ဂျပန်တွင် တော်လှန်ရေး မဟာမိတ်များ တညီတညွတ်တည်း ရပ်တည်ခဲ့ကြ

by Hla Soewai - May 21 2024

အမျိုးသား ညီညွတ်ရေး အစိုးရ ပညာ ကျန်းမာ ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ သုံးဖွဲ့မှ အဆင့်မြင့် ခေါင်းဆောင် သုံးဦး သည် ဗုဒ္ဓဟူးနေ့က တိုကျိုတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။ ယင်းသည် ပြည်ပ နိုင်ငံတနိုင်ငံ တွင် စစ်အာဏာရှင် အစိုးရ ပြုတ်ကျရေး အတွက် ညီညွတ်စွာ တိုက်ပွဲ ဝင်နေကြောင်း ရှားရှားပါးပါး ပြဆိုနိုင်ခဲ့ခြင်း ဖြစ်သည်ဟု နစ်ကီ အေးရှား ရီဗြူးတွင် ရေးသားထားသည်။

 

သတင်းစာရှင်းလင်းပွဲသို့ ဒေါက်တာ ဇော်ဝေစိုး နှင့် အတူ ချင်း အမျိုးသား တပ်ဦးမှ အထွေထွေ အတွင်းရေးမှုး ဆလိုင်း သာဟေး၊ ကရင်အမျိုးသား သမဂ္ဂ ကေအင်ယူ ၏ နိုင်ငံခြားရေး ဌာန အတွင်းဝန် ‌စောနင်ရောဒ် နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ နိုင်ငံခြားရေး နှင့် မဟာမိတ် ဆက်ဆံရေး ကော်မီတီ အတွင်းရေးမှုး လုဇ် တို့ ပါ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ သတင်းစာ ရှင်းလင်းပွဲ တွင် ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးမှ အားလုံး၏ ဘုံရပ်တည်ချက် ဖြစ်သော အနာဂတ် မြန်မာ့ နိုင်ငံရေး တွင် စစ်အာဏာသိမ်း အဖွဲ့ ပါဝင်ခြင်း မရှိစေရ ဟု ပြတ်သားစွာ ထုတ်ဖေါ် ပြောဆိုခဲ့ပြီး ဖြစ်သည်။

 

ဆလိုင်း သာဟေး မှလည်း နိုင်ငံတွင်း စစ်ဘေးရှောင် နေရသူ သုံးသန်း ခန့် ရှိလာပြီ ဖြစ်၍ ၎င်းတို့၏ ကျန်းမာရေး၊ ပညာရေး အစရှိသည့် လိုအပ်ချက်များ အတွင် ဂျပန်မှ ပူးပေါင်း ကူညီရန်လည်း တောင်းဆိုသွားခဲ့သည်။

 

၎င်းတို့ နှင့် အတူ တိုကျိုသို့ ရောက်ရှိနေ‌သော ကေအင်ယူ ဥက္ကဌ ပဒို စောကွယ် ထူးဝင်း နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဌ ခူဦးရယ် တို့မှ ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မာဆာဟီရို ကိုမူရာ နှင့် သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် ဒေါက်တာ ဇော်ဝေစိုး ပါဝင်ခြင်း ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရ‌သေးဟု ဆိုသည်။

 

နိုင်ငံတွင်း လုပ်ကိုင်နေကြသော ဂျပန် ကုမ္ပဏီများသည် စစ်အာဏာပိုင် များ နှင့် ကင်းကင်းရှင်းရှင်း နေနိုင်ရေး တွင် အခက်အခဲများ တွေ့နေရသော်လည်း ယခုအခါ အခြေ အနေများ ပြောင်းလဲလာနေပြီ ဖြစ်သည်။ 

 

ယခု တော်လှန်ရေး တပ်ပေါင်းစု ကိုယ်စားလှယ်များ၏ ပွဲဦးထွက် ခရီးစဉ်သည် ဂျပန်၏ သဘောထား ပြောင်းလဲလာခြင်း ကို ထင်ဟပ်စေသည်ဟု စာစောင် တွင် ရေးသားထားသည်။ နိုင်ငံတွင်း အခြေအနေများသည် နွံအိုင်ကြီး ထဲ တဖြေးဖြေး နှင့် နစ်ဆင်းလာနေပြီး ယင်းသည် အချိန်တိုတို နှင့် ပြန်လည် နာလံထူလာနိုင်ခြင်း ရှိမည် မဟုတ် ဆိုသည်ကို ဂျပန် အစိုးရ နှင့် ပုဂ္ဂလိက ကုမ္ပဏီများက ပို၍ သဘောပေါက် လာနေကြပြီ ဟု ကျိုတို တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ ယိုရှီဟီရို နာကာနီရှီ က ပြောပြခဲ့ကြောင်းလည်း ဖေါ်ပြထားသည်။

 

နယ်ခြားစောင့် တပ်များ ကြောင့် မြဝတီ မြို့မှ တော်လှန်‌ရေး တပ်များ ပြန်ဆုပ်ပေးခဲ့ရသော်လည်း စစ်ကောင်စီ အဖို့ မြို့ကို လက်လွှတ်ပေးလိုက်ရခြင်းသည် နိုင်ငံတကာ တွင် ဟိုလေး တကျော်ကျော် ဖြစ်သွားခဲ့သည်။

 

စစ်ကောင်စီ ၏ ကမ္ဘာစံချိန်မီ တပ်ကြီး ဖြစ်ရမည် ဆိုသော စစ်တပ်၏ ခြေမြန် တပ်မ (၄၄) မှ တပ်ဖွဲ့ဝင်များသည် နိုင်ငံခြား သတင်းထောက်များ၏ မျက်စိ ရှေ့ မှောက်တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ဖက်သို့ အသက်လု ထွက်ပြေးလာခဲ့ရခြင်း ကြောင့် အရှက်တကွဲ ဖြစ်သွားခဲ့ရပြန်သည်။

 

ထိုင်း ဝန်ကြီးချုပ် ဆရက်သာ သာဝီဆင် မှ စစ်ကောင်စီ သည် ချိနဲ့လာနေပြီ ဖြစ်၍ တော်လှန်ရေး မဟာမိတ် များ နှင့် ဆွေးနွေးဖို့ အချိန်ရောက်ပြီဟု ထုတ်ပြောလာ၍ လည်း စစ်ကောင်စီ အဖို့ အနာပေါ် တုတ်ကျ သလို ဆတ်ဆတ်ခါ နာသွားခဲ့သည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။

 

နောက်ဆက်တွဲ သတင်းတရပ် အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ‌ဒေါ်အောင်ဆန်းစုကြည်အား ပျဉ်းမနားမြို့ သဲဖြူ ရွာ အနီး ရှိ အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ဝင်း အတွင်းသို့ ရွှေ့ပြောင်းပြီး အကျယ်ချုပ် ချထားသည်ဟု သတင်းရပ်ကွက်များအား ကိုးကားပြီး ဧရာဝတီ သတင်းတွင် ပါရှိလာခဲ့သည်။ သူမ ပိုင် ပစ္စည်းများကို ပါ တပါတည်း ယူဆောင်ခွင့် ပြုခဲ့၍ လက်ရှိနေရာတွင် အမြဲတမ်း ထားသွားဖို့ ရှိသည်ဟု ခန့်မှန်းနေကြသည်။

 

အမြဲလို နေရာရွှေ့ နေရသော မင်းအောင်လှိုင်သည်လည်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိရာ စစ်တပ် ဝန်း အတွင်း စိတ်အေးလက်အေး နေသွားနိုင်တော့မည် ဟု တွက်ချက်ခဲ့၍လည်း ဖြစ်နိုင်သည်ဟု မိမိ အနေဖြင့် ယူဆမိပေသည်။

 

ယခုအခါ ထိုင်း နှင့် ဂျပန်တို့မှ မြန်မာ အရေး တွင် ထဲထဲဝင်ဝင် ပါဝင်ရန် တာစူလာနေပြီ ဖြစ်၍ တရုတ်၏ မြန်မာ အပေါ် ထားရှိသော “ဘယ်သူသေသေ ငတေမာ” ပြီးရော မူဝါဒသည် ရေရှည် အလုပ်မဖြစ်တော့ ဆိုသည်ကို သဘောပေါက် နေလောက်ပြီ ဖြစ်သည်။ တရုတ် အနေဖြင့် အမေရိကန် တို့ အဖို့ “ပင်လယ်ကွေ့၏ ပုလိပ်သားကြီး” သဖွယ် နှစ်ပေါင်းများစွာ အားထားခဲ့ရသည့် အီရန်ကို လက်လွှတ်ပေးခဲ့ရသည့် အဖြစ်ကို နမူနာ အဖြစ် ရှုမြင်သင့်ပေသည်။

 

ရှားဘုရင်သည် ပင်လယ်ကွေ့တွင် အမေရိကန် တို့၏ အသုံးတော်ခံ အဖြစ် အမှုထမ်း ပေးခဲ့ရင်း ပြည်တွင်း တွင် နိုင်ငံရေး အတိုက်အခံ များ၊ ပြည်သူများကို နှိပ်ကွပ်လာခဲ့သည်။ အမေရိကန် အဖို့ တပည့်ကောင်း တယောက် လက်လွှတ် မခံ နိုင်၍ မသိကျိုးကျွံ ပြုခဲ့ရင်းက နောက်ဆုံးတွင် လူထု အုံကြွမှု ကြီး နှင့် အတူ ဘာသာရေး ခေါင်းဆောင် ခိုမေနီ အာဏာရလာခဲ့ခြင်း ကြောင့် အမေရိကန်သည် အီရန်ကို အပြီးအပိုင် စွန့်လွှတ်ခဲ့ရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!