မြဝတီ ကြောင့် သဘောထား ပြောင်းရန် ဖြစ်လာသည့် ထိုင်း အနေအထား

by Hla Soewai - May 21 2024

မြဝတီ တဝိုက် တွင် မြန်မာ စစ်တပ် ၏ စစ်ရေး အရ အရေး နိမ့်လာနေမှု များ သည် ထိုင်းအား အိပ်ယာမှ လှုပ်နှိုး ခံလိုက်ရသလို ဖြစ်သွားစေခဲ့သည်ဟု နိုင်ငံတကာ အကျပ်အတည်း များ လေ့လာရေး အဖွဲ့၏ မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် အကြီးတန်း အတိုင်ပင်ခံ Thomas Kean မှ ဘန်ကောက်ပို့စ် တွင် ယခုလို ထောက်ပြ လာခဲ့သည်။ 

 

မြန်မာ စစ်တပ်၏ တပ်ကြွင်းတပ်ကျန်များသည် ယခုအခါ ကရင် အမျိုးသား တပ် KNA ဟု အမည်ပြောင်းလိုက်သည့် ယခင် နယ်ခြားစောင့် တပ် BGF ၏ အကူ အညီ ဖြင့် ၎င်းတို့ လက်လွှတ် ဆုတ်ခွာ ထွက်ပြေးခဲ့ရသော စခန်းတခုအား ပြန်လည် သိမ်းယူ နိုင်ခဲ့သည်။ သို့သော်လည်း နိုင်ငံတဝှမ်း ဖြစ်ပေါ် ပြောင်းလဲလာနေသော အခြေအနေများကို ကြည့်မည် ဆိုက စစ်တပ်သည် နယ်ခြားဒေသများကို မည်သို့မျှ ပြန်လည် ထိန်းချုပ် နိုင်စွမ်း မရှိတော့သည်ကို အထင်အရှား တွေ့လာရသည်။

 

ထို့အတွက် ထိုင်း နှင့် နယ်နမိတ်အားဖြင့် ၂,၄၁၆ ကီလိုမီတာ ထိစပ်နေသော နယ်ခြားဒေသသည် တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး စစ်တပ် အဖို့ ပြန်၍ တိုက်ယူ နိုင်မည့် အလားအလာသည်လည်း မရှိသလောက် ဖြစ်သွားခဲ့သည်။ အိမ်နီးချင်း ကရင်နီ ပြည်နယ် တွင် စစ်တပ်သည် မြို့အနည်းငယ်ကို ထိန်းချုပ်ထားနိုင်နေသော်လည်း ကရင်နီ တော်လှန်ရေး တပ်များသည် နယ်ခြား ကူးဖြတ်ရာ စခန်းများ အပါအဝင် နယ်ခြား တလျောက်လုံးကို ထိန်းချုပ်ထားသည်။

 

စစ်တပ်၏ တန်ပြန် ထိုးစစ်သည် အောင်မြင်ဖို့ထက် တော်လှန်ရေး တပ်များ မှ ထိုင်း နှင့် နယ်နမိတ် ချင်း ထိစပ်နေသော ကရင်ပြည်နယ် နှင့် တနင်္သာရီ ဒေသများ ရှိ စစ်တပ် ထိန်းချုပ်ထားဆဲ ဒေသများသို့ တိုးချဲ့ တိုက်ခိုက်လာမည့် အရေးကို ခုခံကြရတော့မည် ဖြစ်သည်။ KNLA သည် မြဝတီ မြို့ထဲမှ ပြန်ဆုတ်ပေးလိုက်သော်လည်း မြောက်ဖက်ရှိ ဖာပွန် နှင့် တနင်္သာရီရှိ ထီခီး စစ်စခန်းများကို သိမ်းယူနိုင်လိုက်သည်။

 

ထိုသို့ စစ်တပ်၏ နယ်မြေများ တဖြေးဖြေး ကျဉ်းမြောင်းလာနေမှုကြောင့် ထိုင်း၏ မြန်မာ နှင့် ဆက်ဆံနေသည့် အနေအထား ပြောင်းလဲလာမှု နှင့် မလွှဲမသွေ ကြုံရတော့မည် ဖြစ်သည်။ ထိုင်းသည် ၎င်းတို့အား အမြဲလို အန္တရာယ် ပေးနိုင်သည်ဟု ယူဆထားသော အိမ်နီးချင်း နိုင်ငံ နှင့် ကြားခံ ဇုံ တခု ဖန်တီးထားနိုင်ရန် အတွက် ၁၉၈၀ ကျော် နှစ်များ အကုန်ပိုင်း လောက်တွင် တိုင်းရင်းသား လက်နက်ကိုင် များ နှင့် နီးနီးကပ်ကပ် ဆက်ဆံလာခဲ့သည်။ မြန်မာ တွင် ဆိုရှယ်လစ် အုပ်ချုပ်ရေး ပျောက်ကွယ်သွားပြီး နောက်တွင် ထိုစဉ်က ထိုင်း ဝန်ကြီးချုပ် ချတ်တီချိုင်း ချွန်နာဗန် မှ "စစ်မြေပြင် မှ ဈေး ကွက်" အဖြစ် ပြောင်းလဲမည်ဟု ကြွေးကြော်လာပြီး ၎င်း၏ အစီအစဉ်များကို ချပြလာခဲ့သည်။

 

ဤသို့ဖြင့် တိုက်ပွဲများ လျော့ကျသွားခဲ့ပြီး နှစ်နိုင်ငံ အကြား စီးပွားရေး အရ ပေါင်းစပ်လာနိုင်ခဲ့သည်။ ဆယ်စုနှစ် နှစ်စု အကြာတွင် နယ်စပ် ဒေသ ပိုမို တည်ငြိမ်လာပြီး ကုန်သွယ်ရေးသည် ၅၀၀ ရာနှုန်း အထိ မြင့်တက်လာခဲ့သည်။

 

ယခုအခါ စစ်ပွဲများသည် နယ်စပ်ဒေသသို့ တဖန်ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။ လက်ရှိ အ‌နေအထားသည် စစ်တပ် အင်အား ချိနဲ့လာနေမှု နှင့် အတူ တိုင်းရင်းသား လက်နက်ကိုင်များသည် နယ်မြေများကို တစထက် တစ တိုး၍ သိမ်းပိုက်လာနေသည့် အတွက် နိုင်ငံသည် အက်ကြောင်းထလာ‌ နေသည့် ပကတိ တရားကို ထိုင်း အဖို့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ စိတ်မသက်မသာဖြင့် လက်ခံရတော့မည် ဖြစ်သည်။

 

ထိုအတွက် ထိုင်းအဖို့ ‌ရွေးချယ်စရာ သိတ်မရှိတော့ပဲ ယခင်ကလို တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရတော့မည် ဖြစ်သည်။ ထိုသို့ လုပ်နိုင်စရာက ကုန်သွယ်ရေး နှင့် ကူညီ ထောက်ပံ့ပေးရေး သာ ရှိသည်။

 

မြဝတီ တွင် တိုက်ပွဲများ ပြင်းထန်မလာမီ ရက်သတ္တပတ် အနည်းငယ်တွင် ထိုင်းသည် "လူသားချင်းစာနာမှု စင်္ကြန်လမ်း" ဆိုသည့် စီမံကိန်း ကို အစမ်း သဘော စတင်ခဲ့ပြီး ကရင် ပြည်နယ် အတွင်းရှိ လူ ၂၀,၀၀၀ ခန့်ကို အကူအညီများ ပေးလာခဲ့သည်။ သို့သော်လည်း ထိုလုပ်ငန်းများအား စစ်အာဏာပိုင်များ နှင့် သာ ပူးတွဲလုပ်ကိုင်ခဲ့ပြီး တိုင်းရင်းသား အဖွဲ့များကို ဘေးဖယ်ထုတ်ထားခဲ့သည်။ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများကို ထိုင်း ‌ကြက်ခြေနီ မှ မဲဆောက် ထိုင်း-မြန်မာ ချစ်ကြည်‌ ရေး တံတားတွင် စစ်တပ် အသုံးတော်ခံ မြန်မာ ကြက်ခြေနီ အသင်းသို့ လွှဲပြောင်းပေးလိုက်ခြင်း မျိုးသာ ဖြစ်သည်။

 

ထိုနောက် ကယ်ဆယ်ရေး ပစ္စည်းများကို ကေအင်ယူ ထိန်းချုပ်မှု အောက်ရှိ ရွာ နှစ်ရွာ အပါအဝင် ရွာသုံးရွာ အား ဝေငှ ပေးခဲ့သည်။ ထိုသို့ ဝေငှပေးနိုင်ဖို့ ကေအင်ယူ အား အချိန်ကပ်ပြီး မှသာ ဆက်သွယ် ညှိနှိုင်းခဲ့ကြသည်။ ကေအင်ယူ ဖက်ကလည်း ဘန်ကောက်၏ ကြိုးပမ်းမှု ကို ဖျက်လိုဖျက်ဆီး မလုပ်လိုသည်က တကြောင်း၊ အမှန်တကယ်လည်း လိုအပ်နေသည်က တကြောင်း ကြောင့် အောင့်သီး အောင့်သက် နှင့် ခွင့်ပြုပေးခဲ့ရသည်။ ကြက်ခြေနီ အဖွဲ့ဝင်များက စစ်ကောင်စီ ဖက်မှ ကိုယ်စားလှယ်များ နှင့်အတူ ဓါတ်ပုံ အရိုက်ခံရန် ရောက်လာခဲ့ကြသည်။

 

စစ်ကောင်စီ သည် ထိုသို့ အကူအညီများ ပေးလာခြင်းကို နာမည်ကောင်း ယူလိုကြသော်လည်း အဓိက တရားခံ သည် ၎င်းတို့ ဖန်တီး၍ ဖြစ်ခဲ့ရခြင်းသာ ဖြစ်သည်။ ၎င်းတို့အဖို့က တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသော နယ်မြေများကို ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်လေးဖြတ် မဟာဗျူဟာ ကို ကျင့်သုံးလာခဲ့ကြသူများ ဖြစ်သည်။

 

နေပြည်တော်သည် အာဏာ သိမ်းပြီးချိန်မှစ၍ ကုလ အကူအညီပေးရေး အစီအစဉ်များကို ရန်ကုန် မြို့ပြင် ထွက်၍ မရနိုင်သလောက် နီးနီး ဖြစ်အောင် စီမံထားခဲ့ကြသည်။ လူထု ဖက်ကလည်း ၎င်းတို့ ပါလာမည်ဆိုက အယုံအကြည် မရှိ ဖြစ်နေကြသည်။

 

ဘန်ကောက်‌ အနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး စင်္ကြန် လမ်းမကို တိုးချဲ့ လိုလျှင် ချည်းကပ်မှု ကို ပြောင်းပစ်ရပေမည်။ကုလသမဂ္ဂ၏ ခန့်မှန်းထားချက်များအရ ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီ နှင့် ကရင်ပြည်နယ်များ အတွင်း စစ်ဘေးရှောင်နေရသူ ၅၆၀,၀၀၀ ရှိနေ၍ အစားအသောက်၊ ရွက်ဖျင်တဲများ၊ ကျန်းမာရေး၊ ပညာရေး ပိုင်းများတွင် အကူအညီများ အလုံးအရင်း နှင့် လိုအပ်နေသည်။

 

ကယ်ဆယ်ရေး လုပ်ငန်းများ အမှန်တကယ် အဓိက တာဝန်ယူ ဆောင်ရွက် ပေးနေရသည့် နယ်ခြားဒေသရှိ တိုင်းရင်းသား အဖွဲ့များ နှင့် နိုင်ငံတကာ အဖွဲ့အစည်း အချို့သည် ဘေး ရောက်နေ၍ ငွေကြေးပံ့ပိုးမှု များ ရောက်လာနိုင်ဖွယ် မရှိ ဖြစ်နေသည်။

 

ထိုင်း အနေဖြင့် ပြိုင် တူ လုပ်ငန်း တရပ် အနေဖြင့် ထိုအဖွဲ့အစည်း အားလုံးနှင့် အရေးတကြီး ဆက်သွယ် ဆောင်ရွက်နိုင်မှ ဖြစ်မည်။ စစ်တပ် ၏ အခန်းကဏ္ဍ မပါစေပဲ လုပ်ငန်းစဉ်များကို သေချာကျနစွာ ချပြနိုင်မှ နိုင်ငံတကာ၏ အကူအညီများ ရလာနိုင်စရာ ရှိသည်။ ယခုအခါ ဘန်ကောက်၏ နှုတ်နည်း နေမှု ကြောင့် အကူအညီများက မဆိုသလောက်သာ ပေးနိုင်သေးသည်။

 

ကူညီ ထောက်ပံ့ခြင်းသည် ပြဿနာ အား အဖြေရှာနိုင်ရေး အတွက် တစိတ်တဒေသ အားဖြင့်သာ ရှိနေပြီး အလားတူ အရေးပါနေသည်က နယ်စပ်ဒေသ ကုန်သွယ်ရေး ပြန်လည် ဖွင့်လှစ်နိုင်မှသာ စစ်ကောင်စီ လက်လှမ်းမမှီ သည့် ဒေသများရှိ လူထု အနေဖြင့် ကုန်ပစ္စည်းများကို သင့်တင့်လျောက်ပတ်သော ဈေးနှုန်း ဖြင့် ဝယ်ယူ သုံးစွဲ နိုင်ကြမည် ဖြစ်သည်။

 

၂၀၂၄ မတ်လ တွင် ထုတ်ပြန်သော ဈေးကွက် သုတေသန ပြုချက်များအရ နိုင်ငံ အရှေ့တောင်ပိုင်းတွင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများသည် ယခင် နှစ်ကထက် စာလျှင် ၄၀ မှ ၆၀ ရာနှုန်းအထိ မြင့်တက်လာသည်ဟု သိရသည်။ နယ်စပ် ကုန်သွယ်ရေး ပြတ်တောက်သွားမှုကြောင့် အခြား ဒေသများတွင်လည်း ငွေကြေး ဖောင်းပွမှု မြင့်တက်လာခဲ့သည်။

 

မဆိုသလောက် နယ်စပ် ဖွင့်ထားမှု နှင့် တရားမဝင် ဖြတ်ကျော် မှုများကြောင့် အတိုင်းအတာ တခုအထိ ခံသာနေခြင်း ဖြစ်သည်။ ထိုင်း အာဏာပိုင်များက ကုန်စည်များကို အကန့်အသတ် နှင့်သာ ဖြတ်ကျော်ခွင့် ပြုထားသေးသည်။ "ယာယီ စစ်ဆေးရေး ဂိတ်များ" ဖွင့်ပြီး မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများကို ယခုထက်ပို၍ အမြောက်အမြား သယ်ယူခွင့် ရမည်ဆိုက ကုန်ဈေးနှုန်းများ ကျဆင်းသွားနိုင်ပေသည်။

 

ကယ်ဆယ်ထောက်ပံ့ရေး နှင့် ကုန်သွယ်မှု တိုးချဲ့ရေး များတွင် ဒေသအာဏာပိုင်များ ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်များ၊ တော်လှန်ရေး တပ်များနှင့် အတူ တွဲ၍ လုပ်ကိုင်သွားဖို့ လိုအပ်နေသည်။

 

နောက်ဆုံးတွင် နယ်ခြားဒေသရှိ လူ့အဖွဲ့အစည်းများအား ကူညီပံ့ပိုးပေးခြင်းဖြင့်သာ ထိုင်းအတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်လာပေမည်။ ထိုသို့ မဟုတ်က တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာမှုများ၊ ဒုက္ခသည်များ စိမ့်ဝင် လာမှု များသာ များပြားလာဖို့ ရှိနေသည်။

 

မြဝတီတွင် စစ်တပ်၏ ကောက်ရိုး တမျှင်ကို ဖမ်းဆုပ်ထားရသည့် အနေအထား နှင့် နိုင်ငံတဝှမ်း ‌‌ ဒေသ အများအပြားသည် စစ်ကောင်စီ၏ ထိန်းချုပ်မှု အောက်တွင် မရှိ‌ တော့သည်ကို သဘောပေါက်မည်ဆိုလျှင် ထိုင်း အဖို့ ချည်းကပ်မှု အသစ် ဖြင့် ပုံစံပြောင်း လုပ်ရန် အရေးတကြီး လိုအပ်လာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!