မြန်မာ တပ်မတော်သား များ အား ပရိုဖက်ရှင်နယ် ဖြစ်ရန် လေ့ကျင့် သင်ကြားပေးနေသည့် အနောက်နိုင်ငံများ ထဲတွင် တနိုင်ငံတည်းသာ ကျန်တော့သည် ဩစတေးသျှ အား မြန်မာ စစ်တပ်နှင့် အဆက်အသွယ် ဖြတ်ဖို့ ဝိုင်းဝန်း တောင်းဆိုမှုတွေ ဆူညံစွာ ထွက်ပေါ်လာပါတယ်။
ဒီလို ထွက်ပေါ်လာရတဲ့ အကြောင်းရင်းကလည်း မြန်မာနိုင်ငံဆိုင်ရာ ဩစတေးသျှ သံအမတ်ကြီး အင်ဒရေ ဖော့ကနာ မှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အား နေပြည်တော်တွင် သွားရောက် တွေ့ဆုံခဲ့ရာက အစပြုလာခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှုူးကြီးက မိမိတပ်ဖွဲ့ဝင် အရာရှိများကို ဩစတေးသျှ အနေဖြင့် ပိုမို လေ့ကျင့်ပေးစေလိုကြောင်း တောင်းဆိုခဲ့ပြီး ချက်ခြင်းလို သူ နဲ့ ဩစတေးသျှ သံအမတ်ကြီး တို့ အတူ တွဲရိုက်ထားတဲ့ ပုံ ကို ဝက်ဆိုဒ် မှာ ထည့်သွင်းလာခဲ့ပါတယ်။
သို့သော် အင်္ဂလန်နိုင်ငံထုတ် ဂါဒီယန်း သတင်းစာကတော့ ဂျီနိုဆိုက်ဒ် ကျုးလွန်သူ ဟု စွပ်စွဲခံထားရသော မြန်မာ စစ်ခေါင်းဆောင်နှင့် ဩစတေးသျ သံအမတ် တွေ့ဆုံ လို စာလုံးမဲကြီး နဲ့ ဖေါ်ပြလာခဲ့ပါတယ်။
ဩစတေးသျှ သည် ဗိုလ်ချုပ်မှုးကြီး ကိုယ်တိုင်အား အရေးယူမှု မပြုလုပ်ခဲ့သော်လည်း သူ၏ လက်ထောက် ငါးဦးအား အရေးယူ ပိတ်ဆိုခဲ့ပြီး ဖြစ်ပါတယ်၊ လက်ရှိ မှာ ဩစတေးသျ က တနှစ်လျင် ဒေါ်လာ လေးသိန်း အကုန်အကျ ခံပြီး တိုက်ခိုက်ရေး မဟုတ်တဲ့ လူသားချင်း အကူအညီပေးရေး ဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများ၊ အင်္ဂလိပ်စာ သင်တန်းများ နဲ့ ငြိမ်းချမ်းရေး ထိမ်းသိမ်းရေး ဆောင်ရွက်ပုံများကို လေ့ကျင့်ပေးနေဆဲ ဖြစ်ပါတယ်။
သို့သော်လည်း အီးယူ၊ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ် နှင့် ကနေဒါ နိုင်ငံများကတော့ မြန်မာ တပ်မတော်ကို အကူအညီပေးနေသည့် အစီအစဉ်များကို ဖြတ်တောက်ခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်ကတော့ ၎င်းတို့ရဲ့ နာမည်ကျော် မက်နစ်စကီး အက်ဥပဒေ နဲ့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို အရေးယူ ခဲ့တဲ့ အတွက် အမေရိကန်ကို ခြေချခွင့် မရှိတော့တဲ့ အပြင်၊ အမေရိကန် နိုင်ငံသား မှန်သမျှ သူနှင့် ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ အတူ လုပ်ကိုင်ခွင့် မရှိ ဖြစ်သွားခဲ့ရပါတယ်။ ဒါ့အပြင် သူရဲ့ ပိုင်ဆိုင်မှု တွေ အားလုံးလည်း အမေရိကန်မှာ ရှိနေခဲ့ရင် ထိမ်းချုပ်ထားမှာလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂကလည်း မြန်မာတပ်ဖွဲ့များ ကို ၎င်းတို့ရဲ့ ကမ္ဘာတဝှမ်း ငြိမ်းချမ်းမှု ထိမ်းသိမ်းရေး လုပ်ငန်း တွေ မှာ ပါဝင်ခွင့် ကို မနှစ်က ရုပ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ သတင်းစာက ဆိုပါတယ်။ ကုလသမဂ္ဂကတောင် အယုံအကြည်မရှိတော့တဲ့ မြန်မာ တပ်ဖွဲ့ဝင်တွေကို ဩစတေးသျှ က ဘယ်အတွက်ကြောင့် လေ့ကျင့်ပေးဖို့ လိုနေသနည်းဟု လူ့အခွင့် အရေး အဖွဲ့တွေက မေးခွန်းထုတ်လာခဲ့ကြပါတယ်။
အကယ်၍ ဩစတေးသျက ရပ်ဆိုင်းလိုက်မယ် ဆိုရင် မြန်မာ တပ်မတော်အား ပရိုဖက်ရှင်နယ် အာမီ ဖြစ်ရန် အနောက်နိုင်ငံများက ၂၀၁၂ နောက်ပိုင်း လေ့ကျင့်သင်ကြားပေးနေတဲ့ အခွင့်အရေး တွေ အားလုံး ပြန်ဆုံးရှုံးသွားပြီး ယခင်ကလို ဒုံရင်း ဒုံရင်း ဖြစ်တဲ့ ရုရှား နဲ့ အိန္ဒိယ ဆီကပဲ သင်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
ဒီနေ့ ထွက်ပေါ်လာတဲ့ သတင်းတပုဒ်အရ မြန်မာ တပ်မတော်ကနေ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပေးခဲ့တဲ့ လွတ်လပ်သော စုံစမ်းရေး ကော်မရှင် အစီရင်ခံစာပါ စွပ်စွဲမှု များအတွက် စစ်ခုံရုံး ဖွဲ့ပြီး စတင် စစ်ဆေးတော့မယ်လို့ တပ်မတော်ရဲ့ ဝက်ဆိုဒ်မှာ သတင်း ဖေါ်ပြထားတယ်လို့ ရိုက်တာ သတင်းက ဆိုပါတယ်။
အဓိက ပြစ်မှု ကျူးလွန်တဲ့ ဒေသတွေကတော့ မောင်နု နဲ့ ချပ်ပြင် ကျေးရွာများ ဖြစ်ပြီး မောင်နု ကျေးရွာ တွင် အိမ်တအိမ် အတွင်း ခိုအောင်းနေတဲ့ မူဆလင် ၂၀၀ ခန့်အား သတ်ဖြတ်ခဲ့ပြီး ချပ်ပြင်မှာလည်း ရော်ကက် လောင်ချာများ သုံးပြီး ပြစ်ခတ် ခဲ့လို့ နောက်ထပ် ဒါဇင်ပေါင်း များစွာ သတ်ဖြတ်ခံရတယ်လို့ အစီရင်ခံစာထဲမှာ ပါလာတာကို အဓိက ထား စုံစမ်း အရေးယူ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ခုံရုံးရဲ့ အစီရင်ခံစာ အား မကြာမီ ထုတ်ပြန်သွားမယ်လို့ လည်း ဝက်ဆိုဒ်မှာ ဖေါ်ပြထားပါတယ်။
နောက်ထပ် ထူးခြား ဖြစ်စဉ်တရပ်အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကကြီး ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦး အား ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးရာ နှင့် လုံခြုံရေး ဝန်ကြီး က ၇၅ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနား တက်ရောက်နိုင်မှု ရှိမရှိ အိမ်သို့ လာရောက် မေးမြန်း စုံစမ်းသွားတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးအား ၁၉၇၆ မတ်လတွင် ရာထူးမှ အတင်းအကျပ် အနားယူခိုင်းပြီး နောက်တွင် တပ်မတော်နေ့ အခမ်းအနား သို့ တက်ရောက်ရန် တခါဖူးမျှ ဖိတ်ကြားခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။