မွေးရာပါ အခွင့်အရေး များပင် ဆုံးရှူံးသွားခဲ့ကြရပြီ

by Hla Soewai - May 21 2024

စစ်အာဏာပိုင်များသည် လူထု ခေါင်းဆောင်များကိုအကျဉ်းချထားယုံ သာမက ယခုအခါ ပြည်သူများကို ပင် နိုင်ငံ တွင်း အကျယ်ချုပ် ဖြင့် ထားရှိလိုက်ပြီ ဖြစ်သည်။

 

ထိုအချက်ကို ထင်ထင်ရှားရှား တွေ့လာရသည်က မအမျိုးသား များအား ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်ခွင့်ကို ယာယီ ရပ်ဆိုင်းလိုက်သည်ဟု ပြောဆို ခဲ့မှုပင် ဖြစ်သည်။

 

ထို သို့ ပြောခဲ့သည့် အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဆိုသူ ညွန့်ဝင်းမှပင် ရက်အနည်းငယ် အတွင်းမှာပင် အသက် ၂၃ မှ ၃၁ နှစ် အတွင်း အမျိုးသား များကို ထွက်ခွာခွင့် မပြုပဲ ကျန် လူများကို ခွင့်ပြုသည်ဟု ပြောလာပြန်သည်။ တိုး၍ လာသည်က ယခင်က မေလ ၁ ရက် မတိုင်မီ လျောက်ထားသူများ ခွင့်ပြုသည် ဟု ဆိုသော်လည်း ယခု အခါ အားလုံး ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။

 

ဤသည်က နိုင်ငံသားများ၏ အခြေခံ လူ့အခွင့် အရေး ဖြစ်သည့် လွတ်လပ်စွာ သွားလာပိုင်ခွင့် ကို တပါတည်း ပယ်ဖျက်လိုက်ခြင်းပင် ဖြစ်သည်။

 

နိုင်ငံ တွင်း မကြုံဖူးအောင် အထွေထွေ ကျပ်တည်းမှု ကြီး နှင့် တနေ့တခြား တိုး၍ ရင်ဆိုင်နေရသော ပြည်သူများ အဖို့ တခုတည်းသော မျှော်လင့်ချက် ဖြစ်သည့် ပြည်ပ အလုပ် ထွက်လုပ်ခွင့် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

 

ထိုလူငယ်များ အတွက်လည်း ပြည်တွင်း တွင် အလုပ် လုပ်ကိုင်နိုင်မည့် အခွင့် အလန်း ဟူ၍လည်း မဆိုသလောက်သာ ရှိနေပြန်သည်။

 

ရှိသမျှနှင့် ကြံဖန် အသက်မွေးမည် ဆိုပြန်လည်း စစ်အာဏာပိုင်များက ၎င်းတို့ဖက်မှ ခုခံ တိုက်ခိုက်ပေးရမည် ဆိုကာ အတင်းအကျပ် စစ်ထဲ ဆွဲသွင်းနေ၍ လူလတ်တန်းစား များ နှင့် အခြေခံ လူတန်းစားများ၏ စားဝတ်နေရေး နှင့် ဘဝ လုံခြုံ‌ ရေး ကို အန္တရာယ် ပြုလာ နေပေပြီ။

 

ဤသည်ကပင် လူ့အခွင့် အရေး များ တွင် အနည်းဆုံး အဖြစ် အစိုးရ မှ အာမခံချက် ပေးရမည့် နိုင်ငံသားများ၏ အသက်ရှင် ရပ်တည်ပိုင်ခွင့်ကိုပါ စစ်အာဏာပိုင်များက ချိုးဖောက်လိုက်ကြခြင်းပင် ဖြစ်သည်။

 

နောက်ထပ် အခြေခံ ကျသည့် လူ့အခွင့် အရေး ဖြစ်သည့် လွတ်လပ်စွာ သွားလာခွင့်၊ ရောင်းဝယ် ဖေါက်ကားခွင့် ဆိုသည်ကလည်း ကွယ်ပျောက်လု နီးနီး ဖြစ်နေသည်မှာ ကြာမြင်ခဲ့ချေပြီ။

 

လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်၊ ပြောဆို ရေးသား ပိုင်ခွင့် များကို အသာထားဘိဦး၊ လူတယောက် အမိ ဝမ်းတွင်း မှ ကျွတ်သည် နှင့် တပါတည်း ပါလာသည့် အခွင့်အရေး များ ဖြစ်သော အသက်ရှင် ရပ်တည် ပိုင်ခွင့်၊ လွတ်လပ်စွာ သွား လာ လှုပ်ရှားခွင့်၊ လွတ်လပ်စွာ အသက်မွေး ဝမ်းကျောင်း ပိုင်ခွင့်များပင် တနေ့တခြား ဆုံးရှုံးလာနေပြီ ဖြစ်သည်။

 

ထို့အတွက် စစ်ကောင်စီ အဖို့ လူထု နှင့် နောက်ထပ် စစ်မျက် နှာ တခု ဖွင့်လိုက်ရပြီ ဖြစ်သည်။

 

စစ်ကောင်စီ ၏ တလွဲ စီမံခန့်ခွဲမှု၊ ၎င်းတို့ ဆက်၍ အာဏာ တည်မြဲ နိုင်ရေး ကို ခြိမ်းခြောက်လာနိုင်သည့် အရာမှန်သမျှ ကို ဖယ်ရှားပစ်ရန် လက်မတွန့် မှု၊ ကမ္ဘာတွင် အကျင့်ပျက် ခြစားမှု တွင် ထိတ်တန်း ရောက်နေမှု များ ကြောင့် တိုင်းပြည်သည် ချောက်ကမ်းပါးဝ သို့ ရောက်လာနေပြီဟု ကုလသမဂ္ဂ မှ မကြာ‌ သေးမီက အသိပေး ထားပြီးလည်း ဖြစ်သည်။

 

၂၀၂၄ အတွက် ကမ္ဘာဘဏ်က သတိကြီးစွာဖြင့် ခန့်မှန်းပေးထားသည့် စီးပွားရေး တိုးတက်မှု နှုန်း တစ် ရာ နှုန်း ခန့် ရှိလိမ့်မည် ဆိုသည်ကိုပင် မှီဖို့ ခက်ခဲလာနေသည်ဟု ဝါရှင်တန် စစ်‌ ကောလိပ်မှ ပါမောက္ခ ဒေါက်တာ ဇာခါရီ အဘူဇာက တွင် ရေးသားလာသည်။ စီးပွားရေး လုပ်ငန်းများသည်လည်း ယခုအခါ ၅၆ ရာနှုန်းသာ လည်ပတ် နိုင်တော့သည်ဟုလည်း ဆိုသည်။ သဘာဝ ဓါတ်ငွေ့ အငှား ချထားမှု မှ လွဲ၍ ဝင်ငွေ အားလုံး ကျဆင်းလိုက်လာနေသည်။

 

ရင်းနှီး မြုပ်နှံ မှု အပိုင်းတွင်လည်း တရုတ် နှင့် ထိုင်းကဲ့သို့ ရသမျှ အမြတ်ထုတ်မည် ဟူသော နိုင်ငံများမှ အပ အကုန် လက်ရှောင်နေကြပြီ ဖြစ်သည်ဟု ဆောင်းပါးတွင် ပါရှိလာခဲ့သည်။

 

နိုင်ငံတကာ မှ စစ်ကောင်စီသည် ဆက်၍ ရပ်တည် နိုင်စွမ်း မရှိတော့ဟု သဘောပေါက်လာချိန်တွင် ၎င်းတို့ မျှော်လင့်သလို အကောင်းဖက်သို့ ရွေ့လျားလာလိမ့်မည်ဟု မျှော်လင့်ချက်များလည်း တဖြေးဖြေး ကုန်ဆုံး လာ နေသည်။ ၎င်းတို့ ဖန်တီး၍ ဒုက္ခသုက္ခ မျိုးစုံ ရင်ဆိုင်နေရသော လူများကို အကူအညီ များ ထိုင်ပေးနေ၍ကား မည်သို့မျှ ဆုံးခန်းတိုင်တော့မည် မဟုတ်ဆိုသည်ကိုလည်း သဘောပေါက်စ ပြုလာ‌နေသည်။

 

လက်ရှိတွင် တော့ မြန်မာ အရေးကို ဖြေရှင်းရန် ပုဂ္ဂိုလ် ရေး ကျော်ကြားလိုမှု သက်သက်ဖြင့် ဖြေရှင်းပေးပါမည်ဟူသော မရိုးသားသည့် ကမ်းလှမ်းချက်မျိုးသာ တွေ့နေရပေသည်။

 

စစ်အာဏာပိုင်များသည်လည်း ဆိုးဝါးလာနေသော စီးပွားရေး အခြေအနေများကြောင့် စစ်ပွဲကို ရေရှည် ဆက်၍ ဆင်နွှဲ နိုင်စွမ်း ထိခိုက်လာနေရပြီဖြစ်သည်၊ လူထု ဆန့်ကျင် ကန့်ကွက်မှုများကို ၈၈ က ကဲ့သို့ တခဏချင်း ဖြေရှင်း နိုင်မည် အထင် နှင့် အာဏာသိမ်းခဲ့သူများ ယခုအခါ သုံးနှစ်လုံးလုံး ပြည်သူများ၏ မဆုပ်မနစ် ခုခံ တွန်းလှန်မှု များ နှင့် ရင်ဆိုင်လာရသည့် အတွက်ကြောင့် ခြေကုန်လက်ပမ်း ကျလာ‌ နေပြီလည်း ဖြစ်သည်။

 

အထင်ရှားဆုံး က လက်နက် လူသူ အင်အား အပြည့်အစုံ၊ ဖွဲ့စည်းပုံ အပြည် ဖြင့် တိုင်းသိပြည်သိ ဆင်နွှဲလာသော အောင်ဇေယျ စစ်ဆင်ရေးသည် ဘယ်သောင် ဘယ်ကမ်း ဆိုက်နေမှန်း ပင် မသိရတော့ပေ။

 

ယခုလာမည့် မိုးရာသီ သည် စစ်ကောင်စီ ၏ ဆက်လက် ရပ်တည်ပိုင်ခွင့် ကို အပြီးသတ် ဆုံးဖြတ်ပေးနိုင်သည်ဟု နိုင်ငံတကာ မှ လေ့လာသူများက တညီတညွတ် တည်း ထင်ကြေးပေးနေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!