နိုင်ငံတကာ ရေးရာ မိတ်ဆက်(68)

by Hla Soewai - May 21 2024

ရာသီဥတု ပြောင်းလဲလာနေမှု

***********

 

ကမ္ဘာရာသီဥတု ပြောင်းလဲလာမှု ကို တခါတရံတွင် ကမ္ဘာကြီး ပူနွေးလာမှု ဟု ခေါ်ဆိုတတ်ကြသည်။ ကမ္ဘာလေထု၏ အပူ အအေး ပမာဏ နွေးထွေးလာမှု ကြောင့် ကမ္ဘာတဝှမ်း ရာသီဥတု ပုံစံသည် သိသိသာသာ ‌ပြောင်းလဲလာခဲ့သည်။

 

အဓိကအားဖြင့် လူသားတို့၏ အပြုအမူများ ကြောင့် ဖြစ်ပေါ်လာခဲ့ ခြင်းပင် ဖြစ်သည်၊ ဇီဝရုပ်ကြွင်းများ ဖြစ်သော ကျောက်မီးသွေး၊ ရေနံ၊ သဘာဝ ဓါတ်ငွေ့များအား လောင်စာဆီ အဖြစ် အသုံးပြုခြင်း ကြောင့် ကာဘွန်ဒိုင် အောက်ဆိုဒ် နှင့် အခြား ဓါတ်ငွေ့များ ကမ္ဘာလေထု ထဲတွင် တဖြေးဖြေး တိုးပွားလာနေပြီး နေရောင်ခြည် အလင်းတန်းများကို ပိတ်ဆို့ ကာဆီးထားသလို ဖြစ်လာကာ အပူချိန်သည် တဖြေးဖြေး မြင့်တက်လာခဲ့သည်။

 

ရာသီဥတု ဖြစ်ပေါ် ပြောင်းလဲလာမှုသည် လေထု ညစ်ညမ်းမှု နှင့် သဘောသဘာဝ ခြင်း လွန်စွာမှ ကွဲပြားခြားနား ပေသည်။

 

လေထု ညစ်ညမ်းမှု ကြောင့် ဒေသတွင်း ရှိ လေ၊ ရေ တို့၏ သန့်စင်မှု၊ ကျန်းမာရေး၊ ရေသတ္တဝါများ၏ အသက်ရှင် ရပ်တည်နိုင်မှု၊ တံတားကဲ့သို့သော အခိုင်အခန့် ဆောက်လုပ်ထားသည်များ သံချေးများ တက်လာပြီး ခိုင်ခံမှု အားပျော့လာခြင်း အစရှိသည့် ဆိုးကျိုး များ သာ တွေ့ကြုံရနိုင်ပေသည်။

 

ရာသီဥတု ပြောင်းလဲလာမှုသည် တကမ္ဘာလုံး အတိုင်းအတာ နှင့် ‌ဆိုးကျိုးများ ဖြစ်ပေါ်လာစေသည်။ ယင်းသည် မိုးလေဝသ ဆို‌သည် နှင့်အခြေခံမှစ၍ တူညီမှု မရှိပြန်ပေ။

 

မိုးလေဝသ အခြေအနေ ဆိုသည်က နေ့စဉ်လို ဖြစ်ပေါ်နေသော အပူချိန်၊ မိုး နှင့် ဆီးနှင်းများ ရွာသွန်း ကျဆင်းမှု၊ လေတိုက်ခတ်မှု အစရှိသည် တို့ နှင့် သက်ဆိုင်သည်။ နေ့တနေ့တွင် ရာသီဥတုသည် ပူသည်လည်း ရှိပြီး အေးသည်မျိုးလည်း ဖြစ်နိုင်ပေသည်။ စိုစွတ်သည့် နေ့များ ရှိသလို ခြောက်သွေ့သည်များ လည်း ရှိနိုင်သည်။

 

ရာသီဥတု ဆိုသည်က အပူချိန်၊ မိုးရွာသွန်းမှု၊ လေတိုက်ခတ်မှု အစရှိသည့် ရှိပြီးသား အကြောင်းခြင်းများ ရွေ့လျား ပြောင်းလဲလာခြင်းမျိုး ကို ခေါ်ဆိုခြင်း ဖြစ်သည်။ အေးရမည့် အချိန်တွင် ပူလာသည့် နေများ ရှိလာပြီး မိုးလေဝသ သည် တဖြေးဖြေး နှင့် ပြောင်းလဲလာသော ရာသီဥတု ကို ထင်ဟပ်လာစေသည်။

 

ထိုသို့ ပြောင်းလဲလာသော ရာသီဥတု ကို သိသာလာစေသည်က လေအပူချိန် ၊ ပင်လယ် သမုဒ္ဒရာများ၏ အပူချိန် မြင့်တက်လာမှု၊ ဝင်ရိုးစွန်း ရှိ ရေခဲတောင်များ အရည်ပျော်လာမှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု တို့ပင် ဖြစ်သည်။

 

ဖြစ်လေ့ဖြစ်ထ ရှိသော မီးတောင် ပေါက်ကွဲခြင်းမျိုးကြောင့် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များသည် ‌ကမ္ဘာ လေထုထဲသို့ ပို၍ ပျံ့နှံ့ ရောက်ရှိလာတတ်သည်။ 

 

သိပ္ပံပညာရှင်များသည် စက်မှု တော်လှန်ရေး ကြီး ဖြစ်ပွားလာပြီး နောက်ပိုင်း ကမ္ဘာမျက်နှာပြင် အထက် သိပ်သည်းလာနေသော ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏ ကို တိုင်းတာ တွက်ချက် နိုင်စွမ်း ရှိလာခဲ့သည်။

 

ထိုသို့ ပြောင်းလဲလာနေမှု ကို အသေအချာ လေ့လာ ဆန်းစစ်ပြီး နောက်တွင်‌တော့ ထိုသို့ ဖြစ်လာခြင်း၏ တရားခံသည် လူသားများ ဖြစ်သည်ဟု တညီတညွတ် တည်း အဖြေထုတ်ခဲ့ကြသည်။ 

 

တိုင်းတာရရှိသော အချက်အလက်များအရ ကာဘွန်ဒိုင်အောက်ဆိုဒ်အပြင် မီသိန်းကဲ့သို့ ဓါတ်ငွေ့များလည်း စုဝေးလာနေသည်ကို တွေ့ရှိလာခဲ့သည်။ ယခုရာစုနှစ် ၏ ဒုတိယမြောက် ဆယ်စုနှစ် အတွင်း ကမ္ဘာ အပူချိန်ုသည် အမြင့်ဆုံး အဖြစ် မှတ်တမ်း ဝင်သွားခဲ့သည်။ ထိုနှစ်များထဲတွင် ၂၀၁၉ သည် ကမ္ဘာ သမိုင်း တလျောက် စတင် မှတ်တမ်းတင်နိုင်ခဲ့ချိန်မှစ၍ ဆိုလျင် ဒုတိယ အပူနွေးဆုံးနှစ် ဖြစ်သည်။၂၀၁၅ မှ ၂၀၁၉ အထိ သည် အပူဆုံး နှစ်များ ဖြစ်သည်။ ထိုအပြင် ကမ္ဘာပင်လယ်ရေမျက်နှာပြင်သည် စံချိန်တင်လောက်အောင် အရှိန်အဟုန် နှင့် မြင့်တက်လာနေသည်။

 

ထိုသို့ ရာသီဥတု ပြောင်းလဲလာမှု ကြောင့် ပင်လယ်ကမ်းခြေ ဒေသများတွင် ပင်လယ်ရေ မြင့်တက်လာမှု၊ ပြင်းထန်သော မုန်တိုင်းများ၊ နေရာတိုင်းတွင် အပူချိန်သည် ပျမ်းမျှ ထက် ပို၍ မြင့်မားလာမှုများနှင့် သဲကန္တာရများ ပိုမို ကျယ်ပြန့်လာသည့် အဖြစ်များ နှင့် ကြုံတွေ့လာခဲ့ရသည်။ ထိုသို့သော အဖြစ်များကြောင့် လူသား တို့ ‌နေထိုင်၍ ရသည့် နယ်မြေများ ကျဉ်းမြောင်းသွားခဲ့သည်။

 

စွမ်းအင် များ ဆက်၍ သုံးစွဲလာနေမှု ကြောင့် ယခင် ကာဘွန်ဒိုင်အောက်ဆိုဒ်များ ထုတ်လွှတ်မှု များနှင့် လိုက်မမှီနိုင်အောင် ကွာဟလာနေသည့်အပြင် ဆက်၍လည်း အမြောက်အမြား ထုတ်လွှတ်နေမှု များ ကြောင့် ရာသီဥတု ပြောင်းလဲမှု ၏ အကျိုးဆက်များ တိုး၍ ဖြစ်ပေါ်လာ‌ခဲ့ရသည်။

 

ပင်လယ် မျက်နှာပြင် မြင့်တက်လာမှု နှင့် အတူ ရေလွှမ်းမိုး မှု များကြောင့် ပင်လယ်ကမ်းခြေ နှင့် ထိစပ်နေသော ဒေသများ နှင့် ကျွန်းနိုင်ငံများ အဖို့ အန္တရာယ် နှင့် ကြုံလာနေရပြီ ဖြစ်သည်။

 

အပုချိန် နှင့် ပင်လယ် ဆားငန်ရေ များ ကြောင့် ကုန်းနေ ရေနေ တိရိစ္ဆာန််များများ နှင့် အင်းဆက် သတ္တဝါ များသည် မည်သို့ မျှ ကာကွယ်ပေး၍ မရတော့သော အန္တရာယ်များ ၏ ခြိမ်းခြောက်မှုများကို ရှေ့လျောက် ရင်ဆိုင်သွားရတော့မည် ဖြစ်သည်။ ထို့ပြင် သီးနှံ ထွက်နှုန်း ကျဆင်းလာပြီး ရောဂါပိုးများလည်း ပြန့်ပွားလာဖွယ် ရှိနေသည်။

 

ယခု ပြဿနာ တက်လာရသည်ကား နိုင်ငံ အများ အပြား တွင် ရေချိုများ ရှားပါးလာမှု၊ အပူရှိန် အလွန် အမင်း မြင့်တက်လာမှု၊ ‌ရေလွှမ်းမိုးမှု များ နေရာ အနှံ့ ဖြစ်ပေါ်လာမှု များ၊ ပြင်းထန် ဆိုးဝါးသော မုန်တိုင်း တိုက်ခတ်ခံရမှု များကြောင့် လူနေ၍ မရတော့သော နယ်မြေများ ပို၍ ကျယ်ပြောလာမည့် အနေအထား များ (ဖြစ်လာနိုင်မည်လော မဟုတ်တော့ပဲ) မည်သည့် အချိန်တွင် ဖြစ်လာမည်လော ဆိုသည့် အရေးပင် ဖြစ်သည်။

 

ထိုသို့ အခြေအနေမျိုး ပထမဆုံး ကြုံတွေ့လာနိုင်သည့် နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်ပင် ဖြစ်သည်။။ လူသား တို့ နေထိုင်၍ ရအောင် ပံ့ပိုးပေးထားသည့် မြေ အနေအထား များ တဖြေးဖြေး ကျဉ်းမြောင်းလာနေသလို တဖက်တွင်လည်း ကမ္ဘာလူဦးရေသည် တိုး၍ တိုး၍သာ လာနေသဖြင့် စားရေ ရိက္ခာများ ပြတ်လတ် လာမှု နှင့် အတူ နိုင်ငံရေး မတည်ငြိမ်မှု များ ဖြစ်လာသည် အထိ ဦးတည်လာနိုင်ပေသည်။

 

လောလောဆယ်တွင် လူနေထိုင်၍ မဖြစ်လောက်အောင် အန္တရာယ်များလာသည့် ‌ပင်လယ် ကမ်းခြေ ဒေသများမှ အတင်းအကျပ် ရွှေ့ပြောင်းခံရမည့် လူအရည်အတွက်သည် တိုးပွားလာတော့မည် ဖြစ်သည်။ ထို့အတူ အိမ်နီးချင်း နိုင်ငံများသို့ ဝင်ရောက်လာကြမည့် ဒုက္ခသည် များ များပြားလာပေတော့မည်။