ကမ္ဘာ ပေါ်တွင် ငွေကုန် ‌ကြေးကျ အများဆုံး ရွေးကောက်ပွဲကြီး

by Hla Soewai - May 21 2024

ယခုအခါ အိန္ဒိယ ရှိ လူ သန်းပေါင်း တထောင် နီးပါးသည် ‌အထွေထွေ ရွေးကောက်ပွဲကြီး အတွက် မဲထည့်နေကြပြီ ဖြစ်သည်။ သမိုင်းတွင် အကြီးမားဆုံး ဒီမိုကရေစီ လုပ်ငန်းစဉ်ကြီး ဖြစ်သည်သာမက ကုန်ကျစရိတ် အများဆုံး အဖြစ် စံချိန် တင် နိုင် တော့မည် ဖြစ်သည်။

 

စုစုပေါင်း ရူပီး ၁.၃၅ တြီလီယံ (အမေရိကန် ဒေါ်လာ ၁၆ ဘီလီယံ) ကုန်ကျမည်ဟု ခန့်မှန်းထားကြသည်။ ထိုပမာဏသည် ၂၀၁၉ တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ကုန်ကျစရိတ်ထက် နှစ်ဆခန့် ရှိနေသည်။ ၂၀၂၀ တွင် ပြီးစီးခဲ့သည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ဗုံးပေါလအော သုံးခဲ့သည်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။

 

အဘယ့်ကြောင့် အိန္ဒိယ နိုင်ငံရေး ပါတီများသည် ထိုမျှ လောက် ပမာဏကို သုံးစွဲ နေကြရသနည်း။

 

အဖြေကား ရှင်းရှင်းလေးပင် ဖြစ်သည်၊ မဲဆန္ဒရှင် ဦးရေ တိုးပွားလာသည်နှင့်အမျှ ၎င်းတို့ထံ လက်လှမ်းမီစေရန် ပို၍ သုံးစွဲလာရခြင်းပင် ဖြစ်သည်။ သို့သော် ထိုအကြောင်းတခုတည်း နှင့် အဖြေသည် ပြည့်စုံ လုံလောက်မှု မရှိသေးပေ။

 

ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်စု အတွင်း အိန္ဒိယ၏ ရွေးကောက်ပွဲ အသုံးစရိတ်သည် ငွေကြေး ဖေါင်းပွမှု ကို ထည့်တွက်လျှင်ပင် ၁၆၅ ရာနှုန်းခန့် မြင့်တက်လာခဲ့သည်။ ထိုကာလ အတွင်း လူဦးရေ တိုးတက်မှု နှုန်းသည် ၂၇ ရာနှုန်းသာ ရှိပေသည်။

 

နောက်ထပ် အဖြေတခုက ရွေးကောက်ခံ ကိုယ်စားလှယ် အရေအတွက် များပြားလာခြင်း ဖြစ်သည်။ မဲဆန္ဒနယ် တခုတွင် ဝင်ရောက်ယှဉ်ပြိုင်သူ ဒါဇင်ပေါင်း များစွာ ရှိနေသည်။ ၂၀၁၉ တွင် အမတ်နေရာ တနေရာ အတွက် ယှဉ်ပြိုင်သူ ပျမ်းမျှ အားဖြင့် ၁၅ ဦး ရှိခဲ့သည်။ ထို့အတွက်ကြောင့်လည်း အကြိတ်အနယ် ဖြစ်လာသည်နှင့် အမျှ ကုန်ကျစရိတ် လည်း များလာခဲ့ရသည်။

 

အသုံးစရိတ်များ၏ တဝက်ကျော်ခန့်သည် ကြော်ငြာစရိတ်၊ ပါတီ လုပ်သားများ၏ လုပ်ခ နှင့် သယ်ယူ ပို့ဆောင်ရေး ဖက်တွင် သုံးစွဲခဲ့ကြသည်။ အိန္ဒိယ စီးပွားရေးသည် တိုးတက်လာသည်နှင့် အမျှ မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ဖို့က နည်းသစ် လမ်းသစ်များ သုံးလာရသဖြင့် ပို၍ပင် အကုန်အကျ များလာရသည်။ ကြော်ငြာစရိတ်ပင် ၂၀၁၉ နှင့် နှိုင်းယှဉ်လျှင် ခြောက်ဆကျော်ကျော် မြင့်တက်သွားခဲ့သည်။

 

နောက်ထပ် အကြောင်းတခုက မဲဆန္ဒရှင်များအား သကြား ကျွေးနိုင်ရန် သုံးစွဲ လာရခြင်း ဖြစ်သည်။ ထိုကဲ့သို့ အသုံးစရိတ်‌များကို တရားဝင် ထည့်သွင်းခြင်း မရှိသော်လည်း ၂၀၁၉ ခုနှစ် အတွင်း စုစုပေါင်း စရိတ် ၏ လေးပုံတပုံကို သုံးစွဲခဲ့ကြသည်ဟု ခန့်မှန်းထားပြီး ဖြစ်သည်။ မဲဆန္ဒ ရှင်များအား အရက်သေစာ၊ တီဗွီ၊ ဆိတ် များ အပြင် ငွေသားကိုပင် လက်ဆောင်ဟု ဆိုကာ ပြောင်ပြောင်တင်းတင်း ထုတ်ပေးလာကြသည်။

 

အိန္ဒိယ တောင်ပိုင်း ခရိုင်လေးခု တွင် ရှိ မဲဆန္ဒရှင်များ၏ တဝက်ကျော်ကျော်သည် ရူပီး ၁,၀၀၀ မှ ၂,၀၀၀ အထိ ရရှိခဲ့ကြသည်။ ကယ်လီဖိုနီယား တက္ကသိုလ်မှ အိန္ဒိယ မြောက်ပိုင်းတွင် ကောက်ယူခဲ့သော စစ်တမ်းများအရ ကိုယ်စားလှယ် ၈၀ ရာနှုန်းမှ အရင်က ထုံးစံ ရှိထားခဲ့၍ လိုက်လုပ်ရခြင်း ဖြစ်သည်ဟု ဖြေကြသည်။ သို့သော်လည်း ထိုသို့ လဒ် ထိုးရခြင်းမျိုးကို ဥပဒေအရ တားမြစ်ထားပြီး ဖြစ်သည်။

 

ရွေးကောက်ပွဲ မစမီ တပတ် အလို ဧပြီ ၁၅ ရက် နေ့တွင် မျှမျှတတ ဖြစ်စေရန် ဆိုကာ ရွေးကောက်ပွဲ ကော််မရှင်သည် ရူပီး ၄၇ ဘီလီယံ တန်ဖိုးရှိ ပိုင်ဆိုင်မှု များကို သိမ်းယူထားခဲ့သည်။ ထို ပိုင်ဆိုင်မှူ များ ထဲတွင် ငွေသား ရူပီး ၄ ဘီလီယံ နှင့် အဖျော်ယမကာ လီတာပေါင်း ၃၈ သန်း ပါဝင်နေသည်။ ယင်းသည် တကယ်တမ်း သုံးစွဲခဲ့သည့် ပမာဏ ၏ အပိုင်းကိန်းငယ်လေးမျှ သာ ရှိပေမည်။

 

ကိုယ်စားလှယ် များ အား မဲဆွယ်စည်းရုံးရေး အတွက် မည်ရွေ့မည်မျှ အထိ သုံးရမည်ဟု ကန့်သတ်ထားမှုများ ရှိသော်လည်း လျော့တိလျော့ရဲမျှသာ စီစစ်ခဲ့ကြသည်။ သို့သော် အမတ်လောင်းများ ကိုယ်စားပြုသည့် ပါတီ တပါတီ စီ အတွက် သုံးစွဲရမည့် ပမာဏ ကို မူ ကန့်သတ်ထားခြင်း မရှိပေ။

 

အမတ်လောင်းများ၏ ချမ်းသာကြွယ်ဝမှု ပေါ် မူတည်ပြီး လက်ဖွာမှုများလည်း ရှိနေပြန်သည်။ ထို့ အတွက် သုံးနိုင်စွဲနိုင်သည့် အမတ်လောင်းများသာ ရွေးချယ်ခံရလေ့ရှိသည်။ ၂၀၁၉ အနိုင်ရ ကိုယ်စားလှယ်များ၏ ကြွယ်ဝမှု ကို တိုင်းတာ တွက်ချက် ခဲ့သည့် အခါတွင် ကိုယ်စားလှယ် တဦးစီ သည် ပျမ်းမျှ ရူးပီး သန်း ၄၀ ခန့် ပိုင်ဆိုင်နေကြသည်ကို တွေ့ခဲ့ရသည်။ ၎င်းတို့ အသီးသီး အနိုင်ရခဲ့သည့် ကိုယ်စားလှယ်များထက် ၁၆ ဆ ခန့် ပို၍ ကြွယ်ဝ ချမ်းသာ နေကြသည်။

 

၎င်းတို့ ရွေးကောက်ပွဲ အတွက် သုံးစွဲခဲ့မှု အများစုသည် တရားမဝင်သည့်အပြင် ရာဇဝတ်မှု များ နှင့် ပတ်သက်ပြီး မကင်းရာ မကင်းကြောင်း နောက်ကြောင်း များလည်း ရှိနေကြပြန်သည်။ အနိုင်ရရှိသည့် ကိုယ်စားလှယ်များ၏ ၁၃ ရာနှုန်းသည် ရာဇသတ်ကြီး ပုဒ်မ များ နှင့် အမှု ရင်ဆိုင်နေကြရသူ များ ဖြစ်ပြီး အနိုင်ရရှိချိန်တွင် ၃၀ ရာနှုန့်းအထိ ဖြစ်လာခဲ့သည်၊ ယခုနှစ် ရွေးကောက်ပွဲတွင်လည်း ထိုအတိုင်းပင် ဖြစ်လာလိမ့်မည်ဟု ပဏမ စစ်တမ်းများက ပြဆိုနေသည်။

 

အိန္ဒိယ တနိုင်ငံတည်းသာ ထိုသို့ ပြဿနာ များ နှင့် ကြုံနေရသည်မဟုတ်၊ အခြား ဖွံ့ဖြိုးဆဲ ဒီမိုကရေစီ နိုင်ငံများ တွင်လည်း အလားတူပင် ဖြစ်သည်။

 

လက်ရှိ တွင် အိန္ဒိယ အစိုးရ အရာရှိများသည် ငွေ နှင့် အာဏာ ဆက်နွယ်နေမှု ကို အားပျော့သွားအောင် မည်သို့မည်ပုံ လုပ်ရမည်ကို ခေါင်းခြောက်နေကြဆဲပင် ဖြစ်သည်။ နိုင်ငံရေး လောက ထဲသို့ ငွေမည်းများ စီးဝင်နေမှု အား ဟန့်တားနိုင်ရန် လှုဒန်း မည့် ငွေများ တရားဝင်‌ စေရန် အတွက် "ရွေးကောက်ပွဲ ငွေတိုက်စာချုပ်များ" ဖြင့် လမ်းကြောင်း ဖွင့်ပေးခဲ့သည်။ သို့သော်လည်း လှုဒန်းငွေ အများစုသည် အမည်မဖေါ်လိုသူများ ကြောင့် ပွင့်လင်းမြင်သာမှု မရှိ ဖြစ်နေသည်။

 

ထို့ပြင် ဖေဖေါ်ဝါရီ လ အတွင်း ဗဟို တရားရုံးချုပ်မှ ထိုသို့ လမ်းကြောင်း ဖွင့်ပေးမှုအား ဖွဲ့စည်းပုံ နှင့် မညီ ဆိုကာ ပယ်ချခဲ့ပြန်သည်။ 

 

တကယ်တမ်း တွင် မိုဒီ အစိုးရသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မည်သို့မျ ပြုပြင် ပြောင်းလဲလိုစိတ် မရှိဟု ဆိုရမည် ဖြစ်သည်။

 

၂၀၁၉ ရွေးကောက်ပွဲ တွင် ပါတီများ ၏ အသုံးစရိတ် စုစုပေါင်း၏ တဝက်ကျော်ကျော် သည် မိုဒီ၏ အာဏာရ ပါတီ ဘာယာတီရာ ဂျနတာ ပါတီ BJP မှ သုံးစွဲခဲ့ခြင်း ဖြစ်သည်၊ ယခုနှစ် ရွေးကောက်ပွဲ တွင်လည်း ထိုအတိုင်း လုပ်ကြဦးမည် သာ ဖြစ်သည်။

 

(၂၀၂၄ မေလ ၁၁ ရက် အီကောနော်မစ် မဂ္ဂဇင်းပါ "Why India’s election is the most expensive in the world" ဆောင်းပါးအား ပြန်လည် တင်ပြသည်။)