အာဏာသိမ်း အဖွဲ့၏ လက်ထု‌တ္တော ရွာ လူသတ်ပွဲကြီး

by Hla Soewai - May 21 2024

အထက်ပါ ခေါင်းစဉ် ကို ဖတ်မိသည့် ရှေ့မီ နောက်မီ ပုဂ္ဂိုလ်များက မူ ၁၉၆၀ ဧပြီ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဂန့်ဂေါ ခရိုင်၊ ထီးလင်း မြို့နယ် အတွင်း အလံနီ ကွန်မြူနစ် ပါတီ၏ ဆင်စွယ်ရွာ လူသ-တ်ပွဲကြီး ဆိုသည်ကို ပြေးမြင်မိကြမည်သာ ဖြစ်သည်။

 

ယခုအခါ အလားတူ သမိုင်းတွင် နာမည်ဆိုး တွင်ကျန်ရစ်မည့် ရာဇဝတ်မှု ကြီးကို မင်းအောင်လှိုင်၏ လက်မရွံ့ တပ်များက ကျူးလွန်ခဲ့ကြပြီ ဖြစ်သည်။

 

ယင်းသည် အာဏာသိမ်း အဖွဲ့၏ သုံးနှစ် အတွင်း အဆိုးဝါးဆုံး ကျုးလွန်မှု ဟု ပြော၍ မရသော်လည်း ပြီးခဲ့သည့် လများ နှင့် နှိုင်းယှဉ်လျှင် တော့ အဆိုးဝါးဆုံးဟု ပြော၍ ရပေသည်။

 

အာဏာသိမ်း အဖွဲ့၏ အင်အား ၇၀ ခန့် နှင့် ပျူစောထီးများ ပါဝင်သည့် စစ်ကြောင်းတကြောင်းသည် စစ်ကိုင်းတိုင်း အလယ်ပိုင်း မြင်းမူ မြို့နယ်အတွင်း အိမ်ခြေ ၈၀၀ ခန့်ရှိ လက်ထု‌တ္တောရွာ သို့ ကြာသပတေးနေ့ နံနက် အာရုံတက် အပြီး ၅ နာရီ ခန့်တွင် ဝင်ရောက်လာကြသည်။ အနီး ပတ်ဝန်းကျင် တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းလည်း မရှိပဲ တော်လှန်ရေး တပ်ဖွဲ့များအား ကုသပေးနေသော ဆေးခန်း ရှိနိုင်သည်ဟု ယူဆကာ ဝင်ရောက် ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။ 

 

သို့သော် မဲမဲမြင်ရာ ပစ်ခတ် ဝင်ရောက်လာ၍ ရွာသားများ လွတ်ရာကျွတ်ရာ ထွက်ပြေး ပုန်းအောင်းခဲ့ကြရသည်။ နောက်ဆုံးတွင် ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း ပိတ်မိ သွားကြသော အသက်အားဖြင့် ၁၅ နှစ်မှ ၆၀ အတွင်းရှိ အရပ်သား ၃၂ ဦး ကို ထိုင်ခိုင်ပြီး တ‌ယောက်ပြီး တယောက်ကို PDF များ ဘယ်မှာ ရှိသည်ကို မေးပြီး မဖြေနိုင်၍ ဦးခေါင်းများကို ချိန်ရွယ် ပစ်ခတ် သတ်ဖြတ်ကာ ပြန်ထွက်သွားခဲ့ကြသည်။ ထိုအထဲတွင် အမျိုးသမီး တဦးလည်း ပါဝင်သည်ဟု သိရသည်။

 

ထိုမျှ နှင့် အားမရသေးပဲ ကလေးသူငယ်များနှင့် အမျိုးသမီးများ အပါအဝင် အယောက် ၂၀ ခန့်အား အကာအကွယ် ရရန် ပြန်ပေးဆွဲသွားပြီး ရွာကိုလည်း မီးတင်ရှို့သွားခဲ့ကြသည်။ သေဆုံးသွားသူများအား ထရပ်ကား ၏ နောက်ပိုင်း တွင် အချို့၊ မြေကြီးပေါ်တွင် တချို့ တင်ထားသည့် ဓါတ်ပုံ မှတ်တမ်းများလည်း ထွက်ရှိလာခဲ့သည်။

 

၎င်းတို့၏ လုပ်ရပ်များအား ဘုန်းတော်ကြီး ကျောင်း ထဲရှိ ကုတင် တလုံးအောက်တွင် ပုန်းနေသော အသက် ၃၇ နှစ် အရွယ်ရှိ ရွာသားတဦးက အစ မှ အဆုံး မြင်တွေ့ခဲ့သည်။

 

အဆိုပါ သတင်းသည် AP သတင်းဌာနကြီး မှ တဆင့် နိုင်ငံတကာ သတင်း မီဒီယာ များတွင် အကျယ်တဝင့် ဓါတ်ပုံ နှင့် တကွ ပါရှိလာခဲ့ပြီ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ မှ စစ်အာဏာသိမ်း အဖွဲ့ ကျုးလွန်သော ရာဇဝတ်မှု အား ပြင်းထန်စွာ ပြစ်တင် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

မင်းအောင်လှိုင် သည် နိုင်ငံတကာ အလယ်တွင် သမ္မတ တယောက် အဖြစ် ဂုဏ်ယူ ဝင့်ကြွားလိုဟန် ရှိသော်လည်း တဖက်တွင် မူ လူထု၏ တော်လှန်အုံကြွမှု ကို နှိမ်နှင်းလိုစိတ် လည်း ပြင်းထန်နေ၍ ၎င်း၏ လက်မရွံတပ်များအား "ကြိုက်သလို လုပ်"ဟု စေ ခိုင်းထားပြီး ဖြစ်နေ၍ သူခိုးဓါးပြသာသာ အဖွဲ့ ခေါင်းဆောင် အဆင့် ရောက်နေရပြီ ဖြစ်သည်။

 

ဆက်ဆံနေရသော နိုင်ငံများ အဖို့ မနှစ်မြို့သော်လည်း မဖြစ်၍သာ အောင့်အီးဆက်ဆံနေရသည် ဆိုသည်ကိုလည်း မင်း‌‌ အောင်လှိုင်မှ လွဲ၍ ကျန် စစ်ကောင်စီ အဖွဲ့ဝင်များအားလုံး သဘောပေါက်နေကြပြီး ဖြစ်သည်။

 

ဂျပန် ရှိ ‌အဖွဲ့အစည်းများမှ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကရင် အမျိုးသား သမဂ္ဂ ကေအင်ယူ၊ ချင်း အမျိုးသား တပ်ဦး၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ မှ ကိုယ်စားလှယ်များအား မေ ၁၀ ရက်မှ စ၍ တိုကျိုသို့ တပတ်ကြာ အလည် ခရီး ဖိတ်ခေါ်လိုက်ပြီ ဖြစ်သည်။ 

 

ဂျပန် သည် မြန်မာပြည် နှင့် ပတ်သက်၍ သတိကြီးစွာ ကိုင်တွယ်နေကျ ဖြစ်၍ ယခု ခရီးစဉ်သည် ဂျပန် အစိုးရ၏ သဘောတူညီမှု မပါပဲ မည်သို့မျှ မဖြစ်နိုင်ဟု နစ်ကီ အေးရှား စာစောင်တွင် ရေးသားထားသည်။ ယင်းသည် တော်လှန်ရေး တပ်ဖွဲ့များ နှင့် မကြုံစဖူး ပထမဆုံးအကြိမ် တရားဝင် ဆက်သွယ်‌ ရေး လမ်းကြောင်း တည်ဆောက်လိုက်ခြင်းလည်း ဖြစ်‌ ပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!