ရာသီဥတု ဖေါက်ပြန် ပြောင်းလဲလာမှုသည် လူတို့ နေရေးထိုင်ရေး၊ စီးပွားရေး နှင့် ကျန်းမာရေး ဆိုင်ရာ များတွင် သာမက နိုင်ငံ လုံခြုံရေး အတွက်လည်း ပြဿနာ ရှိလာသည်။
ရာသီဥတု ပြောင်းလဲလိုက်လာမှု သည် ဇီဝရုပ်ကြွင်း လောင်စာများအား အလွန်အမင်း တိုးမြှင့် သုံးစွဲလာခြင်း ကြောင့်ပင် ဖြစ်သည်။ ထိုသို့ သုံးစွဲလာ မှုသည် ပြီးခဲ့သည့် နှစ်ပေါင်း ငါးဆယ် အတွင်း သုံးဆခန့်ထိ မြင့်တက်လာခဲ့သည်။ ထိုသို့ ဖြစ်လာရခြင်းသည် လူဦးရေ တိုးပွားလာခြင်း နှင့် စီးပွားရေး တိုးတက်လာမှု များကြောင့်ပင် ဖြစ်သည်။ ပထမ ပိုင်း တွင် အမေရိကန် မှ စတင်လာခဲ့ပြီး နောက်ပိုင်း ကျန် ဖွံ့ဖြိုးပြီး နိုင်ငံများက နောက်မှ လိုက်လာခဲ့သည်။ ဖွံဖြိုးဆဲ နိုင်ငံများ ဖြစ်သော အိန္ဒိယ နှင့် တရုတ်တို့လည်း တိုးမြှင့် သုံးစွဲလာကြသည်။ အထူးသဖြင့် သယ်ယူ ပို့ဆောင်ရေး၊ အဆောက်အအုံများ နှင့် စက်မှု ကုန်ထုတ်လုပ်ငန်း ပိုင်းများ တွင် ဖြစ်သည်။
ရေနံသည် စုစုပေါင်း စွမ်းအင် သုံးစွဲမှု၏ သုံးပုံတပုံခန့် ရှိနေသည်။ ၃၀ ရာနှုန်းသည် ကျောက်မီးသွေး အား လောင်စာ အဖြစ် အသုံးပြုခဲ့ခြင်း ကြောင့် ဖြစ်သည်။ သဘာဝဓါတ်ငွေ့သည် တတိယ နေရာ တွင် ရှိပြီး ၂၀ ရာနှုန်း ပါဝင်နေသည်။ ဤသည်ကို ကြည့်မည်ဆိုက ဇီဝရုပ်ကြွင်းများ သည် သုံးစွဲခဲ့သော စွမ်းအင် ပမာဏ၏ ၈၅ ရာနှုန်းခန့် ရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။
ရေအားလျပ်စစ် သည် ၇ ရာနှုန်းခန့် ရှိနေပြီး၊ နေ ရောင်ခြည်၊ လေ နှင့် ဒီရေသုံး စွမ်းအင်သည် ၄ ရာနှုန်း နှင့် နျူကလီယား စွမ်းအင်သည် နောက်ထပ် ၄ ရာခိုင်နှုန်း ခန့် ရှိနေသည်။ နောက်ဆုံး အမျိုးအစား နှစ်ခုကြား ကွာဟချက် ရှိနေခြင်းသည် renewable energy ခေါ် ပြန်ပြည့်မြဲ စွမ်းအင် အသုံးပြုမှု ကြီးထွားလာပြီး တဖက်တွင် နျူကလီယား စွမ်းအင်သည် ကုန်ကျစရိတ် များပြားခြင်း နှင့် နိုင်ငံရေး ပြဿနာများကြောင့် လျော့နည်းကျဆင်းလာသော ကြောင့် ဖြစ်သည်။
သစ်တောများ ပြုန်းတီးလာမှုသည်လည်း ကမ္ဘာကြီး ပူနွေးလာရခြင်း ၏ အဓိက အကြောင်းအရင်းများထဲတွင် တခုအပါအဝင် ဖြစ်သည်။ စိမ်းလန်းစိုပြေ နေသော အပူပိုင်း ဒေသ သစ်တောများသည် ကာဘွန်ဒိုင် အောက်ဆိုဒ်များကို စုတ်ယူကြသည်။ သို့သော် ထိုသစ်တောများအား စိုက်ပျိုးရေး အတွက်၎င်း၊ သစ်ထုတ်လုပ်ရေး အတွက်၎င်း ခုတ်ထွင် ရှင်းလင်းပစ်ခြင်း ခံရသည့် အခါတွင်တော့ ကာဘွန်ဒိုင် အောက်ဆိုဒ် များကို စုတ်ယူနိုင်ခြင်း မရှိတော့ ယုံမက သိုလှောင်ထားသည်များပါ ထုတ်လွှတ်ပစ်လာရသည်။
ကမ္ဘာပေါ်တွင် ဘရာဇီး နှင့် အင်ဒိုနီရှားသည် သစ်တောများ အပြုန်းတီးဆုံး နိုင်ငံများ ဖြစ်လာသည်။ အဆိုပါ နိုင်ငံ များရှိ အစိုးရများက ထိုသို့ ဖြစ်လာနေသည်ကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်းမျိုး မရှိက အခြေအနေများ ပိုဆိုးလာမည်သာ ဖြစ်သည်။
လူသားများ ကြောင့် ကမ္ဘာကြီး ပူနွေးလာရသည်ကို သိပ္ပံပညာရှင်များက အမှန်တရား အဖြစ် လက်ခံလာကြပြီ ဖြစ်သည်။ အနည်းငယ်သော လူအချို့သာ ဇီဝရုပ်ကြွင်းများ အသုံးပြုခဲ့ကြ၍ ဖြစ်ပေါ်လာခြင်း သို့မဟုတ် သဘာဝ တရား အတိုင်း ကမ္ဘာကြီးသည် ယခင်ကအတိုင်း ပူလာလိုက် အေးသွားလိုက် သံသရာ လည် နေခြင်းသာ ဖြစ်သည်ဟု စောဒက တက်လာကြသည်။ သို့သော် ၎င်းတို့ ထောက်ပြသလို ဖြစ်ခဲ့သော်လည်း ယခုလောက် မြန်ဆန်သည့် နှုန်းမျိုး နှင့် ဖြစ်ပေါ်ခဲ့ခြင်းမျိုး မတွေ့ရပေ။
ရာသီဥတု ဖေါက်ပြန်လာမှုသည် အမှန်တကယ် ဖြစ်ပေါ်နေပြီး အဓိက အားဖြင့် လူသားများ ကြောင့် ဖြစ်ရသည်ဟု သိပ္ပံပညာရှင် အသိုက်အဝန်းက လက်ခံထားကြပြီး ဖြစ်သည်။ ယင်းကို ၁၀၀ ရာနှုန်း သေချာ ခြင်း မရှိဟု ဆိုသော အကြောင်းပြချက်မျိုး နှင့် လက်တွေ့မြင်နေရသော သက်သေ အထောက်အထားများ၊ ကြုံတွေ့နေရသည်များကို ငြင်းပယ်မည်ဆိုက မည်သို့မျှ ကြောင်းကျိုး ဆီလျှော်ခြင်း ရှိမည် မဟုတ်ပေ။
ကျွနုပ်တို့ အားလုံးသည် မိမိတို့ အိမ်များ ရေလွှမ်းမိုး ခံရမည်၊ မီးလောင်ပျက်စီးသွားမည်ဟု ထင်မထားသော်လည်း အိမ် အတွက် အာမခံ ဝယ်ယူထားကြရစမြဲ မဟုတ်ပါလော။ ထိုနည်းတူပင် ရာသီဥတု သည် အရင်ကနှင့် မတူ၊ ပြောင်းလဲလာနေသည် ဆိုသည်ကို ဟုတ်ပါ့မလားဟု သံသယ ဝင်နေသူများသည်လည်း တကယ်တမ်း ဖြစ်လာခဲ့လျှင် ဆိုသည့် အတွေးမျိူး ဖြင့် တန်ဖိုးကြီးကြီး မ ပေး ဆပ်ရအောင်အရံအတား သဘောမျိုး ကြိုတင် ပြင်ဆင်ထားသင့်ပေသည်။
လတ်တလော အရေးကြီးဆုံး လုပ်ရမည်က ရာသီဥတု အပြောင်းအလဲသည် တကယ်ကော ဖြစ်နေသည်လားကို ဆွေးနွေး ငြင်းခုံ နေဖို့ မဟုတ်ပဲ ဘာတွေ လုပ်သင့်လဲ ဆိုသည်ကို တိုင်ပင် ညှိနှိုင်း ကြဖို့သာ ဖြစ်သည်။
ယင်းနှင့် ပတ်သက်၍ မူဝါဒ ချမှတ်ရာတွင် သက်သာရာ ရကြောင်း မည်သို့မည်ပုံ ဆောင်ရွက်ကြမည်နည်း၊ ကာဘွန် များ ထုတ်လွှတ်နေမှု ကို မည်သို့ မည်ပုံ လျော့ချနိုင်မည်နည်း၊ ထိုသို့ အဖြေရှာနိုင်မည်ဆိုက ရာသီဥတု ပြောင်းလဲ လာနေမှု နှုန်းကို နှေးကွေးသွားအောင် လုပ်နိုင်ပေလိမ့်မည်။
ထိုနည်းလမ်းများထဲတွင် တိုးတက်လာနေသော နည်းပညာ များ ဖြင့် အသုံးပြုနေသော လောင်စာများ၏ အရည်အသွေး ပို၍ ကောင်းမွန်အောင် တီထွင် သင့်သည်။ ဥပမာအားဖြင့် ကားတစီးသည် ဓါတ်ဆီ တဂါလံလျှင် သွားနိုင်သည့် ခရီးမိုင် အကွာအဝေးကို လက်ရှိ နှုန်းထက် တိုးလာအောင် ပြုလုပ်ခြင်းမျိုး ဖြစ်သည်။ ဆီစားနှုန်း သက်သာမည့် ဂျက် အင်ဂျင်များကိုလည်း တီထွင် ရမည် ဖြစ်သည်။
ကာဘွန် ထုတ်လွှင့်မှု ကို လျော့နည်းသွားအောင် စစ်ထုတ် နိုင်မည့် filter များကိုလည်း နည်းပညာ အသုံးချ၍ ထုတ်လုပ် တပ်ဆင် ပေးနိုင်သည်။ အခြား နည်းပညာ အသုံးချ နိုင်သည့် နည်းလမ်းသည်က ထွက်ရှိလာသော ကာဘွန် များကို လေထု ထဲသို့ မရောက်မီ စုတ်ယူပြီး မြေအောက်တွင် သိုလှောင်ထားခြင်း သို့မဟုတ် အသုံးတည့်မည့် ပစ္စည်းတ မျိုးမျိုး အဖြစ် ပြောင်းလဲ ထုတ်လုပ်ခြင်းပင် ဖြစ်သည်။
ထိုနည်းလမ်းများ အတွက် ကုန်ကျစရိတ်များက ရှိလာမည်သာ ဖြစ်သည်။ တဖက်တွင်လည်း ထိုလုပ်ငန်းများ ကြောင့် အလုပ်အကိုင် အခွင့်အလန်းများ များပြားလာမည်လည်း ဖြစ်သည်။ ထိုပြင် ပိုမို သန့်စင်သော စွမ်း အင် အတွက် ဈေးကွက်လည်း ကြီးထွားလာကာ အကျိုး အမြတ်များလည်း ထွက်ရှိလာပေဦးမည်။ ထိုသို့ တာဝန်သိသိ ဖြင့် မူဝါဒများ ချမှတ်လုပ်ဆောင်မည် ဆိုက စီးပွားရေး တိုးတက်မှု ကို အဟန့်အတား ဖြစ်လာနိုင်သည် ဆိုသော အယူအဆ သည် မှန်ကန်သည် ဆိုသော အထောက်အထားမျိုး မတွေ့ရသေးပေ။