ရခိုင် စစ်မျက် နှာ ၏ နောက်ကွယ်

by Hla Soewai - May 21 2024

ရက္ခိုင် တပ်တော် အေအေ သည် ပြီးခဲ့သည့် ‌၆ လအတွင်း စစ်ကောင်စီ တပ်များအား ၎င်းတို့၏ စစ်စခန်း များ၊ မြို့ရွာများမှ ဆက်တိုက်ဆိုသလို မောင်းထုတ်နေခဲ့ပြီးနောက် ယခုအခါ သုံးပွင့်ဆိုင် ပဋိပက္ခ နှင့် ရင်ဆိုင်လာရပြီဟု အစချီကာ နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ International Crisis Group (CGI) မှ အစီရင်ခံစာ ထုတ်ပြန်လာသည်ကို ကောက်နှုတ်တင်ပြသွားပါမည်။

 

စစ်ကောင်စီ သည် ကြံရာမရ ဖြစ်လာသည့် အဆုံး လူမျိုးရေး မုန်းတီးမှု များ ဖန်တီးပြီး လူနည်းစု ရိုဟင်ဂျာ များကို ၎င်းတို့ဖက် ပါလာအောင် အတင်း ဆွဲသွင်းလာနေသည်။ ရခိုင် အား ရက္ခိတ လမ်းစဉ် ဖြင့် ရက္ခိုင် လူမျိုး များ သာ အုပ်ချုပ်သွားမည့် အရေးအားလည်း ရိုဟင်ဂျာ အချို့ စိုးရိမ်မကင်း ဖြစ်လာကြသည်။ စစ်ကောင်စီ သည် ၎င်းတို့ ရှုံးနိမ့်နေမှု အား ဗုဒ္ဓဘာသာ ရခိူင် တိုင်းရင်းသားများ နှင့် ရိုဟင်ဂျာ မူဆလင်တို့၏ စစ်ပွဲ အဖြစ် အသွင်ပြောင်းပစ်ရန် ပြင်ဆင်လာခြင်းပင် ဖြစ်သည်။

 

လက်ရှိ စစ်ပွဲသည် အေအေ နှင့် နိုင်ငံ အနှံ့ ဗျာများ‌ နေသော စစ်တပ် အကြား တတိယ အကြိမ်မြောက် ဖြစ်ပွားလာခြင်း ဖြစ်သည်၊ အပစ်အခတ် ရပ်စဲထားစဉ် အတွင်း အေအေ သည် အုပ်ချုပ်ရေး ယန္တရား နှင့် စစ်အင်အား အပြင် တိုက်စွမ်းရည်ကိုပါ တိုးချဲ့ တည်ဆောက်နိုင်ခဲ့၍ မြို့တော် စစ်တွေ နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုပါ မကြာမီ သိမ်းယူ နိုင်တော့မည်လည်း ဖြစ်သည်။

 

ထိုသို့ အံ့ဩဖွယ် ကောင်းသည့် အရှိန်အဟုန် ဖြင့် လှုပ်ရှား လာနိုင်၍ လည်း တိုင်းရင်းသား လူနည်းစု များ အကြား ရက္ခိုင်တို့သည် နိုင်ငံ အတွင်း ပထမ ဆုံး အကြိမ် ကိုယ့်မင်းကိုယ်ချင်း သီးခြား အုပ်ချုပ်သွားနိုင်တော့ မည့် mini-state တခု ဖန်တီး နိုင်တော့မည် ဖြစ်သည်။

 

အေအေ၏ ထိုးစစ် ကြီး စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာ မတိုင်မီ တွင် လူနည်းစု ရိုဟင်ဂျာ တို့ နှင့် ဆက်ဆံရေး အဆင်ပြေ လာသည့် လက္ခဏာများ တွေ့လာခဲ့ရသည်။ စစ်ခေါင်းဆောင်ပိုင်းကလည်း ရိုဟင်ဂျာများ နှင့် အဆင်ပြေအောင် လိုက်လိုက်လျောလျော ဆက်ဆံလာကြသည်။

 

အေအေ သည် ယခုအခါ ရိုဟင်ဂျာ အများစု နေထိုင်ရာ နယ်မြေများ အားလုံးလိုလို သိမ်းယူ နိုင်တော့မည့် အချိန်တွင် ၎င်းတို့နှင့် ဆက်ဆံရေး အဆင်ပြေရန် အေအေ၏ နှစ်ပေါင်း အတန်ကြာ ကြိုးပမ်းလာမှုများ ထိခိုက်စ ပြုလာခဲ့သည်။

 

ထိုသို့ ဖြစ်လာရခြင်းသည် စစ်တပ်မှ စစ်အင်အား ဖြည့်တင်းရန် အပြင်းအထန် လုံးပမ်းလာချိန်က စခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ နိုင်ငံ အနှံ့အပြားရှိ လူငယ်များသည် မင်းအောင်လှိုင်၏ စစ်ထဲဝင်ရမည် ဆိုသော အမိန့်ကို ပြည်ပ သို့မဟုတ် စစ်တပ် ထိန်းချုပ်မှု အောက်တွင် မရှိသော ဒေသများသို့ တိမ်းရှောင်နိုင်ကြသော်လည်း ရိုဟင်ဂျာ များ အဖို့က ပြေးစရာ မြေမရှိ ဖြစ်နေသည်။ စစ်တပ်သည်လည်း ရှေ့လျောက် အရှုံးကြီး ရှုံးလာတော့မည် ကို သိလာ၍ ကြံရာမရ ဖြစ်ကာ ရခိုင် မြောက်ပိုင်း ရှိ ရိုဟင်ဂျာ ရွာများ၊ စစ်တွေရှိ ဒုကွသည် စခန်းများ မှပါ ခေါ်ယူ စုဆောင်းလာကြတော့သည်။

 

အေအေ သည် မောင်းတော နှင့် ဘူးသီးတောင် ဒေသများ တွင် ထိုးစစ်ကို အရှိန် မြှင့်တင်လာသည် နှင့် အမျှ စစ်တပ်ကလည်း ရိုဟင်ဂျာများကို တိုး၍ စုဆောင်းလာခဲ့သည်။ အရည်အတွက် အတိအကျ မသိရသော်လည်း ပျုစောထီးကဲ့သို့ လူများ ကို ပါ ထည့်သွင်း ရေတွက် မည် ဆိုလျင် ထောင် ပေါင်းများစွာ ရှိနေလောက်ပြီ ဖြစ်သည်။ အချို့သော ရိုဟင်ဂျာ များကလည်း ၎င်းတို့ အပေါ် ရက်ရက်စက်စက် ပြုကျင့်ခဲ့ကြသည့် စစ်တပ်ထဲသို့ ၎င်းတို့ သဘော နှင့် ဝင်လာကြသည်များလည်း ရှိနေသည်။ ဤသည်ကလည်း အေအေ တို့ အပေါ် ကြောက်သည့်စိတ်၊ လစာရမည့် အပြင် နိုင်ငံသား ဖြစ်ခွင့်လည်း ရဦးမည် ဆိုသည့် သတင်းများ ကြောင့် ဖြစ်သည်ဟု ဆိုသည်။ စစ်တပ် နှင့် နီးစပ်သော ရိုဟင်ဂျာ အကြီးအကဲများကပင် လူငယ်များအား စစ်ထဲဝင်ဖို့ တိုက်တွန်းလာကြသည်။

 

စစ်တပ်ကလည်း လူမျိုးရေး တင်းမာမှု များ နှင့် အေအေ အား အကျပ်ရိုက်လာစေရန် ရိုဟင်ဂျာ များအား အေအေ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ လုပ်ရန် အတင်းအကျပ် စီစဉ်လာသည်။ ၂၀၁၇ အတွင်း "အကြမ်းဖက် သမားများ" ဟု သတ်မှတ် နှိမ်နှင်းခဲ့သည့် အာဆာ လက်နက်ကိုင်များ နှင့် ပါ ပူးပေါင်းလာခဲ့သည်။

 

ထိုအနေအထားများ ကြောင့် အေအေ စစ်ဦးစီးဌာနချုပ် တွင် ဒေါသ အမျက်ချောင်းချောင်း ထွက်လာပြီး "ဘင်္ဂါလီများ" ဟု ပြောင်းလဲ ခေါ်ဆိုကာ စစ်တပ်နှင့် ပူးပေါင်းသူ မှန်သမျှ ကို တိုက်ခိုက်ချေမှုန်း သွားမည်ဟု ထုတ်ဖေါ်ပြောဆိုလာသည်။

 

နောက်ပိုင်းတွင် တင်းမာမှု များ မြင့်တက်လာပြီး စစ်တပ်၏ လမ်းညွှန်မှု များ ဖြင့် ရိုဟင်ဂျာ လက်နက် ကိုင်များ သည် ဧပြီ ၁၁ တွင် စစ်ဘေးရှောင် ရခိုင်လူမျိုး တို့၏ ကျန်ရစ်ခဲ့သော အိမ်များကို စပြီး မီးတင်ရှို့လာကြသည်။ အေအေ အားလည်း "mogh" အကြမ်းဖက် သမား များဟု နှိမ့်ချ ခေါ်ဆို လာသည်။

 

ဤသို့ဖြင့် နှစ်ဖက် အကြား တင်းမာလာပြီး စစ်တပ် နှင့် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့များသို့ လူသစ်များ ဝင်ရောက်လာကြသည်။ အထူးသဖြင့် ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ Rohingya Solidarity Organization (RSO) အဖွဲ့သည် ရခိုင်မြောက်ပိုင်း "လွတ်မြောက်ရေး" အတွက် တိုက်ပွဲဝင်ရန် အချိန်ရောက်ပြီဟု ဒုက္ခသည် စခန်းများ အတွင်း လှည့်လည် စည်းရုံးလာကြသည်။ မကြာ‌သေးမီက အသက် ဆယ့်လေးနှစ် အရွယ် ကလေးများ အပါအဝင် ရိုဟင်ဂျာ ‌ထောင်ပေါင်းများစွာ မြန်မာဖက်သို့ ဝင်ရောက်သွားကြသည်ဟု ဒုက္ခသည် သတင်း ရပ်ကွက်များက ဆိုသည်။ အလိုအလျောက် ဝင်ရောက်လာသူများ ရှိသလို ပြောင်ပြောင် တင်းတင်း ပင် အတင်းအကျပ် ဆွဲသွင်းခံလာရသူ များလာ၍ ဒုက္ခသည်များ အိမ်အပြင်သို့ မထွက်ရဲ အောင် ဖြစ်လာကြသည်။ ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင်းများကလည်း ဟန့်တားခဲ့ခြင်း မရှိပေ။

 

အေအေ သည် ရိုဟင်ဂျာ အများစု နေထိုင်ရာ ဘူးသီးတောင် နှင့် မောင်းတောကို မကြာမီတွင် အပြည့်အဝ ထိန်းချုပ် နိုင်တော့မည် ဖြစ်၍ ထိုဒေသများတွင် တည်ငြိမ် အေးချမ်းမှု ကို တည်ဆောက်သွားလိုပါက ခြေလှမ်းကို သတိကြီးစွာ ထား၍ လျောက်လှမ်းရမည် ဖြစ်သည်။ ရိုဟင်ဂျာ များ နှင့် ယုံကြည်မှု တည်ဆောက်ရမည် ဖြစ်သည်။

 

သို့မဟုတ်က စစ်တပ်ကို မောင်းထုတ် နိုင်ခဲ့လျင်ပင် ရိုဟင်ဂျာ သောင်းကျန်းမှု နှင့် ရင်ဆိုင်ရဖို့ ရှိနေသည်။

 

ရိုဟင်ဂျာ များအား လွတ်လပ်စွာ သွားလာခွင့်၊ စီးပွားရေး အခွင့် အလန်းများ နှင့် အခြေခံ ဝန်ဆောင်မှု များ ပေးခြင်းမျိုး ဖြင့် စတင်ရမည်ဖြစ်သည်၊ ၎င်းတို့ ရှိရာ ရွာများမှ စစ်တပ်အား တိုက်ခိုက်ခြင်းမျိုး ရှောင်ရှားရမည် ဖြစ်သည်။ မိမိ တပ်ဖွဲ့ဝင်များမှ လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲလာမှုများအား ယုံကြည်ရလောက်သည် ဆိုလျှင် အလေးအနက် စုံစမ်း အရေးယူ အပြစ်ပေးရမည်၊ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့များ၏ အထက်ပိုင်း ရာထူး များ တွင် ရိုဟင်ဂျာ များအား ထည့်သွင်း ခန့်အပ်ရမည်။ 

 

နိုင်ငံတကာ တရားရုံးများမှ စစ်တပ် ကျူးလွန်သော အမှု များအား သက်သေ အထောက်အထားများ စုဆောင်းနေချိန် ဖြစ်၍ ‌အေအေ အ‌နေဖြင့် ရောထွေး ပါမသွားစေရန် ဂရုပြုရမည် ဖြစ်သည်။

 

နှစ်ဖက်စလုံး ယုံကြည်မှု တည်ဆောက်နိုင်ရန် ရိုဟင်ဂျာ ခေါင်းဆောင်ပိုင်းနှင့် ပုံမှန်လို တွေ့ဆုံ ဆွေးနွေးသင့်သည်။ ဘင်္ဂလားဒေ့ရှ် အနေဖြင့်လည်း ၎င်းတို့ လက်ခံထား‌သော ဒုက္ခသည်များအား အေအေ ကသာ ပြန်လည် ခေါ်ယူနိုင်စွမ်း ရှိသည်ကို သဘောပေါက်ထားရမည် ဖြစ်သည်။

 

စစ်တပ်သည် အေအေ ဖက်မှ ရှေ့သို့တိုးလာနေမှုကို ဟန့်တားရန် နည်းမျိုးစုံ သုံးတော့မည်ကို ရိုဟင်ဂျာ များ ဖက်မှ သဘောပေါက်ရမည် ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့သာ အင်အား တောင့်တင်းလှသော ရက္ခိုင် တပ်တော် နှင့် ရင်ဆိုင်ရဖို့ ဖြစ်လာပေတော့မည်၊ ယခု အခါ နှစ်ဖက်စလုံး ထိုအနေအထား အထိ မရောက်ရန် နောက်ပြန်ဆုပ်ဖို့ အချိန်မီသေးသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!