၂၀၂၄ သည် စစ်ကောင်စီ၏ အဆုံးသတ် နှစ် ဖြစ်မည် လော

by Hla Soewai - May 21 2024

စစ်ကောင်စီ တပ်များ ၏ မြဝတီ ကို ပြန်၍ သိမ်းယူရန် ဒေါန တောင်တန်းအား ဖြတ်ကျော်ဖို့ သုံးကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့မှု များသည် မအောင်မြင်ပဲ ရပ်တန့် နေပြီဟု စစ်ရေး လေ့လာ သုံးသပ်သူများက ထောက်ပြလာကြသည်။

 

၎င်းတို့ အတွက် နောက်ထပ် အသက်ရှု ပေါက် ရလိုရငြား တရုတ်သည် ကူမင်း တွင် ညီနောင် သုံးဖေါ် နှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် ရောက်ရှိနေသော ရက္ခိုင်တပ်တော် နှင့် ဆက်၍ ဆွေးနွေးနိုင်ရန် စေ့စပ်ပေးနေသည်ဟု လည်း သတင်းများက ဆိုသည်။

 

အာဆီယံ ၏ အထူး သံတမန်သည် နေပြည်တော်သို့ ရောက်ရှိလာပြန်ပြီး မြန်မာ အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ရန် မင်းအောင်လှိုင် နှင့် လာရောက် တွေ့ဆုံခဲ့သည်။ အာဆီယံသည် လက်ရှိ ပဋိပက္ခ အား အဆုံးသတ်ရန် မင်းအောင်လှိုင်သည်သာ အခရာ ဖြစ်နေသည်ဟု ယခုတိုင် စွဲမြဲစွာ ယုံကြည်နေခြင်းသည် အမျှော်အမြင် နည်းခြင်းလော၊ သို့မဟုတ် ကြိုးစားနေသည်ဟု ဟန်ရေးပြနေခြင်းလော ဆိုသည်က မသဲကွဲလှပေ။

 

ထိုသို့သော အနေအထား တွင် ဝါရှင်တန် ရှိ အမေရိကန် နိုင်ငံခြား ဆက်ဆံရေး ကောင်စီ Council on Foreign Relations (CFR) မှ တော်လှန်ရေး တပ်ဖွဲ့ များ နှင့် အာဏာသိမ်း အဖွဲ့ အကြား ဖြစ်ပွားနေသော ပြည်တွင်း စစ်သည် အဆုံးအဖြတ် ပေးတော့မည့် အဆင့်သို့ ရောက်ရှိလာနေပြီဟု အထက်ပါ ခေါင်းစဉ် ဖြင့် ဆောင်းပါး ရေးသားလာခဲ့သည်။

 

ဆောင်းပါးတွင် တော်လှန်ရေး အင်အားစုများသည် ပြီးခဲ့သည့် နှစ်များ အတွင်း တိုင်းရင်းသားများ ထိန်းချုပ် နယ်မြေ များ တွင် သိသိသာသာ အောင်မြင်မှု များ ရရှိလာခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေး တပ်များ ရှိနေသည့် နယ်မြေများ တွင်လည်း တိုးတက်မှု များ ရရှိလာခဲ့သည်။ ယင်းနှင့် အတူ စစ်ကောင်စီ တပ်များ အတွင်း စိတ်ဓါတ်များ ပြိုလဲကျဆင်းလာခြင်း၊ လက်နက်ချ ဘက်ပြောင်းခြင်းများ၊ လိုအပ်သည့် စစ်အင်အား ရရှိအောင် စုဆောင်း မရ ဖြစ်လာခြင်း၊ တိုက်ပွဲဝင် စစ်သားများ အတွက် ထောက်ပံ့ပေးနိုင်စွမ်း မရှိ ဖြစ်လာခြင်း၊ ဆရာသမား ဖြစ်သူ ရုရှားထံမှလည်း လက်နက် အကူအညီ အချို့ မရ ဖြစ်လာခြင်း အစရှိသည့် ပြဿနာကြီးများ နှင့် ရင်ဆိုင်နေရသည်။

 

ထို့သို့သော အကြောင်းများကြောင့် ယခု နှစ် အတွင်း စစ်ကောင်စီ နှင့် တော်လှန်ရေး တပ်များ အကြား လွန်စွာ အရေးကြီးသည့် အဆင့်သို့ ကူး‌ပြောင်း ရောက်ရှိလာတော့မည် ဖြစ်သည်။ တော်လှန်ရေး အင်အားစုများ အကြား ယေဘုယျ အားဖြင့် တစိတ်တဝမ်း တည်း ရှိနေပြီး ယခင်ကနှင့် မတူပဲ ဗဟိုချုပ်ကိုင်မှု ဖြေလျော့ပေးပြီး အာဏာသုံးရပ်ကို အောက်ခြေ နှင့် ခွဲဝေကျင့်သုံးမည့် စစ်မှန်သော ဖက်ဒရယ် စနစ် ဖြင့် စစ်ကောင်စီ အလွန် နိုင်ငံရေး ကို တည်ဆောက်သွားရန် တောင်းဆိုလာနေကြသည်။

 

နယ်ပယ် အများအပြား တွင် အင်အား တောင့်တင်းလာပြီး စစ်တပ်၏ အဓိက ကျသည့် မဟာဗျူဟာမြောက် စစ်စခန်း အများ အပြားကို သိမ်းယူ နိုင်ခဲ့ကြ၍ ယခုအခါ ၎င်းတို့ ခေတ္တ သိမ်းယူ နိုင်ခဲ့သော မြဝတီ အား ပြန်လည် တိုက်ခိုက်နိုင်ရန် လုံးပမ်းလာကြဖွယ် ရှိနေသည်။ ထိုမျှ မကသေး နိုင်ငံအလယ်ပိုင်း ရှိ စစ်တပ် အင်အား ကောင်းနေဆဲ ဖြစ်သော မန္တလေး ကဲ့သို့ အဓိက ကျသော နေရာ များ တွင်လည်း တိုက်ပွဲများ ဖေါ်ဆောင်လာမည် ဖြစ်သည်။

 

ထိုသို့သော တိုက်ပွဲများ အောင်မြင်သွားပါက စစ်ကောင်စီသည် နိုင်ငံ အလယ်ပိုင်းကိုပင် ထိန်းချုပ် နိုင်စွမ်း မရှိတော့ပဲ နေပြည်တော် နှင့် အခြား လက်လှမ်းမှီရာ အစုအကွက်များကို ဖက်တွယ်ထားနေရသည့် အဆင့် ရောက်နေပြီဟု အာဆီယံ နိုင်ငံများအား သက်သေ ပြနိုင်တော့မည် ဖြစ်သည်။ ယခုပင်လျှင် အာဆီယံ အဖွဲ့ဝင် နိုင်ငံ အချို့မှ စစ်ကောင်စီသည် အနိုင်ရလာဖို့ မရှိသည့် အပြင် ဆက်၍ ရပ်တည် နိုင်စွမ်း ရှိတော့မည် မဟုတ် ဆိုသည်ကို သဘောပေါက်စ ပြုလာကြပြီ ဖြစ်သည်။

 

သို့သော် ထိုသို့သော အခြေအနေများ ထွက်ပေါ်လာ၍ အရေးပါသော အရှေ့တောင်အာရှ နိုင်ငံ အချို့ သို့မဟုတ် တရုတ် မှ ယခင်ကထက် ပို၍ အားစိုက်ခွန်စိုက် ပတ်သက်လာကြဖို့ ရှိနေသည်၊ တရုတ်သည် စစ်ကောင်စီ ၏ အခြေမလှ ဖြစ်လာနေမှုများ ကို စိတ်ပျက်လာမှု များ နှင့် အတူ ၎င်းတို့ နယ်ခြား အနီးရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ကျယ်ကျယ် ပြန့်ပြန့် ဆက်သွယ် နေပြီလည်း ဖြစ်သည်။ လောလောဆယ် တွင် ထိုအဖွဲ့များ အား အနည်းဆုံး စစ်ကောင်စီ နှင့် အပစ်ရပ်ထားရန် တွန်းတွန်းတိုက်တိုက် လုပ်နေသည်။

 

သို့‌သော် ရေရှည်တွင် တော်လှန်ရေး တပ်များ အောင်ပွဲ များ ရရှိလာပါက ၎င်းတို့သည်လည်း တရုတ်၏ အပစ်အခတ် ရပ်စဲရေး ကို လိုက်နာကြတော့မည် မဟုတ်ပေ။ ထိုအခါတွင် တရုတ်သည် အခြား ပုံစံတမျိုးမျိုး ဖြင့် ဝင်ရောက် စွက်ဖက်လာနိုင်သည်။ အကယ်၍ တရုတ်သည် ထိုသို့ ဝင်ရောက်စွက်ဖက်လာမည် ဆိုက အတိုက်အခံ တော်လှန်ရေး အင်အားစုများ လိုလားနေသည့် End game ဖြစ်ပေါ်လာရေးဖက်သို့ အသွင် ကူးပြောင်းသွားနိုင်သည်။

 

ထိုအခါတွင် ကျန်ရှိနေဦးမည့် စစ်ကောင်စီ အဖွဲ့ဝင်များသည် ၎င်းတို့ ခံရတော့မည် အပြစ်ဒဏ်မှ လွတ်ရာ လွတ်ကြောင်း ကြိုးစားလာနိုင်သည်။ စစ်တပ်အား မြန်မာ နိုင်ငံရေး၏ ဗဟိုချက်မ မှ ဖယ်ရှားပေးလိုက် ယုံဖြင့် တော်လှန်ရေး အင်အားစုများ ဖက်မှ ကျေနပ်ကြမည် မဟုတ်သော်လည်း အပြန်အလှန် အပေးအယူ သဘောဖြင့် အောင့်သီးအောင့်သက် လက်ခံလာဖွယ် ရှိနေသည်။

 

နောက်ထပ် ဖြစ်လာနိုင်ခြေ ရှိနေသေးသည်က နိုင်ငံ အလယ်ပိုင်း တွင် စစ်ကောင်စီ တပ်များ အား အောင်မြင်စွာ ထိုးစစ် ဆင်နိုင်ခဲ့လျှင် ၎င်းတို့ အချင်းချင်းအကြား စိတ်ဝမ်းကွဲလာပြီး ကျဆုံးသွားနိုင်ခြင်းပင် ဖြစ်သည်။ သို့သော်ငြားလည်း စစ်တပ် ခေါင်းဆောင်ပိုင်းသည် ထိုသို့ ဖြစ်မလာအောင် ၎င်းတို့၏ လက်ရှိ အနေအထား ကို ကာကွယ်သွားရန် ယတိပြတ် ဆုံးဖြတ်ထားပုံ ရှိသည်။

 

အကယ်၍ တော်လှန်ရေး အင်အားစု များ ဆက်၍ အောင်ပွဲ ခံလာခဲ့လျှင် ဒီမိုကရေစီ နိုင်ငံကြီးများမှ တရုတ်လွန်စွာ နီးကပ်နေသည့် အတွက် လက်နက်များ ပေးပို့လာမည် မဟုတ်သော်လည်း အခြား လူ့အသက်အန္တရာယ် မထိခိုက်နိုင်သည့် အကူအညီများ နှင့် ပစ္စည်းများ ထောက်ပံ့ပေးလာနိုင်ပေသည်။

 

စစ်တပ်သည်လည်း ယခုနှစ်အတွင်း ပြန်၍ တွန်းလှန် နိုင်အောင် ကြိုးပမ်းလာမည် ဖြစ်သည်။ အနည်းဆုံး ၎င်းတို့ အဓိက ခြေကုပ် ယူထားသည့် ဒေသများမှ မောင်းထုတ်၍ မဖြစ်နိုင်ကြောင်း ပြသနိုင်ရန် နှင့် မြဝတီ ကို ပြန်သိမ်း နိုင်ရန် အတွက် အဓိက ထား လှုပ်ရှားလာကြမည်၊ ထို့အတွက် အနည်းဆုံး နိုင်ငံ သည် ကသောင်းကနင်း ဖြင့် ၎င်း တို့ နှင့် တော်လှန်ရေး တပ်ဖွဲ့များ သူ့နယ်မြေ ကိုယ့်နယ်မြေ အသီးသီး ပိုင်းခြားထားသည့် အဖက်ဖက်မှ ပျက်ယွင်းလာနေမည့် failed state မျိုး ဆက်ရှိနေမည် ဖြစ်သည်၊ နိုင်ငံသားများ ၏ အခြေအနေသည် ယခုထက် ပိုဆိုးလာမည့် အဖြစ်ကိုလည်း စစ်ခေါင်းဆောင်များက ခေါင်းထဲ ထဲ့ စဉ်းစားကြမည်လည်း မဟုတ်ပေ။

 

အာဏာသိမ်း အဖွဲ့သည် လက်ရှိအတိုင်း လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူ များ နှင့် ဆက်၍ အားသာနေမည် ဆိုပါကလည်း ၎င်းတို့၏ ခြေကုတ်ယူထားရာ နယ်မြေများကိုသာ ကာကွယ်နိုင်ပြီး အချို့ ဒေသ အနည်းငယ်ကိုသာ ပြန်လည် သိမ်းယူနိုင်မည့် အဆင့်သာ ရှိပေသည်။ ဤသို့ဖြင့် ပဋိပက္ခအား ရေရှည် ဖြစ်လာအောင် ဆွဲသွားနိုင်သည်၊ သို့မဟုတ်ကလည်း ၎င်းတို့ ဆက်၍ အုပ်ချုပ်သွားနိုင်အောင် အပစ်အခတ် ရပ်စဲရေး တခုခု ရလာရေး အတွက် စေ့စပ်ပေးရန် တရုတ်အား တွန်းအားပေးလာနိုင်သည်။

 

သို့သော်ငြားလည်း တော်လှန်ရေး အတွက် အသက် သွေးချွေး ပေါင်း များစွာ ရင်းထားရပြီး ဖြစ်သော တွန်းလှန် တိုက်ပွဲဝင်နေကြသူများ အဖို့ ထိုသို့ အပစ်အခတ် ရပ်စဲရန် သဘောတူလိမ့်မည်ဟု စိတ်ကူးထဲတွင်ပင် ထည့်ထားကြမည် မဟုတ်ပေ။

 

တဖက်တွင် ကမ္ဘာအနှံ့ ပဋိပက္ခများ ဆက်တိုက် ဆိုသလို ဖြစ်ပွားလာနေခြင်းကြောင့် အမေရိကန် အပါအဝင် ဒီမိုကရေစီ နိုင်ငံကြီးများ အဖို့ မြန်မာ၏ လက်ရှိ ရှေ့မတိုး နောက်မဆုပ် ဖြစ်နေမှုကို ယခုထက် ပို၍ အာရုံစိုက်နိုင်ကြဦးမည် မဟုတ်သေး၊ ယခုလည်း များများစားစား လုပ်ပေးနေခြင်း မျိုးလည်း မရှိပေ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!