆိုရမည် ဖြစ်သည်။

 

နိုင်ငံများ အနေဖြင့် ကမ္ဘာရာသီဥတု ကို ပြောင်းလဲအောင် ဖန်တီးနေသည့် ဓါတ်ငွေ့များ ထုတ်လွှတ်နေသည့် အတိုင်းအတာ ကို လျော့ချနိုင်ရန် ရည်မှန်းချက် ကြီးကြီး ထား၍ ကြိုးပမ်းလာမှုကို တွန်းအား ဖြစ်ပေါ်စေရေး အတွက် မဖြစ်မနေ လိုက်နာရန် မလိုသည့် နိုင်ငံတကာ သဘောတူညီချက် တရပ် ထွက်ပေါ်လာအောင် တွန်းအားပေး သင့်ပေသည်။

 

ထိုသို့ တကမ္ဘာလုံး အတွက် ရာသီဥတု ဆိုင်ရာ မူဝါဒ တရပ် ထွက်ပေါ်လာရေး အတွက် မည်သို့ မည်ပုံ ချည်းကပ် ဆောင်ရွက်သင့်နှင့် ပတ်သက်၍ အကြံပေးမှု အများအပြား ထွက်ပေါ်လာခဲ့သည်။ ထိုအထဲတွင် cap and trade ဆိုသည့် အိုင်ဒီယာ လည်း ပါဝင်ခဲ့သည်။ ဤသည်က ကမ္ဘာအစိုးရ များ အနေဖြင့် ကာဘွန် ထုတ်လုပ်မှု ပမာဏ ကို ကန့်သတ်ခြင်း နှင့် ထိုပမာဏ အထိ ထုတ်လုပ်ရန် မလိုသေးသူ များက သတ်မှတ်ထားသည်ထက် ပို ထုတ်ရန်လိုအပ်နေသူများ ‌အား ရောင်းချခြင်းမျိုး ဆိုသည်ကို သဘောတူလာရေးပင် ဖြစ်သည်။

 

နိုင်ငံ တနိုင်ငံ အနေဖြင့် ခွဲတမ်း တခုစီ ရှိထားသင့်သည်။ နိုင်ငံများ အနေဖြင့် အထက်တွင် ဆိုခဲ့သည့် ကာဘွန် ထုတ်လုပ်မှု ကို အရောင်းအဝယ် လုပ်၍ ရမည့် ဈေးကွက်ကြီး တခု တည်ထောင်ထားသင့်သည်။ ထိုသို့ ခွဲတမ်းများကိုလည်း တကမ္ဘာလုံး ထုတ်လုပ်ရန် သတ်မှတ်ထားသည့် ပမာဏ ထဲမှ ခွဲဝေ ချထားခြင်းမျိုး ဖြစ်ရမည်။ နိုင်ငံ တနိုင်ငံ စီ အတွက်လည်း လျော့ချမည်ဆိုက မည်သို့သော အကျိုးများ ရှိလာနိုင်သည် ဆိုသည် ဆွဲဆောင်မှု မျိုး ရှိရမည် ဖြစ်သည်။ အခြားနိုင်ငံများက ပါဝင်လာခြင်း မရှိသည့်တိုင် နိုင်ငံတခုချင်းစီ အနေဖြင့် မိမိတို့ နိုင်ငံ အတွင်းရှိ ကုမ္ပဏီများ အတွက် ထိုကဲ့သို့ cap and trade ပုံစံမျိုး ချမှတ်ထားသင့် ပေသည်။