ကျွန်တော် ဘုရင်ခံချုပ်(5)

by Hla Soewai - Feb 23 2020

အခန်း (၂)

တကိုယ်တော် ခရီး

၁၉၄၇ နယူးရီယား ဒေး၊ ဆီရီရမ်ပါ၊ နိူကာလီ

 

ဒေါင်းနင်းလမ်း နှင့် မိုင် ၆,၀၀၀ ခန့် ကွာဝေးသော ဘင်္ဂလား ပင်လယ်အော်အထက်ပိုင်း ဂင်္ဂါ မြစ်ဝှမ်း အရပ်ရှိ ရွာလေးတရွာတွင် ဖြစ်သည်။ အဖိုးအိုတယောက်သည် လယ်သမား တဦး၏ ညစ်ထပ်ထပ် ကြမ်းပြင်ပေါ်တွင် ခြေဆန့်လက်ဆန့် လုပ်၍ လဲလျောင်းနေသည်။ ထို အဖိုးအိုသည် သူ့လက်ထောက် ကမ်းပေးလိုက်သော ၀ါဂွမ်းစ နှင့် လုပ်ထားသည့် အိတ်တအိတ် ကို လှမ်းယူလိုက်သည်။ အိတ် ထဲတွင် ရှိနေသည့် ရွှံ့ညွံနှစ်များ၏ အနံ့က အပြင်သို့ ထွက်လာနေသည်။ အဖိုးအိုက အိတ်ကို သေချာ ဂရုတစိုက် ဖြင့် ရင်ဘတ်ပေါ် တင်လိုက်ပြီး နောက်ထပ် အိတ်သေးတလုံးကို ထပ်ယူကာ နဖူးပေါ် တွင် ကပ်လိုက်ပြန်သည်။

 

လဲလျှောင်းနေသော အဖိုးအို သည် တုန်တုန်ချိချိ နှင့် ဖြစ်နေပုံ ရှိသည်ဟု ထင်ရသည်။ သို့သော် အပြင်ပန်းတွင်သာ ထိုသို့ ရှိပုံရသော်လည်း အသက် ၇၇ နှစ်ရှိပြီ ဖြစ်သော အဖိုးအို သည်ကား နှယ်နှယ်ရရ တော့ မဟုတ်ပေ။ ဗြိတိသျှ အင်ပိုင်ယာကြီးကို ပြိုလဲသွားအောင် အိန္ဒိယ တွင် သက်ရှိထင်ရှား ရှိနေသူများ အားလုံးထက် သူက ပို၍ အစွမ်းထက်အောင် ပြုလုပ်နိူင်ခဲ့သူပင် ဖြစ်သည်။ သူ့အတွက်ကြောင့်ပင် ဗြိတိသျှ ၀န်ကြီးချုပ် ကိုယ်တိုင် ၀ိတိုရိယ ဘုရင်မကြီး၏ မြစ်တော်သူ တဦးကို နယူးဒေလီ သို့ စေလွှတ်ပေးခဲ့ရသည် မဟုတ်ပါလား။

 

သူ့ဘေးတွင် ချထားသော ကမ္ဘာကြီးကို ထိုးဖေါက်ကြည့်တတ်သည့် သံမဏိ ဂိုင်း မျက်မှန် အ၀ိုင်းလေး တလက် နှင့် အံသွားအတု လေးကို ကြည့်မည် ဆိုက မွန်ဟန်ဒါ ကာရမ်ချမ် ဂန္ဒီ ဆိုသူသည် တကယ်တော့ မည်သို့မျှ တော်လှန်ရေး သမား ပုံမပေါက်၊ ၎င်းကို ကြည့်ပြီး ကမ္ဘာပေါ်တွင် အထင်ရှာဆုံး လွတ်မြောက်ရေး လှုပ်ရှားမှု အဖွဲ့ကြီး၏ ပရောဟိတ်ကြီး တပါးဟု မည်သူမျှ ယူဆကြလိမ့်မည်လည်း မဟုတ်ပေ။
လူပုံက ခပ်သေးသေး၊ အရပ် ငါးပေခန့်သာရှိပြီး ကိုယ်အလေးချိန် မှာ ၁၁၄ ပေါင်သာ ရှိသည်။ ခြေတံလက်တံများက အရိုးပြိုင်းပြိုင်း နှင့်လည်း ဖြစ်သည်။

 

အကြမ်းဖက်မှုများ နှင့် ပြည့်နှက်နေသော ရာစုနှစ်ကြီး အတွက် ဂန္ဒီသည် အခြား ရွေးချယ်နိူင်ခွင့် တခုကို လမ်းပြပေးခဲ့ပြီလည်း ဖြစ်သည်။ ဤသည်ကား အကြမ်းမဖက်ရေး သဘောတရား အဟိံသ တရားahimsa ဆိုသည်ပင် ဖြစ်သည်။ ထိုဝါဒ ဖြင့် ဗြိတိသျှ တို့အား လက်နက်ကိုင် တော်လှန်စရာ မလိုပဲ စိတ်ဓါတ် စစ်ဆင်ရေး ဖြင့် အိန္ဒိယ ကုန်းမြေကြီးမှ မောင်းထုတ်ရန် လူထုကြီးအား စည်းရုံးနိူင်ခဲ့သည်။ စက်သေနတ် များ အစား ဆုတောင်း ၀တ်ပြုခြင်း ဖြင့် အောင်ပွဲဆီသို့ ချီတက်နိူင်ခဲ့သည်။ ဗုံးများ အစား တိတ်ဆိတ် ငြိမ်သက်မှု ဖြင့် လွှမ်းမိုးလာနိူင်ခဲ့သည်။

 

ဥရောပ အနောက်ခြမ်း တွင် အာဏာရှင်များ နှင့် လူထုကို လိမ်လည်နေကြသော ခေါင်းဆောင်များ က အာပေါင်အာရင်းသန်သန် မိန့်ခွန်းရှည်ကြီးများ ဖြင့် ပြောဟော ရှုတ်ချနေခိုက်တွင် ဂန္ဒီကား သူ၏ လေသံကို တစက်ကလေးမျှပင် မြှင့်တင်စရာ မလိုပဲနှင့် ကမ္ဘာ လူဦးရေ အထူထပ်ဆုံး အရပ်ရှိ လူများ ကို နိူးကြားလာအောင် လှုံ့ဆော်နိူင်ခဲ့ပြန်သည်။ သူ၏ အလံတော် အောက်သို့ ခိုဝင်လာအောင် ငွေကြေး နှင့် အခွင့်ထူးများ ရမည်ဟုလည်း ကတိများဖြင့် ခေါ်ယူခဲ့ခြင်း မဟုတ်။ သူ လှုံဆော်ခဲ့သည်ကတော့ “ကျွနူပ်နောက်သို့ လိုက်ပါကြမည့် လူများ အနေဖြင့် ကြမ်းပြင်ပေါ်တွင်လည်း အိပ်ရမည်၊ အ၀တ်အစား အညံစား မကောင်းတာတွေလည်း ၀တ်သင့် ရင် ၀တ်ရမယ်၊ မနက် အစောကြီးထရမယ်၊ အစားအသောက်ဆိုလည်း ဖြစ်သလိုပဲ၊ ကိုယ့်ရဲ့ အိမ်သာကို ကိုယ်ကိုတိုင် ဆေးရမယ်” ဟူ၍ပင်။ နောက်လိုက်နောက်ပါများ အား ယူနီဖောင်းများ အစား ချည်ကြမ်းဖြင့် ချုပ်ထားသော အ၀တ်ကြမ်းများကိုသာ ၀တ်ဆင်စေသည်။ ထို ချည်ကြမ်း အဖြူထည် အင်္ကျီ များက ဥရောပ အာဏာရှင်များ၏ ရှပ်ညို ရှပ်နက်များကဲ့သို့ ချက်ခြင်းလို လူအများ မှတ်မိစေပြီး စိတ်ဓါတ်စစ်ဆင်ရေး တွင် အလွန် ထိရောက်ခဲ့ရသည်။

 

သူ့နောက်လိုက်များ နှင့် ကွန်ဂရက်ပါတီ အစည်းအဝေးများသို့ စာဖြင့် ရေးသား ဆက်သွယ်လေ့ရှိသည်။ ဂန္ဒီ၏ အပြုအမူ များ က ရိုးရှင်းလှသဖြင့် အိန္ဒိယ ၏ ၀ိညာဉ် ကို နိူးထစေခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ ရာစုနှစ်ပေါင်း များစွာ အတွင်း မကြာခဏ ဖြစ်ပွားခဲ့သော အစာငတ်မွတ်ခေါင်းပါးခြင်း ဆိုသည့် ဘေးသင့်ခဲ့ရသည့် တိုင်းပြည်ကြီးတွင် ဂန္ဒီက သူကိုယ်တိုင် ရေ နှင့် ဓါတ်ဆား ရည်သာ သောက်ပြီး ဗြိတိန် နိူင်ငံတော်ကြီးအား မာန်စွယ် ချိုးခဲ့ပြန်သည်။

 

နတ်ဘုရားများသာ ကိုးကွယ်လိုကြသော လူများ နေထိုင်ရာ အရပ်တွင် မဟတ္တမ ခေါ်သည့် မဟာလူသားကြီး၏ ပြုမူ ဆောင်ရွက်မှုများ အပေါ် အလွယ်တကူ ညွတ်နူးလာကြသည်မှာလည်း အဆန်းတော့ မဟုတ်ပေ။ သို့သော် အိန္ဒိယ ဘုရင်ခံချုပ် ဝေဗဲလ် အပါအ၀င် ဗြိတိသျှ ဗြူရိုကရက်များသည် ဂန္ဒီကို အထင်သေး ရွံရှာခဲ့ကြသည်။ ကောက်ကျစ် ဥာဏ်များသော လျှာ နှစ်ခွ နှင့် နိူင်ငံရေး သမားဟု ခေါ်ဝေါ်ခဲ့ကြသည်။

 

ယခုနှစ် နှစ်သစ်ကူးနေ့ ဂန္ဒီ ရောက်ရှိခဲ့သည့် ဆရီရမ်ပူ ရွာကလေးကား နိူကာလီ ခရိုင်အတွင်း ရှိပြီး သွားလာမှု အခက်ခဲဆုံး အရပ်လည်း ဖြစ်သည်။ ဘူမိပူထရ မြစ်နှင့် ဂင်္ဂါ မြစ်တို့ ဆုံရာ မြစ်ဝကျွန်းပေါ် တခု ဖြစ်ပြီး ကျွန်းငယ်လေးများ ဖြင့် ဖွဲ့စည်းထားသော ဒေသ ဖြစ်သည်။ စတုရန်းမိုင် လေးဆယ် မျှသာ ကျယ်ဝန်းသည့် အရပ်တွင် လူဦးရေ ငါးသိန်းခန့် စုပြုံနေထိုင်လျက် ရှိသည်။ တနေရာနှင့်တနေရာ မြစ်များ၊ ချောင်းများ ကြားမှ လှေများဖြင့် သွားလာရပြီး ထိုမြစ်ချောင်းငယ် လေးများ ပေါ်တွင် ဖြတ်၍ ခနော်နီ ခနော်နဲ့ ဆောက်လုပ်ထားသော ဝါးတံတားလေးများလည်း မှိုလိုပေါက်နေပြန်သည်။

 

ထိုအချိန်သည်ကား သူ့ဘ၀ တလျှောက်လုံးနီးပါး ရုန်းကန် တိုက်ပွဲဝင်ခဲ့သော အိန္ဒိယ လွတ်လပ်ရေး၏ ရောင်ခြည်ကား သန်းလာနေပြီ ဖြစ်၍ ဆရီရမ်ပူတွင် ရောက်နေသော ဂန္ဒီအဖို့ ကျေနပ်အားရ မည်ဆိုလည်း ကျေနပ်အားရသင့်နေပြီ ဖြစ်သည်။ သို့သော် သူသည် အလွန်အမင်းကို စိတ်မချမ်းမြေ့ ဖြစ်နေခဲ့ရသည်။ ထိုသို့ စိတ်မချမ်းမြေ့ ဖြစ်ရသည့် အကြောင်းရင်းကလည်း သူ ရောက်ခဲ့သည့် ရွာတိုင်းတွင် အထင်အရှား တွေ့နေရသည်။ ထိုဖြစ်ရပ်များ သည်လည်း ကလီမင် အက်တလီ ၏ စားပွဲပေါ်သို့ အစီရင်ခံစာများအဖြစ် နေ့စဉ်နှင့် အမျှ ရောက်နေရပြီလည်း ဖြစ်သည်။ ထိုအထဲတွင် တယူသန် ခေါင်းဆောင်များ၏ သွေးထိုး မြှောက်ပင့်ပေးမှုကြောင့် ကာလကတ္တားတွင် ဟိန္ဒူများက မူဆလင်များကို သတ်ဖြတ်နေကြသည့် သတင်းကလည်း ထိပ်ဆုံးမှ ပါနေမည်သာ ဖြစ်သည်။ ထို့အတွက် ယခု သူရောက်ရှိနေသောနိူကာလီ အရပ်ရှိ မူဆလင်များသည် ဟိန္ဒူ လူနည်းစု များကို ရုတ်ခြည်း ဆိုသလို ရွံရှာ မုန်းတီးလာနေခဲ့ကြပြီ ဖြစ်သည်။ တသက်လုံး အတူနေလာခဲ့ကြသည့် အိမ်နီးချင်းများကို သတ်ဖြတ်ခြင်း၊ အဓမ္မ ပြုကျင့်ခြင်း၊ မီးရှို့ လုယက်ခြင်း များ အပြင် ဟိန္ဒူများ အထွတ်အမြတ်ထားသည့် အမဲသားကိုပင် အတင်းအကျပ် စားခိုင်းခဲ့ကြသည်။ ထိုသို့သော အကြမ်းဖက်မှုများကြောင့် ဟိန္ဒူများက လယ်ကွင်းများကို ဖြတ်၍ လွတ်ရာ ကျွတ်ရာ ထွက်ပြေးကုန်ကြရသည်။ ဆရီရမ်ပူ ရွာရှိ အိမ်တ၀က်နီးပါးက မီးလောင်ငုတ်တိုများ သာ ကျန်ခဲ့ရပေသည်။ ဂန္ဒီ လဲလျှောင်း နားနေရာ တဲ သည်ပင် တ၀က်တပျက် မီးလောင်ကျွမ်းခံခဲ့ရသည်။

 

နိူကာလီ တွင် ဖြစ်ခဲ့သည်များက ခြွင်းချက် အဖြစ် ယူဆ၍ ရနိူင်သော်လည်း ထိုသို့ ဖြစ်အောင် ဖန်တီးခဲ့သည့် အမျက်ဒေါသ ကား အိန္ဒိယ တိုက်ငယ်တခုလုံးအား အလွယ်တကူ မီးဟုန်းဟုန်း တောင်လောက်အောင် ဖန်တီးနိူင်သည့် စွမ်းပကားများ ရှိနေသည်ကို ဂန္ဒီ သဘောပေါက်လာ၍လည်း ဖြစ်သည်။ ယခုပင် ကာလကတ္တားက စလိုက်သော ပြဿနာသည် အနောက်မြောက်ပိုင်းရှိ ဘီဟာသို့ပင် ကူးစက်လာနေပြီ ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း အက်တလီသည် အပန်းဖြေနေသည့် လူတဦးအား ဆင့်ခေါ်ပြီး ဘုရင်ခံချုပ် အဖြစ် အပူတပြင်း စေလွှတ်လိုက်ခြင်းလည်း ဖြစ်ပေသည်။

 

တိုင်းပြည်အဖို့ အောင်ပွဲခံ နိူင်ရန် တဖြေးဖြေး နီးကပ်လာသည်နှင့်အမျှ နိူင်ငံသားများသည် တဦး နှင့်တဦး သတ်ဖြတ် ကုန်ကြပြီ လည်း ဖြစ်သည်။ ဤအဖြစ်အပျက် များ ကြောင့် ဂန္ဒီ အဖို့ နှလုံးကွဲကြေမတတ် ခံစားနေရခြင်း ဖြစ်သည်။ သူ၏နိုင်ငံသားများသည် လွတ်လပ်ရေး အတွက် သူ ညွှန်ပြရာ လမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြသော်လည်း ပန်းတိုင်သို့ အရောက်ပို့ပေးနိူင်ခဲ့သည့် ထိုလမ်းစဉ်၏ အနှစ်သာရ ဖြစ်သော အကြမ်းမဖက်ရေး ဆိုသည်ကို နားလည် သဘောပေါက်ခြင်း မရှိခဲ့ကြပေ။ ဂန္ဒီ အဖို့ကား အကြမ်းမဖက်ရေး လမ်းစဉ်ကို နက်ရှိုင်းစွာ ယုံကြည်ထားခဲ့သူလည်း ဖြစ်သည်။ လူအများ အစုလိုက် အပြုံလိုက် ဓါတ်ငွေ့လွှတ်ပြီး အသတ်ခံခဲ့ရခြင်းများ၊ နျူကလီယား မီးလောင်တိုက်သွင်းခံရခြင်းများကို ကြားသိလာရသော သူ့အဖို့ ထိုလမ်းစဉ်သည်သာ လူသားများကို ကယ်တင်နိူင်လိမ့်မည် ဆိုသည်ကို သက်သေပြခဲ့သည့် အကြောင်းများဟု ခံယူခဲ့သည်။ ထိုလမ်းစဉ်သည်သာ လူသားများ ရင်ဆိုင်နေရသော အကြပ်အတည်း၏ တခုတည်းသော ထွက်ပေါက် ဖြစ်သည်ကို အာရှ တိုက် တခွင်လုံးသာမက တကမ္ဘာလုံးကို အိန္ဒိယ ပြည်သစ်ကြီးက သက်သေပြနိူင်ခဲ့ပြီဟု ပြောလိုသော ဆန္ဒလည်း ပြင်းပြစွာ ဖြစ်ပေါ်နေမိပြန်သည်။

 

ဂန္ဒီအဖို့ စိတ်ထိခိုက်စရာ အကြောင်းတခုမှာ ဘာသာရေး အကြောင်းများကြောင့် အိန္ဒိယ နိူင်ငံကြီး ခွဲခြမ်း စိတ်ဖြာ ခံရတော့မည် ဆိုသည်လျှင် သူ တသက်လုံး ရပ်တည် ယုံကြည်လာခဲ့မှုများ အပေါ် မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားနေရခြင်းပင် ဖြစ်သည်။ သူ ချစ်မြတ်နိူးသော နိူင်ငံကြီးအား ပိုင်းခြားပေးရန် မူဆလင် နိူင်ငံရေး သမား များက တောင်းဆိုလာနေကြပြီး အုပ်ချုပ်သူ အင်္ဂလိပ်များကလည်း လက်ခံဖို့ အသင့် ရှိနေပြီ ဆိုသည်ကို သိလာရလေ သူ့ခန္ဓာကိုယ် တခုလုံး ယိုင်လဲမတတ် ခံစားရလေ ဖြစ်သည်။ စိတ်ထဲတွင် အိန္ဒိယ ပြည်သူများ နှင့် ၎င်းတို့၏ ယုံကြည် ကိုးကွယ်မှုများသည်ကား အရှေ့တိုင်း ကော်ဇောတချပ်လို တခုနှင့် တခု ယှက်နွယ်ပြီး သိမ်မွေ့စွာ ရက်လုပ်ထားခြင်းဟုလည်း ခံယူထားခဲ့သူ ဖြစ်သည်။

 

ယခုလို ဆရီရှမ်ပူ ရွာကလေးသို့ ရောက်လာရခြင်းမှာလည်း သူ၏ ယုံကြည်သက်ဝင်မှု ကို ရှာဖွေရန်နှင့် အိန္ဒိယ တနိူင်ငံလုံး ကို ကူးစက် စွဲကပ်လာတော့မည့် ရောဂါဆိုးကြီးရန်မှ ကာကွယ်ရန် အတွက် ဖြစ်သည်။